Icadi

အင်တာမီလန် နဲ့ အီကာဒီ တို့အကြားက တင်းမာမှုတွေဟာ ပြန်လည် အဆင်ပြေတော့မယ်လို့ ထင်နေဆဲမှာပဲ ကစားသမားရဲ့ ဘက်က ကလပ်အသင်းကို တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို အီတလီ သတင်းတွေ အားလုံးက အတည်ပြုလိုက်ပြီး ၊ အီကာဒီ ဟာ အင်တာမီလန်ကြောင့် သူ့အတွက် နစ်နာ သွားခဲ့ရမှုတွေကို လျော်ကြေး ယူရို 1.5 သန်း ပေးဖို့ တောင်းဆိုရင်း တရားစွဲလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Icadi

သူတို့ အကြားက ပြသနာတွေ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ လောက် ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး ၊ အင်တာမီလန် ဟာ အီကာဒီ ရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရုပ်သိမ်းခဲ့သလို ၊ ရာသီ အကြို ပြင်ဆင်မှုတွေမှာလဲ အသင်းနဲ့ ပူးပေါင်းခြင်း မရှိဖို့ တားမြစ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ နည်းပြသစ် ကွန်တီ ရောက်ရှိ လာချိန်မှာ ကစားသမားကို အသင်းမှာ ဆက်ထိန်းမှာလား ၊ အသင်းပြောင်းခွင့်ပေးမှာလား ဆိုတာ ကိုလဲ ကလပ်အသင်းဘက်က ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိဘူးလို့ အီကာဒီ နဲ့ နီးစပ်သူတွေက ပြောဆိုလာခဲ့ပါတယ်။

အဲဒီ အကြောင်းအရင်းကြောင့်ပဲ အီကာဒီဟာ သူ့အတွက် ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားခဲ့သလို ၊ အသင်းမှာ ပြန်ကစားခွင့် ရမယ် အထင်နဲ့ ပြီးခဲ့တဲ့ အပတ်က စစ်ပြေးငြိမ်းတဲ့ လေသံ တစ်ချို့ကို စတင် ပြောဆိုလာခဲ့ပါတယ်။ ဇနီး / အေးဂျင့် ဖြစ်သူက ၀မ်ဒါ က အင်တာမီလန်ဟာ အီကာဒီ ရဲ့ နှလုံးသားမှာ အနက်ရှိုင်းဆုံး ရှိနေကြောင်း ၊ အသင်းပြောင်းဖို့ ဘယ်တုန်းက မှ စိတ်ကူး မရှိခဲ့ဘူးလို့ ပြီးခဲ့တဲ့ အပတ်က ပြောဆိုထားတာ ဖြစ်ပါတယ်။

သို့သော် ချက်ခြင်း ဆိုသလို အင်တာမီလန် ဒု ဥက္ကဌ ဇနက်တီ ကလဲ သူတို့ နဲ့ ကစားသမား အကြား က အနေအထားဟာ အရင်အတိုင်းပဲလို့ ပြန်လည် ဖြေရှင်းလာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ယူနိုက်တက် က ဆန်းချက်ကို ပါ အငှားနဲ့ ခေါ်ယူလိုက်တဲ့ အချိန်မှာတော့ အီကာဒီ ဟာ အသင်းမှာ ပြန်ကစားခွင့် ရဖို့ အခွင့်အလမ်း နည်းပါးသွားတာ ကို သတိထားမိခဲ့သလို ၊ အသင်းပြောင်းဖို့ အတွက်လဲ အပြောင်းအရွှေ့ ပိတ်သိမ်းခါနီးနေပြီ ဖြစ်တာကြောင့် ဒေါသ ထွက်လာခဲ့ဟန်တူပါတယ်။

သတင်းတစ်ချို့ ကတော့ အင်တာမီလန် နဲ့ စာချုပ်သစ် ချုပ်ဆိုပြီး ၊ မိုနာကို ထံ အငှားနဲ့ သွားရောက် ကစားဖွယ် ရှိနေတယ်လို့ ဖော်ပြခဲ့ပေမယ့် ၊ အခုချိန်ထိ ထူးခြားမှု ရှိ မလာခဲ့ပါဘူး။

ဖြစ်စဉ် တစ်ခုလုံးကို ပြန်ကြည့်ရရင် အီကာဒီဟာ အသင်းပြောင်း ရမလို ၊ ဆက်နေရမလို လွန်ဆွဲနေခဲ့ဟန် ရှိပြီး ၊ နောက်ဆုံး ကလပ် အသင်းဘက်က သူ့အတွက် လုံးဝ နေရာမပေးဖို့ ပြင်ဆင်လာချိန်မှာတော့ ၊ သူ့ရဲ့ အနာဂတ် အတွက် ကလပ်အသင်းက တိတိကျကျ အသိပေးခြင်း မရှိပဲ လုပ်ဆောင်သွားတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲလာခဲ့ဟန်တူပါတယ်။

အထူးသဖြင့် အသင်းပြောင်းခွင့် ရဖို့ အခွင့် အရေးတစ်ချို့ ရှိခဲ့သည့်တိုင်အောင် ၊ လက်ရှိ အနေအထား အရ သူ့ အတွက် နစ်နာ စရာဖြစ်လာနိုင်တာမို့ ၊ အင်တာမီလန် ကို အစွမ်းကုန် ကန်လန့် တိုက်ပြဖို့ ပြင်ဆင်နေတာလို့ မှတ်ယူချင်စရပါ။

တကယ်တော့ အီကာဒီ ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ကစားသမားရဲ့ စွမ်းဆောင်ရည် ကို သဘောကျသည့် တိုင်အောင် စိတ်ထဲမှာ အမြဲတမ်း ဒွိဟ ဖြစ်နေခဲ့ကြပါတယ်။ ပထမ တစ်ခုက ဇနီး / အေးဂျင့် ဖြစ်သူ ၀မ်ဒါ ရဲ့ ၀င်ရောက် စွက်ဖက်မှုကို ကလပ်အသင်းတိုင်းက ရှောင်ချင်ကြတာ ဖြစ်ကာ ၊ တစ်ချို့ ကလပ် က အင်တာနဲ့ ပြသနာ ဖြစ်ထားတဲ့ ကစားသမား တစ်ယောက် အတွက် ငွေကြေးကို အမြောက်အများ အသုံး မပြုပဲ ခေါ်ယူချင်နေကြတာ ဖြစ်ပါတယ်။

အင်တာ မီလန် ကလဲ သူတို့ အပေါ် ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူ က အသားစီးနဲ့ ဆက်ဆံပုံတွေ ၊ စာချုပ်သစ် ကိစ္စက ကစားခဲ့ပုံတွေ ကို မကျေမနပ် ဖြစ်ကာ ကလပ် က ညစ်ပြရင် ဘယ်သူမှ မတတ်နိုင်ဘူး ဆိုတဲ့ ပုံစံနဲ့ ပြန်ရွဲ့ပြနေတာလား လို့တောင် ထင်မှတ်ရလောက်ပါတယ်။

အီကာဒီ က ကလပ်အသင်းကို တရားစွဲတဲ့ သတင်းကြောင့် လက်ရှိ အင်တာမီလန် အသင်းသားတွေ ကြားမှာလဲ တော်တော်လေးကို လှုပ်လှုပ်သဲသဲ ဖြစ်နေတယ်လို့ သိရပါတယ်။

SPORTS MYANMAR