ပြင်သစ် လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ ဟာ အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ လက်အောက်မှာ အဓိက ကစားသမား တစ်ဦးအဖြစ် ပုံမှန် ပွဲထွက် ကစားခွင့် ရနေတဲ့ ကစားသမား တစ်ဦးပါ။ဒါပေမယ့်လည်း ဂွမ်ဒူဇီ က သူ့ရဲ့အားနည်းချက်တွေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေသေးကြောင်း ဝန်ခံ သွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ ရာသီကမှ လော်ရီယန့် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူပါ။ဂွမ်ဒူဇီ ဟာ အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲ ကစားခွင့် ရထားသလို ဒီရာသီမှာလည်း အဖွင့်ပွဲစဉ် သုံးပွဲဆက် ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရထားပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၃)အပြီးမှာ ဂွမ်ဒူဇီ ဟာ အာဆင်နယ်အသင်း ကစားသမားတွေထဲမှာ ဘောလုံး ကြားဖြတ်ရယူနိုင်မှု အများဆုံး ကစားသမား ဖြစ် သလို ဘောလုံး ပေးပို့မှု နဲ့ ဖျတ်ထုတ်မှု အကြိမ်ရေ ဒုတိယ အများဆုံး ကစားသမား အဖြစ်လည်း ရပ်တည် ထားနိုင်ပါတယ်။

ဂွမ်ဒူဇီ ကတော့ သူ အားနည်းနေသေးတဲ့ ခံစစ်ကို ဆင်းကူတဲ့ အပိုင်း နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ နေရာယူ ကစားခြင်းတွေနဲ့ ပတ်သက်ပြီး ပိုမို တိုးတက် ကောင်းမွန်လာအောင် ကြိုးစား လုပ်ဆောင် နေကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

ဂွမ်ဒူဇီ က အာဆင်နယ် အသင်း တရားဝင် ဝက်ဆိုဒ်နဲ့ အင်တာဗျုးမှာ ” ကျနော့် အနေနဲ့ ခံစစ်ကို ဆင်းကူတဲ့ အပိုင်း နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ နေရာယူ ကစားတဲ့အပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိပါတယ်။ဒါကြောင့် လေ့ကျင့်ရေးကွင်းမှာ ကြိုးစား ပြင်ဆင်နေသလို ကျနော် ကစားခဲ့တဲ့ ဗွီဒီယိုတွေ ပြန်ကြည့်ပြီး နည်းပြတွရဲ့အကြံပေးချက်အတိုင်း လုပ်ဆောင်နေပါတယ်။”

ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဂွမ်ဒူဇီဟာ ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် ပွဲတိုင်း ပါဝင် ကစာူခွင့် ရထားတဲ့ ကစားသမား တစ်ဦးပါ။ဂွမ်ဒူဇီ က သူအသင်းမှာ အခုလို အလျင်အမြန် အထိုင်ကျလာတာဟာ နည်းပြကြီး အူနိုင်း အမ်မရီရဲ့ ကူညီပေးမှုကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။

“အူနိုင်းက ကျနော့်ကို အများကြီး အကူအညီ ပေးခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကလည်း ကျနော့်ကို ပွဲကစားခွင့် အများကြီး ပေးခဲ့သလို ဒီနှစ်မှာလည်း ကစားခွင့် ပေးထားပါတယ်။သူနဲ့ ကျနော်ရဲ့ ဆရာ တပည့် ဆက်ဆံရေးက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မှုအပေါ် အခြေခံပါတယ်။”

” အူနိုင်းက ကျနော် အသင်းကို စရောက်ကတည်းက အများ​ကြီး သင်ပြ ပေးခဲ့သလို ကွင်းတွင်း၊ကွင်းပြင်ပ အကြံဉာဏ်တွေလည်း အများကြီး ပေးခဲ့ပါတယ်။ကျနော်တို့ နှစ်ယောက် စကားတွေ အများကြီး ပြောဖြစ်ကြပါတယ်။သူ့ရဲ့ လမ်းညွှန် ပြသမှုကြောင့် ကျနော် ခြေစွမ်းပိုင်း တိုးတက် ကောင်းမွန်လာတာပါ။” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR