စီးရီးအေ ရာသီသစ် ရဲ့ အဖွင့်ပွဲစဉ် ကတော့ အောင်မြင်စွာ ပြီးဆုံး သွားခဲ့ ပါပြီ ။ ယခု အပတ် မှာတော့ ဒုတိယ မြောက် ပွဲစဉ် ဖြစ်တဲ့ ပွဲစဉ် ( ၂ ) ကို ယှဉ်ပြိုင် ကစား ကြတော့ မှာပါ ။ ခရစ္စတီယာနို ရိုနယ်ဒို ရောက်ရှိ လာပေမယ့် စီးရီးအေ ဟာ ပရီးမီးယားလိဂ် ၊ လာလီဂါ တို့ နဲ့ ယှဉ်ရင် တော့ လူကြည့်နှုန်း နည်းပါး နေပါ သေးတယ် ။ ဒါပေမယ့် ဒီ တစ်ပတ် မှာတော့ စီးရီးအေ ဟာ စိတ်ဝင်စား စရာတွေ နဲ့ ပြည့်နှက် နေတာ ကြောင့် စောင့်ကြည့်သင့်တဲ့ ရက်သတ္တပတ် လို့ ဆိုရမှာ ဖြစ် ပါတယ် ။

၁ ။ ဆာရီ vs အန်ဆယ်လော့တီ ၊ ယူဗင်တပ် vs နာပိုလီ

စီးရီးအေ ကို နှစ်တိုင်း လိုလို ကြီးစိုး သိမ်းပိုက် နေတဲ့ ယူဗင်တပ် ကို အနီးကပ်ဆုံး ဖိအား ပေးနိုင်တာ က နာပိုလီ ပါပဲ ။ ဒီရာသီ မှာတော့ သူတို့ ၂ သင်း စောစော ပဲ ဆုံတွေ့ ခဲ့ကြ ပါတယ် ။ ပွဲကို ပိုပြီး စိတ်ဝင်စား စေခဲ့တာ ကတော့ ယူဗင်တပ် နည်းပြကြီး ဆာရီ ဟာ နာပိုလီ ပရိသတ်တွေ ရဲ့ အချစ်တော် ဖြစ်ခဲ့ဖူး တာပါပဲ ။ ဒါပေမယ့် အခုတော့ သူ ဟာ သူရဲကောင်းကနေ သစ္စာဖောက် ဖြစ်သွားခဲ့ ရပါပြီ ။

ဒီပွဲ မှာ နည်းပြ ၂ ဦး ရဲ့ ကစားကွက် အခင်း အကျင်းတွေ ကို မြင်တွေ့ ရမှာ ပါ ။ ဆာရီ ရော အန်ဆယ်လော့တီ ပါ နည်းစနစ် ပိုင်နိုင်သူတွေ ဖြစ်တာကြောင့် ပြောင်မြောက်တဲ့ အခင်းအကျင်းတွေ ၊ ဗျုဟာ အပြောင်းအလဲတွေ ကို တွေ့မြင် ရမှာ အသေအချာ ပါပဲ ။ လူအင်အား အရ တော့ ယူဗင်တပ် က သာပါတယ် ။ ဒါပေမယ့် အန်ဆယ်လော့တီ ရဲ့ နာပိုလီ က လည်း အံ့အားသင့်စရာတွေ ကို လုပ်ပြနိုင် ဖို့ အဆင်သင့် ပါ ။

၂ ။ ရောမမြို့က ရောမ ဒါဘီ

စီးရီးအေ ခေတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း ၊ ရောမ ဒါဘီ ရဲ့ အားအင် ပြင်းထန်မှု ကတော့ ဘယ်တော့မှ ပြောင်းလဲ မှာ မဟုတ်ပါဘူး ။ ရောမမြို့ခံ ကလပ် အသင်း ၂ သင်း ဖြစ်ကြတဲ့ ရိုးမား နဲ့ လာဇီယို တို့ ဟာ အိုလံပီကို ကွင်းကြီး ကို အတူ မျှဝေ သုံးစွဲ နေကြဆဲ ဖြစ်ပြီး သူတို့ ဆုံတွေ့တဲ့ ပွဲတိုင်း ဟာ မရိုးနိုင်အောင် ဆွဲဆောင်မှု အပြည့် ရှိခဲ့ ပါတယ် ။

