ယာဂန်ကလော့ရဲ့ ဘန်လေအသင်း အကြောင်း ကောင်းကောင်း သိနေမှုကြောင့် လီဗာပူး အသင်းဟာ တပ်မိုးမှာ ကြုံတွေ့လာရမယ့် အခက်ခဲဆုံး စိန်ခေါ်မှု အတွက် အသေအချာ ပြင်ဆင်လျက် ရှိနေပါတယ်။ လီဗာပူးဟာ ယာဂန်ကလော့ ရဲ့ လက်အောက် ဘန်လေ နဲ့ အဝေးကွင်း ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲရှုံး ထားခဲ့ပြီး အဆိုပါ ပွဲ အားလုံးမှာ သွင်းဂိုး ၅ ဂိုး ပေးဂိုး ၄ ဂိုး ရှိခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ အသင်း ဖြစ်နေတာကြောင့် ဒီတစ်ပတ်မှာ လေးပွဲဆက် အနိုင်နဲ့ ခရီးဆက်ဖို့ ရည်မှန်း နေမှာ သေချာပါတယ်။

ဘန်လေနဲ့ပွဲ မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ဒီစိန်ခေါ်မှုကို ရင်ခုန်နေသလား ဆိုတဲ့ မေးခွန်းကို ကလော့ က “အမှန်ပါပဲ။ ဒါဟာ အရမ်း ကောင်းပါတယ်။ တပ်မိုးဟာ တကယ့်ကို ကစားရ ခက်ခဲတဲ့ နေရာတစ်ခုပါ။ ကျွန်တော်တို့ အဲဒီမှာ ရာသီဥတု အခြေအနေ အားလုံးနဲ့ ရင်ဆိုင် ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ပွဲစဉ် မှာတုန်းကလည်း အင်္ဂလန်မှာ ကျွန်တော် ကြုံဖူးသမျှ ထဲမှာ အပူဆုံး နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ လေတိုက်တာတို့ မိုးရွာတာတို့ စတာတွေလည်း ရှိခဲ့ပါတယ်။

ပွဲတွေ အားလုံး ခက်ခဲမှု ရှိခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီကို ဇန်န၀ါရီ ၁ ရက်နေ့ တုန်းက သွားကစား ခဲ့ရာမှာ ရက်နာခလာဗန်က အနိုင်ဂိုး သွင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ နှစ်တစ်နှစ်ကို ဒီလို ခက်ခဲစွာ စခဲ့ရတာပါ။ ခက်ခဲတဲ့ နေရာ ဖြစ်တဲ့ အပြင် သူတို့ဟာ မယုံနိုင်လောက်အောင် အကောင်းဆုံး လုပ်ဆောင် ကြပါတယ်။

လူတိုင်းကတော့ ကျွန်တော် ရှောင်ဒိုက်ကို မနှစ်သက်ဘူးလို့ ရေးကြနိုင်ပါတယ်။ နောက်ဆုံး တွေ့ခဲ့တဲ့ ပွဲတုန်းက ကျွန်တော်တို့ အကောင်းဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ ကြပါတယ်။ ပြင်းထန်တဲ့ ပွဲတော့ ဖြစ်ခဲ့ပါတယ်။ ဂျိုးဂိုးမက်ဇ် ဒဏ်ရာ ရခဲ့ပြီး ကျွန်တော်တို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ ကြပါတယ်။ ဒါပေမယ့် နည်းပြအဖွဲ့ဝင်တွေ ၊ ကျွန်တော် ကိုယ်တိုင်နဲ့ ဂျိုး တို့ဟာ ပြိုင်ဆိုင်မှု ပြင်းထန်သူတွေပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ကိုယ့်ခံစားချက်ကို မဖုံးကွယ် ထားနိုင်ပါဘူး။ ဒီလိုမျိုး ဖြစ်တက်ပါတယ်။

ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်အရ ကတော့ လေးစားမှု ဆိုတာ အမြဲ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် သူတို့ကို လေးစားပါတယ်။ ပြီးတော့ သူအဲဒီမှာ လုပ်ပြနေတာတွေ ၊ ဘန်လေလို အသင်းကို အမြဲတမ်း ကြိုးစား အားထုတ်မှု အပြည့် ဖြစ်နေအောင် ၊ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်အောင် ၊ စတာတွေ လုပ်ပေး နိုင်တဲ့ အတွက် ရှောင်ဒိုက်ကိုလည်း အများကြီး လေးစားပါတယ်။” လို့ ဆိုသွား ပါတယ်။

ဆက်လက်ပြီး ကလော့ က “သူတို့ရဲ့ ကစားပုံဟာ အတော်ရှင်းပါတယ်။ သူတို့ဟာ အပြောင်းအလဲ အများကြီး သိပ်မလုပ်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ဒါကိုပဲ အကောင်းဆုံး လုပ်နိုင်ကြပြီး အဲဒီကို သွားကစားတဲ့ အသင်းတိုင်းကို ရုန်းကန် ရအောင် လုပ်ကြပါတယ်။ အဲဒီမှာ ဂိုးပြတ်နိုင်တဲ့ အသင်း များများစားစား ကျွန်တော် မတွေ့ဖူး ပါဘူး။ ဒါဟာ တကယ်ရှားပါတယ်။

ဘန်လေကွင်း သွားကစား ရတာဟာ Holiday စီစဉ် သလိုတော့ သာယာနေမှာ မဟုတ်ပါဘူး။ အခက်ခဲဆုံး ဖြစ်လာမယ့် အလုပ်ကို တွေးထားပြီး စီစဉ် ရတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေအောင် ကြိုးစား နေတဲ့ အရာပါ။” လို့ ဆိုလိုက်ပါတယ်။

SM