အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က တော့တင်ဟမ် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဒဏ်ရာရ ကစားသမားတွေရဲ့ကြံ့ခိုင်မှု အခြေအနေကို ရှင်းလင်း ပြောကြား သွားခဲ့ပါတယ် ။

 

 

အမ်မရီ က ရောဘ့်ဟိုလ်းဒင်းဟာ ယူ-၂၃ အသင်းနဲ့ ပွဲချိန်ပြည့် ကစားနေပြီ ဖြစ်ပေမယ့် တော့တင်ဟမ် အသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာတော့ ပါဝင် ကစားဖို့ အဆင်သင့် မဖြစ်သေးကြောင်း နဲ့ တီယာနေး၊ဘယ်လာရင်တို့ကတော့ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ ပြန်ကစားနိုင်ဖို့ မျှော်မှန်းထားကြောင်း ဆိုပါတယ်။

အမ်မရီ က ရောဘ့်ဟိုလ်းဒင်းရဲ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ” ရောဘ့်ဟိုလ်းဒင်းက ကျနော်တို့နဲ့ လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်ပြီး ယူ-၂၃ အသင်းနဲ့ ကစား နေပါတယ်။တနင်္ဂနွေနေ့မှာ ကျနော်တို့နဲ့ ကစားဖို့ ရာနှုန်းပြည့်တော့ မဖြစ်နိုင်သေးပါဘူး။

 

” သူ့ကို ယူ-၂၃ အသင်းနဲ့ ကစားခိုင်းထားပြီး သူ့ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းကို စောင့်ကြည့် နေပါတယ်။သူ့ရဲ့ ကြံ့ခိုင်မှုက တိုးတက်ကောင်းမွန်နေတာကြောင့် ကစားဖို့တော့ အဆင်ပြေနေပါပြီ၊ ဒါပေမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ပွဲမှာ ကစားဖို့အတွက်တော့ အဆင်သင့် မဖြစ်သေးပါဘူး။”လို့ ဖြေကြား သွားခဲ့ပါတယ်။

အာဆင်နယ် အသင်း လူငယ် နောက်ခံလူ ဟိုးလ်ဒင်း ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်း က ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပွဲမှာ ရက်ရှ်ဖိုဒ့် ရဲ့ ဖျက်ထုတ်မှုကြောင့် ဘယ်ဘက် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ရရှိသွားပြီး ကာလရှည်ကြာ အနားယူ နေရတာလည်း ဖြစ်ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ လူငယ် နောက်ခံ လူ ဟိုးလ်ဒင်း ဟာ ဒဏ်ရာ မရခင်တုန်းက နောက်တန်း မှာ ဆိုကရက်တစ် နဲ့ အတွဲညီညီ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီအစ အာဆင်နယ် အသင်း ၂၂ ပွဲ ဆက် ရှုံးပွဲမရှိခဲ့တဲ့ အချိန်တုန်းက အားကိုးခဲ့ရသူလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ဟိုလ်းဒင်း ပါဝင် ကစားတဲ့ပွဲတွေမှာ အာဆင်နယ် အသင်းဟာ ရှုံးပွဲ လုံးဝ မရှိခဲ့ဘဲ သူ့ရဲ့ ခြေစွမ်းပိုင်း ဟာလည်း အကောင်းဆုံး အနေအထားကို ရောက်ရှိ ခဲ့ပါတယ် ။ ဟိုးလ်ဒင်း ဒဏ်ရာ ရသွားတဲ့ အချိန်မှာတော့ အာဆင်နယ် အသင်းဟာ ရလဒ်ပိုင်း ယိမ်းယိုင်သွားခဲ့ပြီး ရာသီကုန်ခါနီးမှာလည်း နောက်တန်း အမှားတွေကြောင့် ရသင့်တဲ့ အမှတ်တွေ ဆုံးရှုံး ခဲ့ရပါတယ် ။

ဆက်လက်ပြီး အမ်မရီ က တီယာနေး၊ဘယ်လာရင်တို့ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” သူတို့ နှစ်ယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာမယ့် အချိန်ကို ကျနော်တို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးဖို့ လိုအပ်ပါတယ်။ ”

” အခုအချိန်မှာတော့ တနင်္ဂနွေနေ့ပွဲအတွက်ပဲ အာရုံစိုက် ပြင်ဆင် နေပါတယ်။အဲ့ဒီပွဲပြီးရင်တော့ နိုင်ငံတကာ ပွဲစဉ်တွေကြောင့် နားရက် နှစ်ပတ် အထိ ရထားပါတယ်။အဲ့ဒီ အချိန်မှာ သူတို့ အသင်းအတွက် ပြန်လည် ကစားပေးနိုင်ဖို့ ဘယ်လောက်အထိ နီးစပ်မှု ရှိနေပြီလဲဆိုတာ စမ်းသပ် စစ်ဆေးသွားမှာပါ။” လို့ ဖြေကြား သွားခဲ့ပါတယ်။

SPORTS MYANMAR