ပက်ဂွာဒီယိုလာက လာမည့်လ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေ အတွက် ကိုင်းဝေါ်ကာကို အင်္ဂလန် ရဲ့ လူစာရင်းကနေ ချန်လှပ် ထားခဲ့တဲ့ နည်းပြ ဂါရက်ဆောက်ဂိတ် ရဲ့ ဆုံးဖြတ်ချက် အပေါ် သူအံ့သြခဲ့ရတယ်လို့ ၀န်ခံ သွားခဲ့ပါတယ်။ မန်စီးတီး ညာနောက်ခံလူဟာ ပြီးခဲ့တဲ့ လူရွေးချယ်မှုတွေမှာ အင်္ဂလန် အတွက် အမြဲတမ်း ပါဝင် ခဲ့သူ ဖြစ်ပေမယ့် လာမည့် ဘူဂေးရီးယား ၊ ကိုဆိုဗို တို့နဲ့ ပွဲတွေ အတွက်ကိုတော့ ရွေးချယ် ခံရခြင်း မရှိ ခဲ့ပါဘူး။

အင်္ဂလန် နည်းပြ ဂါရက်ဆောက်ဂိတ်ဟာ ညာနောက်ခံလူ နေရာ အတွက် လီဗာပူးရဲ့ ထရန်အလက်ဇန်းဒါးအာနိုး ၊ အက်သလက်တီကို ရဲ့ ကီရန်ထရစ်ပီးယား တို့အပြင် ယူနိုက်တက်ရဲ့ ၀မ်ဘစ်ဆာကာ ကိုလည်း ပထမဦးဆုံး ရွေးချယ်မှု လုပ်ခဲ့ ပါတယ်။ ဝေါ်ကာဟာ ဒီရာသီ မန်စီးတီး အတွက် အထူး ခြေစွမ်းပြ ကစား နေသူ ဖြစ်တာကြောင့် ဒီဆုံးဖြတ်ချက်ဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ပြီး ဂွာဒီယိုလာ ကတော့ သူ့ကစားသမားဟာ လက်ရွေးစင် အသင်းမှာ သူ့နေရာကို ပြန်ရ လိမ့်မယ်လို့ ထောက်ခံ သွားပါတယ်။

ဂွာဒီယိုလာ က “စစချင်းတော့ ကျွန်တော် အနည်းငယ် အံ့အားသင့် ခဲ့ပါတယ်။ ကျွန်တော် ဒီကိစ္စကို ပါဝင် ပက်သက်မှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို လေးစား သွားမှာပါ။ ကိုင်းဟာ ပိုမို သန်မာတဲ့ ပုံစံနဲက ပြန်လာ ပါလိမ့်မယ်။ ကျွန်တော် သူ့ကို နာလည်ပါတယ်။ ဆောက်ဂိတ်ကိုလည်း အားပေး ပါတယ်။

ကစားသမား တွေဟာ လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်း ချင်ကြမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီအခြေအနေ အပေါ် အသားတကျ ဖြစ်ရမှာပါ။ နိုင်ငံတကာ ပွဲစဉ် ကာလမှာ ကျွန်တော်တို့ မိသားစုနဲ့ ကုန်ဆုံးဖို့ အချိန်တွေ ရလာတာပေါ့။ အသင်းကို ပြန်လာမယ်။ ပြီးရင် လက်ရွေးစင် အသင်းမှာ ပြန်ပါလာဖို့ တက်နိုင်သမျှ အကောင်းဆုံး ကစား သွားရပါမယ်။” လို့ ဆိုလိုက်ပါတယ်။

ဝေါ်ကာ ဟာ အင်္ဂလန် အသင်း အတွက် ၄၈ ပွဲ ပါဝင်ကစား ထားခဲ့သူ ဖြစ်ပြီး အလက်ဇန်ဒါးအာနိုး က ၆ ပွဲ ၊ ယူအီးအက်ဖေ Nation League ကို လွဲခဲ့တဲ့ ထရစ်ပီးယားက ၁၇ ပွဲသာ အတွေ့အကြုံ ရှိထား ပါတယ်။

