* အာဆင်နယ် အသင်း နောက်ခံလူ မွန်ရီရဲလ်ဟာ စပိန် လာလီဂါ ကလပ် ရီးရဲလ် ဆိုစီဒက် အသင်းကို နှစ်နှစ်စာချူပ်နဲ့ အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ်။၂၀၁၃ခုနှစ်တုန်းက မာလာဂါ အသင်းကနေ ပြောင်းရွှေ့လာတဲ့ မွန်ရီရဲလ်ဟာ အာဆင်နယ် အသင်းအတွက် ပွဲပေါင်း ၂၅၀ ကစားပေးခဲ့ပြီး သွင်းဂိုး ၁၀ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။မွန်ရီရဲလ်ဟာ အာဆင်နယ် အသင်းနဲ့အတူ အက်ဖ်အေဖလားသုံးကြိမ်၊ကွန်မြူနဒီဒိုင်း သုံးကြိမ် ရယူနိုင်ခဲ့ပါတယ်။

 

* မွန်ရီရဲလ် ထွက်ခွာသွားတာကြောင့် ဘယ်လာရင် ဟာ နည်းပြ အူနိုင်း အမ်မရီရဲ့ အသင်းခေါင်းဆောင် ငါးဦးစာရင်းမှာ ပါဝင်လာဖွယ် ရှိ​နေတယ်လို့ Football London က သုံးသပ်လိုက်ပါတယ်။နည်းပြ အမ်မရီ ဟာ အသင်းခေါင်းဆောင် အဖြစ် အိုဇေးလ်၊ရှာကာ တို့ကို ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ဒါ့အပြင် အမ်မရီဟာ အင်္ဂလန် ကစားသမားတစ်ဦးကိုလည်း အသင်းခေါင်းဆောင် တာဝန်ပေးအပ်သွားမယ်လို့ ဆိုထားတာကြောင့် ဟိုးလ်ဒင်းလည်း အသင်းခေါင်းဆောင် ငါးဦးစာရင်းမှာ ပါဝင်ဖွယ် ရှိနေပါတယ်။

* အာဆင်နယ် အသင်း တိုက်စစ်မှူး မီဒမ်မာ ဟာ မနေ့က ကစားခဲ့တဲ့ ယူရို ၂၀၂၁ ခြေစစ်ပွဲမှာ နယ်သာလန် အမျိုးသမီး အသင်း အတွက် နှစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။အက်စ်တိုးနီးယား အသင်းကို ၇ ဂိုးပြတ် အနိုင်ရခဲ့တဲ့ အဆိုပါ ခြေစစ်ပွဲမှာ အာဆင်နယ် အသင်း ကစားသမားတစ်ဦး ဖြစ်တဲ့ ဂျေးရုဒ်လည်း ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။

* ဂျိုးဝီးလော့၊အန်ခီတီးယား တို့ဟာ ယူရို ၂၀၂၁ ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားမယ့် အင်္ဂလန် ယူ-၂၁ အသင်းမှာ ရွေးချယ် ခံခဲ့ရပါတယ်။ဒါ့အပြင် လူငယ် အသင်းမှ ဘာလိုဂန်၊တိုင်ရီဂျွန်ဂျူးစ်၊ဆာကာတို့ဟာလည်း ခြေစမ်းပွဲ ကစားမယ့် အင်္ဂလန် ယူ-၁၉ အသင်း လူစာရင်းမှာ ပါဝင် လာခဲ့ပါတယ်။ ယူ-၁၈ အသင်းမှ မီဂွယ်လ်အဇိဇ် နဲ့ ဆမ်ဂရင်းဝုဒ်တို့ဟာလည်း အင်္ဂလန် ယူ-၁၈ အသင်းမှာ ရွေးချယ် ခံခဲ့ရပါတယ်။

* အာဆင်နယ် ယူ-၂၃ အသင်းဟာ ပရီးမီးယားလိဂ်၂ ပွဲစဉ် (၄) အဖြစ် ဒါဘီ အသင်း ယူ၂၃ အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက် နှစ်ဂိုးစီ သရေကျ သွားခဲ့ပါတယ်။အာဆင်နယ် ယူ-၂၃ အသင်းအတွက် ဂိုးတွေကိုတော့ ရော်ဘီဘာတန် နဲ့ ဘာလိုဂန် တို့က သွင်းယူ ပေးခဲ့တာပါ။အာဆင်နယ် ယူ-၂၃ အသင်းဟာ ၄ ပွဲကစား ၂ ပွဲနိုင်၊၂ပွဲသရေ နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

* ဂန်းနားတို့ရဲ့တိုက်စစ်မှူးဟောင်း အီယန်ရိုက်က အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီ အငှားလာရောက် ကစားတဲ့ စီဘယ်လောစ့်ကို တိုက်စစ် ကစားသမား သုံးယောက်ရဲ့ အနောက်မှာ စိတ်ကြိုက်ခွင့် ကစားပေးသင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ်။

 

ဒါ့အပြင် အီယန်ရိုက်က အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ အနေနဲ့ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုသင့်ကြောင်း နဲ့ ပီပီ-လာကာဇက်-အူဘာမီယန်း တိုက်စစ်အတွဲအပြင် တော်ရီးယားကိုလည်း ပွဲထွက် အသုံးပြုသင့်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

* ပြင်သစ် လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ က သူ အားနည်းနေသေးတဲ့ ခံစစ်ကို ဆင်းကူတဲ့ အပိုင်း နဲ့ နည်းစနစ်ပိုင်းဆိုင်ရာ နေရာယူ ကစားခြင်းတွေနဲ့ ပတ်သက်ပြီး ပိုမို တိုးတက် ကောင်းမွန်လာအောင် ကြိုးစား လုပ်ဆောင် နေကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

* အာဆင်နယ် အသင်းရဲ့ ညာနောက်ခံလူဟောင်း တဦးဖြစ်တဲ့ လီဒီဇွန် က တနင်္ဂနွေ နေ့ မှာ ကစားမယ့် မြောက်လန်ဒန် ဒါဘီ ပွဲစဉ်မှာသာ အာဆင်နယ် အသင်း အလွန်အကျွံ တိုက်စစ်ဆင် ကစားပြီးဘောလုံး ပျက်သွားပါက စပါး အသင်းက တန်ပြန်တိုက်စစ်နဲ့ ဒုက္ခ ပေးသွားမှာ ကို စိုးရိမ် မိတဲ့အကြောင်း ထုတ်ပြောသွားခဲ့ ပါတယ်။

* အာဆင်နယ် အသင်း နည်းပြ အမ်မရီဟာ ပြီးခဲ့တဲ့ ရာသီက တပည့်ဟောင်း ဖြစ်သူ အန်ဇွန်ဇီ ကို ခေါ်ယူဖို့ ပထမ ဦးစားပေး ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့တာကြောင့် ဆမ်ဒိုးရီးယား ကွင်းလယ်လူ တော်ရီးယား ကို ခေါ်ယူ လိုက်တာ ဖြစ်တယ်လို့ ဒေးလ်လီးမေးလ် က ဖော်ပြလိုက်ပါတယ်။

* အာဆင်နယ် ကွင်းလယ်လူ စီဘယ်လောစ့်ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖြစ် ရိုမေးနီးယား၊ ဖာရိုး အိုင်စလန်တို့နဲ့ ကစားရမယ့် စပိန်လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ်ခံထားရပါတယ်။

SPORTS MYANMAR