ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ အပတ် က တန်းတက် နောဝှစ်ခ်ျ အသင်း ကို အဝေးကွင်း မှာ ၂ – ၃ နဲ့ အနိုင် ရခဲ့ပြီး ဒီနှစ် ဘောလုံး ရာသီ အတွက် ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ကို ပုံဖော် နိုင်ခဲ့သလို ၊ နည်းပြ ဖြစ်သူ လမ်းပတ် ဟာ သူ့ရဲ့ ဖိအား တချို့ တဝက် ကို လျှော့ချ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ယနေ့ ညမှာလည်း နောက်ထပ် တန်းတက် အသင်း တသင်း ဖြစ်တဲ့ ရှက်ဖီးလ် ယူနိုက်တက် အသင်း နဲ့ ချယ်လ်ဆီး တို့ ထပ်ပြီး ရင်ဆိုင် ကစား ရဦးမှာ ဖြစ်ပါတယ် ။

အိမ်ကွင်း နိုင်ပွဲ မရသေးတဲ့ အတွက် ယနေ့ည မှာ ချယ်လ်ဆီး တို့ အိမ်ကွင်း နိုင်ပွဲ စတင် ရှာဖွေ သွားမလား ဆိုတာ စောင့်ကြည့် ရမှာ ဖြစ်သလို ၊ Clean Sheet ကိုရော စတင် ရယူ နိုင်မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က နောဝှစ်ခ်ျ နဲ့ အနိုင် ရလဒ် က သူတို့ အတွက် ဖိအား တချို့ ကို ရှင်းလင်း ပေးခဲ့ပေမယ့် ဒီ နိုင်ပွဲ တပွဲ နဲ့ ရပ်တန့် နေမှာ မဟုတ်ဘူး လို့ ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” တကယ် ကျေနပ်စရာ ကောင်းတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ် ။ နောဝှစ်ခ်ျ နဲ့ ပွဲက နိုင်ပွဲ ဟာ ကျွန်တော် တို့ရဲ့ ဖိအား တချို့ ကို လျှော့ချ ပေးနိုင်ခဲ့တာ အမှန်ပါ ။ ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ စတင် ကတည်းက ပွဲစဉ် တွေ အားလုံး မှာ ကစားပုံ ၊ အခွင့်အရေး ရရှိမှု အပိုင်းတွေမှာ အတော်လေး ကောင်းမွန် ခဲ့ပေမယ့် ရလဒ်ပိုင်း က ကျွန်တော် တို့နဲ့ ထိုက်တန်မှု မရှိခဲ့ပါဘူး ။ ဒါပေမယ့် ဒါဟာ ဒီလိဂ် ရဲ့ အမှန်တရား ပါပဲ ။ ”

” ရလဒ် မကောင်းတာနဲ့ ပတ်သက်ပြီး ထိုင်ငို နေလို့ မရပါဘူး ။ ရှေ့ဆက် အနိုင်ရလဒ် တွေ ရှာဖွေ နိုင်ဖို့ ကြိုးစား ရမှာ ဖြစ်ပါတယ် ။ အရှေ့ အပတ် က နိုင်ပွဲ ဟာ ကျွန်တော့ အတွက်ပဲ ဖိအားတွေ ကျသွား ခဲ့တာ မဟုတ်ပါဘူး ။ ကစားသမား တွေနဲ့ ကျန်တဲ့ နည်းပြ အဖွဲ့ဝင် တွေ လည်း ဒီရလဒ် အပေါ် ကျေနပ် အားရ ခဲ့ကြပါတယ် ။ အရှေ့ ပွဲစဉ် တွေမှာတုန်းက သူတို့ဟာ ခြေစွမ်းကောင်း ရဲ့သားနဲ့ လိုချင်တဲ့ ရလဒ် မရခဲ့လို့ အတော်လေး စိတ်ပျက် ခဲ့ရပါတယ် ။ ”

” နောဝှစ်ခ်ျ နဲ့ ပွဲမှာတော့ ကျွန်တော် တို့ အနိုင် ရလဒ် ကို ဖော်ဆောင် နိုင်ခဲ့ပါပြီ ။ ကျွန်တော် ကတော့ ဒီ နိုင်ပွဲ ကနေ နောက်ထပ် နိုင်ပွဲ များစွာ ရှာဖွေ နိုင်ဖို့ အခြေပြု နိုင်ပြီ လို့ ယူဆ ထားပါတယ် ။ နောဝှစ်ခ်ျ နဲ့ ပွဲပြီးတော့ တပွဲလုံး ကို ကျွန်တော် ပြန်ကြည့်ဖြစ် ခဲ့ပါတယ် ။ ကျွန်တော် တို့ အသင်း ရဲ့ ခြေစွမ်း အတော်လေး တိုးတက် လာပြီး အားရစရာ ကောင်းတဲ့ အချက် တွေ အများကြီး ရှာတွေ့ ခဲ့ပါတယ် ။ ”

” ကစားသမား တွေလည်း ဒါကို သိနိုင်မယ် လို့ ထင်ပါတယ် ။ ဒါဟာ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာပါ ။ နိုင်ပွဲလည်း ရခဲ့သလို ကစားပုံလည်း ကောင်းခဲ့ပါတယ် ။ ဒါပေမယ့် ဒီ နိုင်ပွဲ တပွဲ မှာပဲ ရပ်တန့် နေလို့မရပါဘူး ။ နောက်ထပ် နိုင်ပွဲ တွေ ထပ်မံ သယ်ဆောင် လာဖို့က အရေးကြီး နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပထမဆုံး အရွေးချယ် ခံခဲ့ ရတဲ့ မေဆင်မောင့် အပေါ် လမ်းပတ် က ” မေဆင် အတွက် ကျွန်တော် တို့ ဝမ်းမြောက် မိပါတယ် ။ သူဟာ မနှစ် ကတည်းက လက်ရွေးစင် အသင်း အတွက် အရွေးချယ် ခံခဲ့ရသင့်ပေမယ့် ဒဏ်ရာကြောင့် လွဲချော် ခဲ့ရပါတယ် ။ အဲ့ဒီ အချိန်တုန်း က သူဟာ အင်္ဂလန် အတွက် ကစားပေးဖို့ အတော်လေး ဆန္ဒ ပြင်းပြ ခဲ့ပါတယ် ။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး ။ ”

” အခုလို လက်ရွေးစင် အတွက် ကိုယ်စားပြုဖို့ အခွင့်အရေး ထပ်ရခဲ့လို့ မေဆင် အတွက် ကျွန်တော် ဝမ်းမြောက် ရပါတယ် ။ တမ်မီ အတွက်လည်း မကြာခင် မှာ ဒီ အခွင့်အရေးမျိုး ရလာတော့မှာပါ ။ အချိန်ကာလ တချို့ စောင့်ကြည့်ဖို့ လိုပါတယ် ။ ပွဲထုတ် ပေးဖို့ ကတော့ ဂါရက် ( ဆောက်ဂိတ် ) ရဲ့ ရွေးချယ်မှု နဲ့ပဲ သက်ဆိုင်ပါတယ် ။ ဘာပဲပြောပြော အင်္ဂလန် လက်ရွေးစင် အသင်း အတွက် မေဆင် နဲ့ ရော့စ် တို့ အရွေး ခံခဲ့ရတာကို ကျွန်တော် ပျော်ရွှင် ကျေနပ် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR