ယနေ့ သောကြာနေ့ ညနေပိုင်းမှာ မိုနာကိုမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု မဲခွဲပွဲကတော့ ပြီးဆုံး သွားခဲ့ပါပြီ။ မနှစ်က ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ တက်ရောက်ခဲ့တဲ့ အာဆင်နယ် အသင်းကတော့ အုပ်စု (F) မှာ ကျရောက် နေပါတယ်။

အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် အုပ်စု(F) မှာ ဂျာမနီ ကလပ် ဖရန့်ဖတ်၊ဘယ်ဂျီယံ ကလပ် စတန်းဒက်လိဂ်၊ပေါ်တူဂီ ကလပ် ဗီတိုးရီးယား အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေပါတယ်။အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် အုပ်စုမဲခွဲရာမှာ မဲအိုး (၁) မှာ နေရာရခဲ့တာကြောင့် ရိုးမား၊ပေါ်တို၊ဆီဗီလာတို့လို အသင်းကောင်းတွေကို ရှောင်ရှား နိုင်ခဲ့ပါတယ်။

အုပ်စု အနေအထားအရ အာဆင်နယ် အသင်း အတွက် နောက်တစ်ဆင့် တက်ဖို့ လွယ်ကူနိုင်ပေမယ့် အုပ်စု ပထမ နေရာအတွက်တော့ ဖရန့်ဖတ် အသင်းနဲ့ ယှဉ်ပြိုင် ရဖွယ် ရှိနေပါတယ်။ယူရိုပါလိဂ် နဲ့ ကံစပ်တဲ့ အူနိုင်း အမ်မရီ တစ်ယောက် ဒီနှစ်မှာကော အာဆင်နယ် အသင်းကို ဘယ်အဆင့်ထိရောက်အောင် ပို့ဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ ။

အာဆင်နယ် အသင်း ရင်ဆိုင်ရမယ့် ပြိုင်ဘက် အသင်းတွေရဲ့ အနေအထားကို သုံးသပ် တင်ပြလိုက်ပါတယ်။

၁။ဖရန့်ဖတ်

အုပ်စုတွင်းမှာ အာဆင်နယ် အသင်းအတွက် အဓိက ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ အသင်းကတော့ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ် အသင်းပါ။ ဖရန့်ဖတ် အသင်းဟာ မနှစ်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့် အထိ တက်ရောက်နိုင်ခဲ့ပြီး ချဲလ်ဆီး အသင်းကို နှစ်ကျော့စလုံး သရေကစားနိုင်ခဲ့ကာ ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ ရှုံးနိမ့် သွားခဲ့ပါတယ်။

ဖရန့်ဖတ် အသင်းဟာ ဒီနွေရာသီမှာ အားကိုးရတဲ့ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ လူကာဂျိုဗစ် နဲ့ ဟော်လာ တို့ကို ရောင်းထုတ်ထားတာကြောင့် မနှစ်ကထက်တော့ အင်အားယုတ်လျော့နေတယ်လို့ ဆိုနိုင်ပါတယ်။ဒါပေမယ့်လည်း ဖရန့်ဖတ် အသင်းဟာ ယူရိုပါလိဂ် ခြေစစ်ပွဲ အဆင့်တွေမှာ တစ်ပွဲသာ ရှူံးနိမ့်ပြီး အုပ်စု အဆင့်ကို ရောက်လာတဲ့ အသင်းပါ။

ဖရန့်ဖတ် နည်းပြ အဒီ ဟန်တာ အနေနဲ့လည်း ဒီနှစ်မှာ အနိမ့်ဆုံး ၃၂ သင်း အဆင့်အထိ တက်ရောက်ဖို့ မျှော်မှန်းထားမှာ ဖြစ်တာကြောင့် အာဆင်နယ် အသင်းအတွက် ပြိုင်ဘက်ကောင်း ဖြစ်လာ နိုင်ပါတတယ်။

