ပရီးမီးယားလိဂ် ခေတ်ဦးမှာ ယူနိုက်တက် အသင်းနဲ့ အပြိုင် လွှမ်းမိုး ထားနိုင်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ နောက်ပိုင်း နှစ်တွေ မှာတော့ ထိပ်ဆုံး လေးသင်းဝင်ဖို့ တောင် အနိုင်နိုင် ဖြစ်နေခဲ့ရတာ ဖြစ်ပါတယ်။၂၀၀၃- ၀၄ ဘောလုံးရာသီမှာ ရှုံးပွဲမရှိ ပဲ ပရီးမီးယားလိဂ်ဖလားကြီးကို ကိုင်မြောက်ထားနိုင်ခဲ့ပေမယ့် ပြည်တွင်းလိဂ်အောင်မြင်မှုတွေနဲ့ သူတို့ဝေးနေခဲ့တာဆယ်စုနှစ်
တခုကျော်ကြာနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလတွေအတွင်းအာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားခဲ့ပေမယ့် အာဆင်ဝင်းဂါး လက်ထက်နှောင်းပိုင်းနဲ့ နည်းပြသစ် အမ်မရီလပ်ထက် အထိ အဆိုပါပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်နေခဲ့တာဖြစ်ပါတယ်။ကွင်းလယ်လူတဦး ဖြစ်တဲ့ ရှာကာ ကတော့ အာဆင်နယ်အသင်းဒီရာသီမှာ Top 4 အတွင်းပြန်လည်ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။

အမ်မရီရဲ့ ဦးဆောင်မှု အောက်မှာ ဆုဖလား အောင်မြင်မှုတွေ အတွက်ကြိုးပမ်းသွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လေးနှစ်ဆက် ဝေးကွာမယ့်အရေးကနေ ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ရှာကာကယုံကြည်နေပါတယ်။ဒါပေမယ့် လီဗာပူးလို အဆင့်အတန်းကို ရောက်နိုင်ဖို့ ကတော့ လေးနှစ်လောက် အချိန်ယူရဦးမှာဖြစ်တယ် လို့ သူကဆိုပါတယ်။

အင်တာဗျူး တခုမှာရှာကာက – ” လီဗာပူး အသင်းမှာ နည်းပြကြီး ကလော့ပ်နဲ့ အသင်းသားတွေ အလုပ်အတူ တွဲလုပ်နေခဲ့တာ ၃နှစ် သို့မဟုတ် ၄နှစ်လောက်ရှိနေပြီ ဆိုတာကို ကျွန်တော် တို့ သိကြပါတယ်။ကျွန်တော်တို့ကတော့ ယမန်နှစ်လောက်ကမှ ဝန်ထမ်းအသစ်တွေ ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ အသင်းတိုးတက်နေခဲ့တယ်ဆိုပေမယ့် လည်း အချိန် နည်းနည်းလောက်ယူရဦးမှာ ဖြစ်ပါတယ်။လီဗာပူး အသင်းနဲ့ အတူ ကလော့ပ်ရဲ့ ပထမဆုံးပရီးမီးယားလိဂ်ရာသီဟာ အကောင်းဆုံးတော့ မဖြစ်ခဲ့ပါဘူး။ဒါပေမယ့် ၃၊ ၄ နှစ်ကျော်လောက် အတူတကွ ကြိုးစား မယ်ဆိုရင်ဘယ်လောက်အထိတိုးတက်နိုင်တယ်ဆိုတာ ခင်ဗျားတို့ မြင်ရမှာဖြစ်ပါတယ်။

လာမယ့် ၃၊ ၄ နှစ်လောက် အတွင်း ကျွန်တော်တို့ အသင်းဘယ်နေရာကိုရောက်ရှိနိုင်မယ်ဆိုတာ လက်ရှိသူတို့ အသင်းက နမူနာကောင်း တခုလည်းဖြစ်ပါတယ်။ဒါပေမယ့် အခုနှစ်မှာလည်း ကျွန်တော်တို့ ထိပ်ဆုံး လေးသင်းအတွင်းပြန်လည်ဝင်ရောက်ပြီး ကောင်းမွန်တဲ့ ရာသီတခုဖြစ်အောင်လုပ်ဆောင်ချင်ပါတယ်။

အန်ဖီးလ်မှာကစားခဲ့တဲ့ ပွဲမှာတော့ ကျွန်တော်တို့ အရေးနိမ့်ခဲ့ပါတယ်။တခါတရံ မှာ ရှုံးပွဲတွေဆိုတာရှိတတ်ပြီး အဲ့ဒီနေရာမှာ ရှုံးတာက ကျွန်တော်တို့ တသင်းတည်းမဟုတ်ပါဘူး။ကျွန်တော်တို့ အတွက် ဆိုးရွားတဲ့ ပွဲတပွဲ ဖြစ်ခဲ့တယ်လို့ လည်း မယူဆပါဘူး။

ကျွန်တော်တို့ရဲ့ ခံစစ် ကစားပုံဟာ အရမ်းကို တောင့်တင်းခဲ့ ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ပေးလိုက်ရတဲ့ ပထမဂိုးက ကျွန်တော်တို့ကို သတ်လိုက်သလိုဖြစ်ခဲ့တာပါ။ဒါပေမယ့် ဒီပွဲဟာ အတိတ်မှာ ကျန်နေခဲ့ပြီ ဖြစ်ပြီး အနာဂတ်အကြောင်းကို ပဲ ပြောချင်ပါတယ်။တနင်္ဂနွေနေ့ မှာ ကစားမယ့် ပွဲက ဘယ်လောက်အထိ ကြီးကျယ်တယ်ဆိုတာကို လည်းကျွန်တော်တို့နားလည်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ပွဲစဉ် ၃အပြီးမှာ ၂ပွဲအနိုင် ၁ပွဲရှံးရလဒ်နဲ့ အမှတ်ပေးဇယားတတိယနေရာမှာ ရှိနေပါတယ်။သူတို့ ဟာ အခုအပတ် မှာတော့ မြောက်လန်ဒန်ဒါဘီ အဖြစ် စပါးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ခြေညီတဲ့ ၂သင်းရဲ့ ပွဲစဉ်ဖြစ်တယ် လို့ ရှာကာက ယုံကြည်နေပါတယ်။

ရှာကာကဆက် လက်ပြီး – ” ပြီးခဲ့တဲ့ နှစ်တွေ အတွင်း စပါးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အိမ်ကွင်း ပွဲတွေကို ကျွန်တော်တို့ အနိုင်ကစားထားခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ရဲ့အဝေးကွင်းပွဲစဉ်ကို လည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ဒါမျိုးကို လာမယ့်တနင်္ဂနွေမှာလည်းပြသသွားချင်နေပါတယ်။ကျွန်တော်တို့ဟာ ခြေစွမ်းတူညီနီးစပ်နေတဲ့ အသင်းတွေဖြစ်ပါတယ်။နိုင်ငံတကာ ပွဲတွေ မလာမီိမှာ ကစားရမယ့် နောက်ဆုံး ပွဲကို အနိုင်ကစားဖို့က အရေးကြီးပါတယ် ” လို့ပြောခဲ့ပါတယ်။