Arsenal

ယူရိုပါလိဂ် နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ အများစုဟာ မြန်မာစံတော်ချိန် အရဆို သန်းခေါင်ကျော်မှ ကစားကြတာ​ကြောင့် မြန်မာ ဘောလုံး ပရိသတ်တွေအနေနဲ့ ကိုယ်အားပေးတဲ့ အသင်းရဲ့ပွဲ နဲ့ ပွဲကြီးပွဲကောင်းတွေကို အိပ်ရေး ပျက်ခံပြီး စောင့်မျှော် အားပေး ကြည့်ရှု ရလေ့ ရှိပါတယ်။

ယခု အခါမှာတော့ အာဆင်နယ် အသင်းကို အားပေးတဲ့ မြန်မာ ဘောလုံး ပရိသတ်တွေ အတွက် သတင်းကောင်း တစ်ရပ် ထွက်ပေါ် လာခဲ့ပြီး အာဆင်နယ် အသင်းရဲ့ ယူရိုပါလိဂ် အုပ်စု အဝေးကွင်းပွဲစဉ် တစ်ပွဲကို အချိန် စောလျင်စွာ ကစားဖို့ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ယူရိုပါလိဂ် အုပ်စု ပွဲစဉ်တွေကို ကြာသပတေးနေ့ညနဲ့ သောကြာနေ့ နံနက် အစောပိုင်းတွေမှာသာ ကစားလေ့ ရှိပေမယ့် ပေါ်တူဂီ ကလပ် ဗီတိုးရီးယား အသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ပွဲကိုတော့ နိုဝင်ဘာလ ၆ ရက်၊ဗုဒ္ဓဟူးနေ့မှာ ​ကစားဖို့ အချိန် ပြောင်းလဲ သတ်မှတ် လိုက်ပါတယ်။

ဗီတိုးရီးယား အသင်းနဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပွဲကို နဂို မူလ အချိန်ကနေ နိုဝင်ဘာလ၆ရက်၊ ဗြိတိန် စံတော်ချိန် ညနေ ၃:၅၀ ( မြန်မာစံတော်ချိန် ည ၁၀:၂၀)မှာ ပြောင်းလဲ ကစားသွားမှာလည်း ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ဗီတိုးရီးယား အသင်းရဲ့ မြို့ခံ ပြိုင်ဘက် အသင်း ဖြစ်တဲ့ ဘရာဂါ အသင်းဟာ သောကြာနေ့တွင် အိမ်ကွင်းမှာ ဘက်ဆစ်တပ် အသင်းကို ဧည့်ခံကစားရဖို့ ရှိနေတာကြောင့် လုံခြုံရေး အခက်အခဲမဖြစ်အောင် အာဆင်နယ် အသင်းပွဲချိန်ကို ရှေ့တိုး လိုက်တာပါ ။

ဗီတိုးရီးယား အသင်းနဲ့ အာဆင်နယ် အသင်းတို့ကစားမယ့် ဗြိတိန် စံတော်ချိန် ညနေ ၃:၅၀ ( မြန်မာစံတော်ချိန် ည ၁၀:၂၀)ဟာ အင်္ဂလန်က အာဆင်နယ် ပရိသတ်တွေ အတွက် အလုပ်ချိန်ကြီး ဖြစ်နေသလို၊ပေါ်တူဂီ အထိ လိုက်ပါ အားပေးမယ့် အာဆင်နယ် ပရိသတ်အနေနဲ့ လေယာဉ် ခရီးစဉ်ကို စောလျင်စွာ စီစဉ်ရတော့မှာပါ။

အာဆင်နယ် အသင်းကို အားပေးတဲ့ မြန်မာ ဘောလုံး ပရိသတ်တွေ အတွက်တော့ မြန်မာစံတော်ချိန် ည ၁၀ နာရီ မိနစ် ၂၀ ဟာ ဘောလုံးပွဲ ကြည့်ကောင်းတဲ့ အချိန် ဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ် တစ်ပွဲကို အိပ်ရေးမပျက်ဘဲ ကြည့်နိုင်တော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

မနှစ်က ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ တက်ရောက်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ ဒီနှစ်မှာတော့ ယူရိုပါလိဂ် အုပ်စု(F) မှာ ဂျာမနီ ကလပ် ဖရန့်ဖတ်၊ဘယ်ဂျီယံ ကလပ် စတန်းဒက်လိဂ်၊ပေါ်တူဂီ ကလပ် ဗီတိုးရီးယား အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေပါတယ်။

အာဆင်နယ် အသင်းရဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ် အချိန်ဇယားများ
**********************************************
ဖရန့်ဖတ် Vs အာဆင်နယ် (စက်တင်ဘာလ ၁၉ရက်၊မြန်မာစံတော်ချိန် ည ၁၁:၂၅)
အာဆင်နယ် Vs စတန်းဒက်လိဂ် (အောက်တိုဘာလ ၃ရက်၊မြန်မာစံတော်ချိန် နံနက် ၁:၃၀)
အာဆင်နယ် Vs ဗီတိုးရီးယား (အောက်တိုဘာလ ၂၄ရက်၊မြန်မာစံတော်ချိန် နံနက် ၁:၃၀)
ဗီတိုးရီးယား Vs အာဆင်နယ် (နိုဝင်ဘာလ ၆ရက်၊မြန်မာစံတော်ချိန် ည ၁၀:၂၀)
အာဆင်နယ် Vs ဖရန့်ဖတ် (နိုဝင်ဘာလ ၂၉ ရက်၊မြန်မာစံတော်ချိန် နံနက်၂:၃၀)
စတန်းဒက်လိဂ် Vs အာဆင်နယ် (ဒီဇင်ဘာလ၁၃ ရက်၊မြန်မာစံတော်ချိန် နံနက် ၀၀:၂၅)

SPORTS MYANMAR