အလက်ဇန်းဒါးအာနိုးဟာ ဝေါ်ကာ မပါဝင်တာကြောင့် လာမည့် ယူရို ၂၀၂၀ ခြေစစ်ပွဲတွေမှာ အင်္ဂလန်ရဲ့ ပထမဦးစားပေး နောက်ခံလူ အဖြစ် ပွဲထွက်ခွင့် ရဖို့ အခြေအနေကောင်းသွား ခဲ့ပေမယ့် ကလော့က သူ့ကစားသမား အနေနဲ့ ဆက်လက် တိုးတက်အောင် မလုပ်နိုင်ဘူး ဆိုရင် ဒီနေရာ အတွက် အာမခံချက် ရှိမှာ မဟုတ်ဘူးလို့ သတိပေး သွားပါတယ်။

ကလော့ က “သူဟာ ခက်ခဲတဲ အခိုက်အတန့်တွေ ကြုံတွေ့ ခဲ့ပြီးပါပြီ။ သူ့ရဲ့ ကစားသမား ဘ၀ဟာ ဖြောင့်ဖြူး နေခဲ့တာတော့ မဟုတ်ပါဘူး။ သူဟာ ဒီလို အခိုက်အတန့်တွေ ကြုံတွေ ခဲ့ရပြီး အနာဂတ်မှာလည်း ကြုံလာ ရမှာပါ။ သူဟာ အရမ်း ငယ်တဲ့ ကောင်လေး အဖြစ်ပဲ ရှိနေ ပါသေးတယ်။

ဂါရက်ဆောက်ဂိတ်ဟာ ဘာကြောင့် ကိုင်းကို ချန်လှပ် ထားခဲ့သလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကိုင်းဟာ နောက်ထပ် အခွင့်အရေး မရှိရလောက်အောင် အသက်မကြီး သေးပါဘူး။ ထရန်နဲ့ အာရွန် ၀မ်ဘစ်ဆာကာ တို့ပါဝင် ခဲ့တာကြောင့် အင်္ဂလန်မှာ လူငယ် ကစားသမားတွေ အတွက် အခွင့်အလမ်းကောင်းတွေ အများကြီး ရှိနေတယ် ဆိုတဲ့ လက္ခဏာ ပါပဲ။

ပြီးခဲ့တဲ့ နှစ်က ထရစ်ပီးယားဟာ ကမ္ဘာ့ဖလား ကစား ခဲ့ရပြီး အကောင်းဆုံး ဖြတ်တင်ဘောတွေ လုပ်ပေးနိုင်ခဲ့ ပါတယ်။ ဒ့ါကြောင့် ရွေးချယ်မှုတွေ များနေတာတော့ ရှင်းပါတယ်။ ဒါဟာ မန်နေဂျာ အတွက် မဖြစ်မနေ ဆုံးဖြတ်လိုက်ရတဲ့ အခြေအနေကို ဦးတည် စေခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ဟာ အခုချိန်ကစပြီး နောက် နှစ် ၂၀ လောက်ထိ ထရန်ဟာ အင်္ဂလန်ရဲ့ နံပါတ် ၁ ညာနောက်ခံလူ ဖြစ်သွားပြီလို့ အဓိပ္ပာယ် သက်ရောက် သွားမှာ မဟုတ်ပါဘူး။ သူဟာ ဒီလို လုပ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်ဖို့ လုပ်ရမယ့် အရာတွေ အများကြီး ရှိပါတယ်။

သူအခု ပွဲထွက်စာရင်းနဲ့ ပိုမို နီးစပ်တဲ့ နေရာမှာ ရှိနေတဲ့ အတွက် ကျွန်တော် သူ့အတွက် ပျော်ရွှင်မိပါတယ်။ သူဟာ တကယ် ရင့်ကျက်တဲ့ ကောင်လေးပါ။ ဒီအပိုင်းမှာ သူဟာ အသက် ၂၀ မဟုတ်ဘဲ ၂၅ ၂၆ လောက် ရှိတဲ့ လူလို ရင့်ကျက် နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသက် ၂၀ပဲ ရှိသေးလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ သူဟာ ကျွန်တော် အသက် ၂၀ တုန်းကထက် အများကြီး ရင့်ကျက်တဲ့ သူတစ်ဦးပါ။” လို့ ဆိုလိုက်ပါတယ်။

SM