ဂန်းနားတို့ရဲ့တိုက်စစ်မှူးဟောင်း အီယန်ရိုက်က အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ အနေနဲ့ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုသင့်ကြောင်း နဲ့ ပီပီ-လာကာဇက်-အူဘာမီယန်း တိုက်စစ်အတွဲအပြင် တော်ရီးယားကိုလည်း ပွဲထွက် အသုံးပြုသင့်ကြောင်း တိုက်တွန်း အကြံဉာဏ်ပေးသွားခဲ့ပါတယ်။

ဒါ့အပြင် အီယန်ရိုက် က လီဗာပူး အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ နည်းပြ အမ်မရီ အသုံးပြုခဲ့တဲ့ စိန်ပွင့်ပုံ ကစားကွက်ကို ပြင်းပြင်းထန်ထန် ​ဝေဖန်ခဲ့တဲ့ အကြောင်းအရင်းကိုလည်း ရှင်းလင်း ပြောကြား သွားခဲ့ပြီး စပါးအသင်းနဲ့ ပွဲမှာတော့ ၄-၃-၃ ကစားကွက်ကို ပြောင်းလဲ အသုံးပြု သင့်ကြောင်း ဆိုပါတယ်။

အီယန်ရိုက် က သူ့ရဲ့ ကိုယ်ပိုင် You Tube Channel မှာ ” ကျနော် အရင်အပတ်က ပြောခဲ့တဲ့ စိန်ပွင့်ပုံ ကစားကွက်အကြောင်း ပရိသတ်တွေကလည်း ဝေဖန် ထောက်ပြ နေကြပါတယ်။ကျနော့် အမြင်ကတော့ အဲ့ဒီပွဲမှာတုန်းက လီဗာပူး အသင်း ကစားသမားတွေ ကောင်းကောင်း ကစားနိုင်တဲ့ နေရာတွေကို အာဆင်နယ်က စိတ်ကြိုက်ကစားခွင့် ပေးလိုက်သလို ဖြစ်သွားတာပါ။”

” တော်ရီးယား ရဲ့ သွင်းဂိုးတစ်ဂိုး အပြင် ကျနော်တို့ အပိုင် အခွင့်အရေး နှစ်ကြိမ် ရခဲ့ပါတယ်။ပီပီ၊လာကာဇက်၊အူဘာမီယန်း၊တော်ရီးယား တို့ တွဲကစားကြတဲ့ အချိန်မှာ ကျနော်တို့ ဂိုးရခဲ့ပါတယ်။ဒါက ကျေနပ်စရာပါ။ခင်ဗျားတို့လည်း ကွင်းထဲမှာ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကို မြင်ချင်ကြမှာပါပဲ။”

” နောက်ပြီးတော့ ကျနော်တို့ ရခဲ့တဲ့ ဂိုးကလည်း ပြိုင်ဘက် ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန် နဲ့ အက်ဒရီယန်တို့ရဲ့ အမှားကြောင့်လို့ ခံစားရပါတယ်။ဒါပေမယ့် ရာသီအစမှာ ဒီလောက်အထိ လုပ်ပြထားနိုင်တာကို ဂုဏ်ယူရမှာပါ။ကျွန်တော်တို့ ဘယ်လောက်အထိ လုပ်ပြနိုင်သလဲဆိုတာ နောက်လာမယ့်ပွဲတွေမှာ ပြသသွားရမှာပါ။”

” လူတွေက အသင်းရှုံးတိုင်း ဝင်းဂါး ကြောင့်လို့ ပြောနေကြပါတယ်၊အခု လက်ရှိ အသင်းက ဝင်းဂါး ထွက်ခွာသွားတုန်းကထက် ပိုကောင်းနေပါပြီ။ကျနော်တို့မှာ ပြိုင်ဘက်ကို ဒုက္ခပေးနိုင်တဲ့ တိုက်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင် နေပါပြီ။ ”

” ကျနော်ကိုယ်တိုင်လည်း တိုက်စစ် သုံးယောက် အတွဲကို မြင်ချင်ပါတယ်။အူနိုင်း အမ်မရီ အနေနဲ့ သူ့ရဲ့ နည်းစနစ် အရ နောက်ပွဲတွေမှာ အသုံးပြုမယ်လို့ ထင်ပါတယ်။လီဗာပူး လောက် မကောင်းတဲ့ အသင်းနဲ့ ကစားရတဲ့ အခါမှာ ပိုအလုပ် ဖြစ်မယ်လို့ ထင်ပါတယ်။”

” လီဗာပူးနဲ့ ပွဲက ခက်ခဲမယ်ဆိုတာ ကျနော် ကြိုတင် တွေးမိခဲ့ပါတယ်။ကျနော်တို့ နှစ်ပွဲဆက် နိုင်ပြီး အရှိန်ကောင်းနေတဲ့ အချိန်မှာ ရှုံးသွားတော့ အနည်းငယ်တော့ စိတ်ဓတ်ကျသွားနိုင်ပါတယ်။ဒါပေမယ့် ဒါဘီပွဲမှာ ပြန်လည် ပေါက်ကွဲ ပြရတာလောက် ကောင်းတာ မရှိပါဘူး ၊ ကျနော်တို့ အသင်းအနိုင်ရမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ် ။” လို့ ဆိုပါတယ်။

SPORTS MYANMAR