ဒီနှစ် အဖွင့်မှာတော့ ရိုးမား က ဂျီနိုအာ နဲ့ ၃ ဂိုးစီ သရေကျ ခဲ့ပြီး လာဇီယို ကတော့ ဆမ့်ဒိုးရီးယား ကို ၃ – ၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။ ရိုးမား ဘက်မှာ ဒီဇစ် ကို ၊ ဇာနီယိုလို တို့တွေ ရှိနေပြီး လာဇီယို ဘက်မှာလည်း မီလန်ကိုဗစ် ဆာဗစ် ၊ အင်မိုဘီလီ တို့ ပါဝင် လာမှာ ဖြစ်လို့ ကစား သမား ကောင်းတွေရဲ့ အားပြိုင်မှု ကိုလည်း တွေ့မြင် ရမှာပါ ။ ဘာပဲ ဖြစ်ဖြစ် ရောမ ဒါဘီ ကတော့ ပရိသတ်တွေကို စိတ်ပျက်စေ မှာ မဟုတ်ပါဘူး ။

၃ ။ လူကာကူ နဲ့ အလက်ဆစ် ဆန်းချက်

မန်ချက်စတာ ယူနိုက်တက် ရဲ့ အပယ်ခံ ၂ ယောက် အီတလီ မြေမှာ ပြန်လည် ပေါင်းဖက် ခဲ့ကြ ပါပြီ ။ အင်တာ ကို ရောက်ရောက်ချင်း လေ့ကျင့်ခန်း တန်းဆင်း ခဲ့တဲ့ ဆန်းချက် ဟာ သူ မအိုသေးကြောင်း သက်သေပြဖို့ စောင့်ချင် တော့မှာ မဟုတ်ပါဘူး ။ လူကာကူ ကတော့ ပွဲစဉ် ( ၁ ) မှာ ကတည်းက ၀င် ကစားပြီး ဂိုးလည်း သွင်းထား နိုင် ခဲ့ ပါတယ် ။ ဒီပွဲ မှာလည်း အင်တာ ရဲ့ တိုက်စစ် ကို ဦးဆောင် လာ မှာ ဖြစ်ပြီး ဆန်းချက် ကတော့ အရန် လောက်နဲ့ ပဲ စတင် ဖို့ ရှိနိုင် ပါတယ် ။

ပွဲစဉ် ( ၁ ) မှာ ဂိုးသွင်း နိုင်ခဲ့ ပေမယ့် VAR ကြောင့် ပြန်လည် ပယ်ဖျက် ခံခဲ့ ရတဲ့ ရိုနယ်ဒို ကလည်း ပွဲစဉ် ( ၂ ) မှာ နောက်တစ်ကြိမ် ကြိုးစား ဦးမှာ ပါ ။ ရိုနယ်ဒို ၊ လူကာကူ ၊ ဆန်းချက် တို့ အပြင် ရိုးမား ကို အငှား ပြောင်းသွား ပြီဖြစ်တဲ့ ခရစ် စမောလင်း တို့ ကြောင့် စီးရီးအေ ကို ယူနိုက်တက် ပရိသတ်တွေ စိတ်ဝင်စား လာကြမှာ အမှန် ပါပဲ ။ ဒါကြောင့် ဒီ တစ်ပတ် ဟာ အီတလီ မြေကို တစ်ချက် လောက် စောင်းငဲ့ကြည့်ဖို့ သင့်တော်တဲ့ ရက်သတ္တပတ် လို့ ဆိုရမှာပါ ။

SPORTS MYANMAR