ကြယ်ပွင့် ကစားသမား – ဖိလစ် ကော်စတစ်
လန်ဒန်နဲ့ ခရီးအကွာအဝေး – ၃၉၆မိုင်

၂။စတန်းဒက်လိဂ်ျ

စတန်းဒက်လိဂ်ျအသင်းဟာ ဘယ်ဂျီယံ ပရိုလိဂ်မှာ ငါးပွဲကစား လေးပွဲနိုင်၊တစ်ပွဲရှုံး နဲ့ အခု လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းပါ။စတန်းဒက်လိဂ်ျ ဟာ မနှစ်က ဘယ်ဂျီယံလိဂ်မှာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့တဲ့ အသင်းပါ။ စတန်းဒက်လိဂ်ျ အသင်းဟာ မနှစ်တုန်းက ယူရိုပါလိဂ် အုပ်စုအဆင့်ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိပါဘူး။စတန်းဒက်လိဂ်ျအသင်း အနေနဲ့ အုပ်စု အဆင့်ကို ကျော်ဖြတ်ချင်တယ်ဆိုရင်တော့ အိမ်ကွင်းမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့တော့ လိုအပ်ပါတယ်။

ကြယ်ပွင့် ကစားသမား – ရီနောက် အီမွန်
လန်ဒန်နဲ့ ခရီးအကွာအဝေး – ၂၅၄ မိုင်

၃။ဗီတိုးရီးယား အက်စ်စီ

ပေါ်တူဂီ ကလပ် ဗီတိုးရီးယား အသင်းကတော့ အုပ်စု နောက်ဆုံး နေရာမှာ ရပ်တည်လိမ့်မယ်လို့ ရေပန်းစားနေတဲ့ အသင်းပါ။ဗီတိုးရီးယား အသင်းဟာ ယူရိုပါလိဂ် ခြေစစ်ပွဲ နောက်ဆုံး အဆင့်မှာ ရိုမေးနီးယား ကလပ်FCSB ကို နှစ်ကျော့ပေါင်းရလဒ် ၁-၀ နဲ့ အနိုင်ရကာ အုပ်စု အဆင့်ကို ရောက်လာတဲ့ အသင်းပါ။ ဗီတိုးရီးယား အသင်းဟာ ဒီရာသီ ပြည်တွင်းလိဂ်မှာ ရလဒ်ဆိုးရွားနေပြီး အဆင့် ၁၆ မှာ ရောက်ရှိနေပါတယ်။

အာဆင်နယ် အသင်း ကတော့ အုပ်စု ပထမ ရရှိရေးအတွက် ဗီတိုးရီးယား အသင်းကို နှစ်ကျော့စလုံး ဂိုးရသလောက် သွင်းမှာတော့ အသေချာပါပဲ။

ကြယ်ပွင့် ကစားသမား – တိုင်ဇီးရီးယား
လန်ဒန်နဲ့ ခရီးအကွာအဝေး – ၈၀၀ မိုင်

သုံးသပ်ချက်
=========
အာဆင်နယ် အသင်းဟာ အုပ်စု ပထမရဖို့ ရေပန်းစားနေတဲ့ အသင်း ဖြစ်ပေမယ့် ကျန်တဲ့ အသသင်းတွေကို လျှော့တွက်လို့တော့ မရပါဘူး။အထူးသဖြင့် ဂျာမနီ နဲ့ ပေါ်တူဂီ မှာ သွားကစားရမယ့် အဝေးကွင်းပွဲတွေမှာ ပေါ့ဆလို့တော့ မရပါဘူး။အာဆင်နယ် အသင်းအနေနဲ့ အုပ်စုပွဲတွေမှာခံစစ်အမှားမများဘဲ၊တိုက်စစ်ကလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ရင်တော့ ပထမနေရာမှာ ရပ်တည်နိုင်မှာ သေချာပေါက်ပါပဲ။

SPORTS MYANMAR