မနေ့ည က ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲမှု များ ပြုလုပ် ခဲ့ရာ ချယ်လ်ဆီး အသင်း ဟာ အုပ်စု H မှာ နယ်သာလန်လိဂ် ချန်ပီယံ အေဂျက်ဇ် ၊ လာလီဂါ ကလပ် ဗလင်စီယာ ၊ လီဂူးဝမ်း ကလပ် လိုင်လီ အသင်း တွေနဲ့ ကျရောက်လျက် ရှိနေပါတယ် ။ ဒါဟာ ချယ်လ်ဆီး အသင်း အတွက် အုပ်စု အရမ်းလည်း မကျပ်သလို ၊ အရမ်းလည်း မချောင်ဘူး လို့ သတ်မှတ် ရနိုင်ပါတယ် ။

ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတဲ့ ချယ်လ်ဆီး အသင်း ဟာ လူငယ် ကစားသမား အများစု နဲ့ ဒီနှစ် ဘောလုံး ရာသီ ကို ရှေ့ဆက် နေတာကြောင့် လက်ရှိ မှာ ထိပ်တိုက် တွေ့ဆုံမယ့် ချန်ပီယံလိဂ် အုပ်စု အဆင့် က ပြိုင်ဖက် တွေဟာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် အတွက်တော့ စိန်ခေါ်မှုကောင်း ဖြစ်လာ နိုင်ပါတယ် ။

၁ ။ အေဂျက်ဇ်

ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့် အထိ တက်ရောက် ခဲ့တဲ့ အေဂျက်ဇ် အသင်း ဟာ လူငယ် ကြယ်ပွင့် ကစားသမား အများအပြား ကို မွေးထုတ် ပေးခဲ့သလို ၊ အသွင်သစ် နဲ့ တိုက်စစ် ကစားဟန် ကို ပြသ နိုင်ခဲ့တဲ့ အသင်း အဖြစ် လူသိများ စေခဲ့ပါတယ် ။ သို့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ခြေစွမ်း အပြဆုံး လူငယ် ကြယ်ပွင့် ၂ဦး ဖြစ်တဲ့ ဖရန်ကီ ဒီဂျောင် နဲ့ ဒီလစ် တို့ကို ဥရောပ အင်အားကြီး ဘာစီလိုနာ နဲ့ ဂျူဗင်တပ် အသင်း တွေထံ အသီးသီး ရောင်းချ ခဲ့တာကြောင့် အတော်လေး အင်အား လျော့နည်း နိုင်ခဲ့ပါတယ် ။

လက်ရှိ မှာ အေဂျက်ဇ် က စောင့်ကြည့် ရမယ့် ကစားသမား တွေ ဆိုလို့ တောင်ပံ ကစားသမား ဇိုင်းယက်ခ်ျ ၊ ဒေးဗစ် နီးရက်စ် နဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဗန်ဒီဘိခ် တို့ပဲ ရှိပါတော့တယ် ။ သို့ပေမယ့် လည်း အေဂျက်ဇ် အသင်း ကို အောင်မြင်အောင် စွမ်းဆောင် ပေးထားတဲ့ နည်းပြ တန်ဟက် ဆက်လက် ရှိနေသေးတာကြောင့် ၄င်းရဲ့ ဘောလုံး ဒဿန ၊ အတွေးအခေါ် တွေနဲ့ အေဂျက်ဇ် ကို ဘယ်လို အဆင့် ထိ ဆွဲခေါ် ပေးမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။

အုပ်စု H မှာတော့ ချယ်လ်ဆီး အသင်း ပြီးရင် အင်အား အကြီးဆုံး ဖြစ်နေတာကြောင့် အေဂျက်ဇ် ဟာ ချယ်လ်ဆီး အသင်း အတွက် အဓိက ပြိုင်ဖက် ဖြစ်လာ နိုင်ပါတယ် ။ သို့ပေမယ့် လည်း ချန်ပီယံလိဂ် သမိုင်းကြောင်း တလျှောက် ဒီ ၂သင်း တကြိမ်တခါ မှ ထိပ်တိုက် တွေ့ဆုံ ခဲ့ခြင်း မရှိခဲ့တာ ကလည်း ဘယ်လို ရလဒ် တွေ ထွက်ပေါ် စေမလဲ ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။

၂ ။ ဗလင်စီယာ

ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်ခဲ့တဲ့ ဗလင်စီယာ အသင်း ဟာ လာလီဂါ မှာတော့ အဆင့် ၄ နေရာ ရရှိ ခဲ့လို့ အခုလို ချန်ပီယံလိဂ် အုပ်စု တိုက်ရိုက် ဝင်ခွင့် ကို ရရှိ ခဲ့ပါတယ် ။ ဗလင်စီယာ ရဲ့ လက်ရှိ တိုက်စစ်အား ကလည်း လျှော့တွက် လို့ မရတဲ့ အနေအထား မှာ ရှိနေပြီး မက်ဆီ ဂိုမက်ဇ် ရဲ့ တိုက်စစ် တိုးအား ၊ ပေါ်တူဂီ လက်ရွေးစင် ဂွီဒက်စ် ရဲ့ လျင်မြန်မှု တွေက ချယ်လ်ဆီး အသင်း ကို ဒုက္ခ ကောင်းကောင်း ပေးနိုင်ဆဲ ဖြစ်ပါတယ် ။

