ဂန်းနားတို့ရဲ့တိုက်စစ်မှူးဟောင်း အီယန်ရိုက်က အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီ အငှားလာရောက် ကစားတဲ့ စီဘယ်လောစ့်ကို တိုက်စစ် ကစားသမား သုံးယောက်ရဲ့ အနောက်မှာ စိတ်ကြိုက်ခွင့် ကစားပေးသင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ်။

စီဘယ်လောစ့် ဟာ ဘန်လေ အသင်း နဲ့ ပွဲမှာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြု လုပ်ကာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် လီဗာပူး အသင်း နဲ့ ပွဲမှာတော့ ကွင်းလယ်မှာ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ် ။ စီဘယ်လောစ့်ဟာ လီဗာပူး နဲ့ ပွဲမှာ နည်းပြ အမ်မရီရဲ့ စိန်ပွင့်ပုံ ကစားကွက်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိဘဲ လူစားလဲ ခံခဲ့ရပါတယ်။

အီယန်ရိုက်ကတော့ စီဘယ်လောစ့်ရဲ့ ကစားဟန်ကို သဘောကျ နှစ်သက်နေပြီး သူ့ကို ရှေ့တန်း တိုက်စစ် ကစားသမား သုံးယောက် အနောက်မှာ စိတ်ကြိုက်ခွင့် ကစားပေးပြီး သူ့ရဲ့ အနောက်မှာလည်း ခံစစ် အားသန် ကွင်းလယ် ကစားသမားနှစ်ဦးကို ထားသုံးသင့်ကြောင်း ဆိုပါတယ်။

အီယန်ရိုက် က သူ့ရဲ့ ကိုယ်ပိုင် You Tube Channel မှာ ” ကျနော်တို့ အသင်းက ဒန်နီ (စီဘယ်လောစ့်)ကို တစ်နှစ်ပဲ အငှား ခေါ်ထားတာပါ။သူက အသင်းနဲ့ အပြီးသတ် စာချုပ်ချုပ်ချင်မှ ချုပ်မှာပါ။ဒါကြောင့် သူ့ကို ရသလောက် အချိန်လေးမှာ တန်အောင် အ သုံးပြု ရမှာပါ။ ”

” စီဘယ်လောစ့် ကိုယ်တိုင်လည်း သူ လီဗာပူး အသင်းနဲ့ ပွဲမှာ ကစားခဲ့ရတဲ့ နေရာကို သဘောကျမှာ မဟုတ်ပါဘူး။ဒါကြောင့် နောက်ပွဲတွေမှာ သူ့ကို တိုက်စစ် သုံးယောက် နောက်မှာ စိတ်ကြိုက် ကစားခွင့် ပေးရပါမယ်။”

” တော်ရီးယား နဲ့ ဂွမ်ဒူဇီတို့ နှစ်ဦးကို စီဘယ်လောစ့် နောက်မှာ ထားကစားပြီးတော့ပေါ့ဗျာ။စီဘယ်လောစ့်သာ အဲ့နေရာမှာ ကစားရရင် ပီပီ၊အူဘာမီယန်းတိုလည်း စိတ်ကြိုက် ကစားခွင့် ရပြီး လာကာဇက် နဲ့ ချိတ်ဆက် ကစားနိုင်မှာပါ။ ဒါဆိုရင် ကျနော်တို့ ပြန်လာ နိုင်မှာပါ ။” လို့ ပြောကြား သွားခဲ့ပါတယ်။

အာဆင်နယ် အသင်း ပရိသတ်တွေကတော့ ကာဇိုလာ နဲ့ စီဘယ်လောစ့် ကို နှိုင်းယှဉ် ချီးကျူး နေကြပြီး စီဘယ်လောစ့် ကို အပြီးသတ် ဝယ်ယူဖို့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ် ။ စီဘယ်လောစ့်ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖြစ် ရိုမေးနီးယား၊အိုင်သလန်တို့နဲ့ ကစားရမယ့် စပိန်လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ်ခံထားရပါတယ်။

SPORTS MYANMAR