၂၀၁၉-၂၀ ဘောလုံးရာသီ ချန်ပီယံ လိဂ်ပြိုင်ပွဲအတွက် အုပ်စုအဆင့် မဲခွဲမှုတွေကို ယမန်နေ့ ကမိုနာကို မြို့မှာ ကျင်းပသွားခဲ့ပါတယ်။သက်ဆိုင်ရာ အုပ်စု ခွဲဝေမှုတွေ အသီးသီး ထွက်ပေါ်လာ အပြီးမှာတော့ မရဏ အုပ်စုအဖြစ်အုပ်စု F ကို အများက တညီတညွတ်ထဲ ရွေးချယ်ခဲ့ ကြပါတယ်။

အုပ်စု F မှာ ပါဝင်နေတဲ့ အသင်းတွေကတော့စပိန်ထိပ်သီး ဘာစီလိုနာ၊ ဂျာမန် အသင်းကောင်းတသင်းဖြစ်တဲ့ ဒေါ့မွန်၊ စီးရီးအေ အသင်းကြီးတသင်းဖြစ်တဲ့အင်တာမီလန်၊ ချက်နာမည်ကြီး စလားဗီးယားပရက် ဖြစ်ပါတယ်။ဥရောပရဲ့ အသင်းကောင်း၃သင်း၊ ချက်ပြည်တွင်းလိဂ်ချန်ပီယံတို့ပါဝင်နေတာကြောင့်လည်းပွဲကောင်းတွေမြင်ရဖို့ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ နောက်ပိုင်း နှစ်တွေ အတွင်းချန်ပီယံ လိဂ်မှာ ဗိုလ်စွဲဖို့ဦးစားပေး ရည်မှန်ချက်ထားကြိုးစားနေခဲ့ပေမယ့် ဖိုင်နယ် အဆင့်ထိတောင် မရောက်နိုင်ထားခဲ့သေးတာဖြစ်ပါတယ်။ဒါပေမယ်ဆနိုက်ဒါကတော့ အခုနှစ်အတွက် ချန်ပီယံလောင်းစာရင်း မှာ လီဗာပူးနဲ့ အတူ ဘာစီလိုနာ အသင်းကိုပါ တစ်ပေးပြောဆိုသွားခဲ့ပါတယ်။

ဟော်လန် ကွင်းလယ်တိုက်စစ် ကစားသမား တဦးဖြစ်တဲ့ ဆနိုက်ဒါဟာ မကြာသေးမီကမှ ကစားသမားဘဝကနေ အနားယူထားခဲ့တာဖြစ်ပြီး မိုနာကို မှာကျင်းပခဲ့တဲ့ မဲခွဲပွဲ မှာတော့ ပါဝင်ကူညီတင်ဆက်ပေးခဲ့ပါတယ်။လီဗာပူးနဲ့ ဘာစီလိုနာ အသင်းက ချန်ပီယံအတွက် ရေပန်းအစားဆုံး အဖြစ်ရှိနေပေမယ့် သူ့ရဲ့ အသင်းဟောင်း အင်တာတို့ အောင်မြင်မှုရဖို့ကိုလည်း ဆနိုက်ဒါက မျှော်လင့်နေပါတယ်။

အင်တာမီလန် အသင်းဟာ အခုနွေမှာ ပြောင်းလဲ မှုတွေပြုလုပ်ထားတဲ့ အသင်းဖြစ်ပြီး နည်းပြသစ်အဖြစ် ချဲဆီးလ်နဲ့ ဂျူဗီ နည်းပြဟောင်း ကွန်တီ ကို ခန့်အပ်ထားပါတယ်။ဒါ့အပြင် ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး လူကာကူအပါအဝင် ကစားသမားကောင်းတွေကိုလည်းခေါ်ယူထားပါတယ်။

အသင်းအတွက် အဖွင့်ပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒီဘယ်ဂျီယံတိုက်စစ်ကစားသမားကြောင့် အင်တာတို့ ပြည်တွင်းမှာကောဥရောပမှာပါ အောင်မြင်နိုင်ဖို့ ဆနိုက်ဒါက မျှော်လင့်နေတာလည်းဖြစ်ပါတယ်။Sky sports italia နဲ့ အင်တာဗျူး မှာ ဆနိုက်ဒါက –

” အခုမှာ ရာသီစတင်တာဖြစ်လို့ ဘာတွေ မြင်တွေ့သွားရမယ်ဆိုတာပြောဖို့ ခက်ပါတယ်။ဒါကြောင့်လည်း မသေချာမှုတွေ သံသယတွေ အချို့တော့ ရှိနေပါသေးတယ်။ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ကစွမ်းဆောင်ရည်တွေ အပေါ် အခြေခံပြီးပြောရမယ်ဆိုရင်တော့ ဘာစီလိုနာနဲ့ လီဗာပူးတို့က ရေပန်းအစားဆုံးလို့ ပြောလို့ရပါတယ်။

အင်တာမီလန် အသင်းကလည်း တိုးတက်မှုတွေ တော့ အများကြီးရှိထားပါတယ်။ကွန်တီလို နည်းပြရဲ့ လက်အောက်မှာ စရောက်နေပြီး လူကာကူလို စူပါစတား တယောက်ကိုလည်း ခေါ်ယူထားပါတယ်။သူတို့အသင်းအရမ်းအကောင်းဆုံးတွေဖြစ်ဖို့ နဲ့ စီးရီးအေ နဲ့ ချန်ပီယံလိဂ်မှာ ကြီးကျယ်ခန်းနားတဲ့ ရာသီတခုပိုင်ဆိုင်နိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အင်တာမီလန် အသင်းဟာ လူကာကူ ကို ကျောနံပါတ် ၉ကို ပေးထားခဲ့ပေမယ့် မူလပိုင်ရှင် တိုက်စစ်မှူး အိုင်ကာဒီကတော့ အခုထိ အသင်းမပြောင်းရသေးတာဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေ မှာပါဝင်ခြင်း မရှိတော့တဲ့ ဒီကစားသမားကို အသင်းကနေ ထွက်အောင် ဖိအားပေးနေခဲ့တာဖြစ်ပါတယ်။

အိုင်ကာဒီ နဲ့ အင်တာမီလန် တို့ကြားပြသနာ တွေနဲ့ ပတ်သက်ပြီး ဆနိုက်ဒါက – ” ကျွန်တော်ဟာ အိုင်ကာဒီ နဲ့ ပုဂ္ဂိုလ်ရေး အရမသိပါဘူး။သူနဲ့ ဘယ်တုန်းက မှလည်း အလုပ်တွဲမလုပ်ထားခဲ့ဖူးပါဘူး။ဒါကြောင့် လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ကျွန်တော် မပြောနိုင်ပါဘူးဗျာ ” လို့ပြောသွားခဲ့ပါတယ်။

အင်တာမီလန် အသင်းဟာ ယမန်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာလည်း ဘာစီလိုနာ အသင်းနဲ့ အတူကျရောက်ခဲ့ဖူးတာဖြစ်ပါတယ်။ထိုစဉ်ကတော့ သူတို့ ဟာ အုပ်စုပွဲတွေအပြီး တတိယနေရာသာ ရခဲ့လို့ ၁၆ သင်းအဆင့်ကို မတက်ရောက်နိုင်ခဲ့ပဲ ယူရိုပါလိဂ်ကို ဆင်းထားခဲ့ရတာဖြစ်ပါတယ်။

SM