ဗလင်စီယာ ဟာ ပြီးခဲ့တဲ့ ရာသီ က ချန်ပီယံလိဂ် အုပ်စု အဆင့် ဝင်ခဲ့သလို အင်္ဂလန် ကလပ် မန်ချက်စတာ ယူနိုက်တက် နဲ့ တအုပ်စုတည်း ကျခဲ့ပေမယ့် အဆုံးမှာ အဆင့် ၃ နဲ့ ယူရိုပါလိဂ် ကို ဆင်းလာ ခဲ့ရပါတယ် ။ ယူရိုပါလိဂ် မှာလည်း ဆီမီးဖိုင်နယ် အဆင့်မှာ အင်္ဂလန် ကလပ် အာဆင်နယ် အသင်း နဲ့ ထပ်မံ ရင်ဆိုင် ခဲ့ရပြီး ၂ကျော့စလုံး အရေးနိမ့် ကာ ဖိုင်နယ် ကို တက်ရောက် နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

ချယ်လ်ဆီး အသင်း ဟာ ဗလင်စီယာ အသင်း နဲ့တော့ ဘောလုံး ရာသီ ၂ခု မှာ ထိပ်တိုက် တွေ့ဆုံ ခဲ့ဖူးပြီး ၆ပွဲ ရင်ဆိုင် ခဲ့ရကာ ချယ်လ်ဆီး အသင်း ဟာ ၃ပွဲနိုင် ၊ ၃ပွဲ သရေ နဲ့ ရှုံးပွဲ လုံးဝ မရှိခဲ့ပါဘူး ။ ထို့အပြင် ထူးခြားတာ တခု က ဗလင်စီယာ နဲ့ ရင်ဆိုင် ခဲ့ရတဲ့ ဘောလုံး ရာသီ ၂ခုလုံး မှာ ချယ်လ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် ဖိုင်နယ် ကို တက်ရောက် နိုင်ခဲ့ပါတယ် ။

၃ ။ လိုင်လီ

အတောက်ပဆုံး လူငယ် ကြယ်ပွင့် နီကိုးလက်စ် ပီပီ ကို အာဆင်နယ် အသင်း ထံသို့ စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောင်းချ ခဲ့တဲ့ လိုင်လီ အသင်း ဟာ ဟာဇတ် မရှိတော့တဲ့ ချယ်လ်ဆီး အသင်း ရဲ့ အသွင် နဲ့ ဆင်တူ နေပါတယ် ။ အုပ်စု H က အသင်း တသင်း နဲ့ တသင်း ခြေစွမ်း မတိမ်းမယိမ်း ဖြစ်နေပေမယ့် လိုင်လီ အသင်း ဟာ ထိုအထဲ မှာမှ အားအနည်းဆုံး အသင်း လို့ ယူဆ ရပါတယ် ။

ပီအက်စ်ဂျီ အသင်း က လူငယ် တိုက်စစ်မှူး တင်မသီ ဝီယာ ၊ ဘိုင်ယန်မြူးနစ် အသင်း က ကွင်းလယ်လူ ရီနာတို ဆန်းချက်စ် အစရှိတဲ့ လူငယ် ခြေတက် အများစု ကို ခေါ်ယူ အားဖြည့်ထားတဲ့ လိုင်လီ ဟာ မထင်ရင် မထင်သလိုတော့ ၄င်းရဲ့ အင်အားကြီး ပြိုင်ဖက် တွေကို ခြိမ်းခြောက် လာနိုင်ပါတယ် ။

ခန့်မှန်းချက်

နောက်တဆင့် တက်ဖို့ အတွက် လက်ရှိ အုပ်စု H က အသင်းတိုင်း မှာ ဆတူ အခွင့်အရေး ရှိနေကြပြီး ဘယ် အသင်း က အုပ်စု အဆင့် က လွန်မြောက် နိုင်မလဲ ဆိုတာ ခန့်မှန်း ရခက်ပါတယ် ။ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် သာ ကစားသမား ဘဝ က သူ့ရဲ့ ချန်ပီယံလိဂ် အတွေ့အကြုံ တွေကို အသုံးချ နိုင်မယ် ဆိုရင်တော့ အနည်းဆုံး အုပ်စု ဒုတိယ နဲ့ ၁၆ သင်း ရှုံးထွက် အဆင့် ကို တက်ရောက် နိုင်ပါတယ် ။ ကျန်တဲ့ တနေရာ ကိုတော့ ကျန်သုံးသင်း က အပြိုင်အဆိုင် လုရနိုင်ပါတယ် ။

SPORTS MYANMAR