လီဗာပူး နဲ့ New Balance တို့ အကြား လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ၊ လက်ရှိမှာတော့ ကမ္ဘာကျော် နံမည်ကြီး တံဆိပ် မျိုးစုံက လီဗာပူးထံ ချဉ်းကပ်လျှက် ရှိနေပါတယ်။

New Balance ဟာ မူလ က တစ်ရာသီ ပေါင် သန်း 30 နဲ့ ချုပ်ဆိုထားခဲ့တာ ဖြစ်ပြီး ၊ နောက်ပိုင်းမှာ စာချုပ်ပါ အချက်အလက်တွေ အရ ပေါင် 45 သန်း အထိ တိုးမြှင့်ပေးခဲ့ပါတယ်။

လီဗာပူးဟာ နောက်ပိုင်းမှာ ဥရောပ စင်မြင့်ထက်ဆီ ပြန်လည် တက်လှမ်းလာချိန်မှာတော့ စပွန်ဆာ တန်ဖိုး မြှင့်တင်ဖို့ ကြိုးစားလာခဲ့ပြီး ၊ လက်ရှိ New Balance နဲ့ စာချုပ် သက်တမ်းတိုးဖို့ ကနဦး ဆွေးနွေးခဲ့ပေမယ့် ၊ အဆင်ပြေချင်း မရှိတာကြောင့် ၊ အခြား နံမည်ကြီး တံဆိပ်တွေ အတွက် လမ်းကြောင်း ဖွင့်ပေးလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီး 5 သင်းရဲ့ ဂျာစီ စပွန်ဆာ တန်ဖိုးတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင် လီဗာပူး ရဲ့ ရရှိထားတဲ့ ပမာဏဟာ အနည်းဆုံး ဖြစ်နေပြီး ၊ အာဆင်နယ် ၊ ချဲဆီး တို့ဟာ တစ်ရာသီ ပေါင် သန်း 60 ရရှိထားပြီး ၊ မန်စီးတီး ကတော့ ပေါင် 65 သန်း အထိ ရရှိလျှက် ရှိနေပါတယ်။

မန်စီးတီး ဟာ အခြား သမိုင်းကြောင်း အစဉ်အလာ ကြီးမားခြင်း ၊ ကမ္ဘာ့ပရိသတ် ဦးရေး များပြားခြင်း မရှိသော်လဲ တစ်နှစ် ကို ပေါင် 65 သန်း ရရှိနေတဲ့ အဓိက အကြောင်းအရင်းက Puma ဟာ မန်စီးတီး တစ်သင်းထဲ အတွက် ပေါင် 65 သန်း ပေးချေခဲ့တာ မဟုတ်ပဲ ၊ City Football Group တစ်ခုလုံး အတွက် ဆိုတဲ့ ခေါင်းစဉ် နဲ့ စပွန်ဆာ ပေးခဲ့တာ ဖြစ်ပါတယ်။

အဓိပ္ပါယ်က Puma က ထုတ်လုပ်တဲ့ ဂျာစီတွေကို မန်စီးတီး သာကမ သူတို့ လုပ်ငန်းစု ပိုင်ဆိုင်ထားတဲ့ နယူးယောက် စီးတီး ၊ ဂီရိုနာ နဲ့ အခြား ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ ကလပ်တွေကပါ ၀တ်ဆင်ပေးသွားရမှာပါ။

လီဗာပူးဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့သလို ၊ မနှစ်ကဆိုရင် ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးပြီး ၊ ပရီးမီးယားလိဂ် ဖလားကိုပါ အနီးကပ်ဆုံး စိန်ခေါ်လာနိုင်ခဲ့တာကြောင့် စပွန်ဆာ ပေးချင်တဲ့ အားကစား ပစ္စည်းထုတ်လုပ်သူတွေ က များလာခဲ့ပါတယ်။

အစောပိုင်းမှာ Nike က လက်ရှိ ယူနိုက်တက် ရရှိနေတဲ့ တစ်ရာသီ ပေါင် 75 သန်း တန် စာချုပ်မျိုး နဲ့ ချုပ်ဆိုဖို့ ညှိနှိုင်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ၊ မနေ့ညက ဥရောပ အကောင်းဆုံး ဆုပေးပွဲမှာ လီဗာပူး ကစားသမားတွေ အောင်ပွဲခံခဲ့ပြီး နောက်ပိုင်း Adidas နဲ့ Puma တို့ကပါ တစ်ပြိုင်နက် ချဉ်းကပ်လာခဲ့ကြပါတယ်။

Nike ဟာ လီဗာပူး နဲ့ စာချုပ် ချုပ်ဆိုနိုင်ဖို့ အကောင်းဆုံး အနေအထား မှာ ပိုင်ဆိုင်ထားဆဲ ဖြစ်သည့်တိုင်အောင် ၊ တိုးတက်ရိပ် ပြနေတဲ့ လီဗာပူး ရဲ့ ပုံရိပ်တွေကြောင့် Adidas က စပွန်ဆာကြေး အပြိုင်ပေးကာ ချဉ်းကပ်လာဖွယ် ရှိနေတယ်လို့ FSG နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။

Adidas သာ အပြိုင် ၀င်လာမယ် ဆိုပါက လီဗာပူး ရဲ့ စပွန်ဆာ တန်ဖိုးဟာ မဟာပြိုင်ဘက်ကြီး ယူနိုက်တက်ထက်တောင် ပိုပြီး သာလွန်သွားမှာ ဖြစ်သလို ၊ သမိုင်းကြောင်း တစ်လျှောက် စံချိန်တင် ပမာဏမျိုးနဲ့ မှတ်တမ်းတင်သွားဖွယ် ရှိနေပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာရော ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာပါ ၀င်ငွေ အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာကြောင့် ၊ စံချိန်တင် စပွန်ဆာ စာချုပ်တွေ ထပ်မံ ရရှိဦးမယ် ဆိုပါက သူတို့ အသင်းရဲ့ တန်းဖိုးဟာ မြင့်သထက် မြင့်တာလာဖွယ် ရှိနေပါတယ်။

Adidas ဟာ ပရီးမီးယားလိဂ် မှာတော့ ယူနိုက်တက် နဲ့ အာဆင်နယ် ကို စပွန်ဆာ ပေးထားပြီးပြီ ဖြစ်ပြီး ၊ Nike ကတော့ ချဲဆီး ကို စပွန်ဆာ ပေးထားပါတယ်။