Dortmund

စနေ နေ့ ရဲ့ နောက်ဆုံး ဘွန်ဒက်လီဂါ ပွဲစဉ် မှာတော့ တန်းတက် ယူနီယံ ဘာလင် အသင်းက အမှတ်ပေးဇယားထိပ်ပိုင်းက ဒေါ့မွန် အသင်းကို ၃-၁ ဂိုးနဲ့ အံ့အားသင့်ဖွယ်အနိုင်ယူသွားခဲ့ပါတယ်။အဖွင့် ၂ပွဲမှာ တပွဲပျမ်းမျှ လေးဂိုး စီ သွင်းယူထားခဲ့တဲ့ဒေါ့မွန် အသင်းနောက်ထပ် ဂိုးပြတ်နိုင်ပွဲ ရသွားမယ်လို့ တွက်ဆခဲ့ကြပေမယ့် ဆန့်ကျင်ဘက် အနေအထားမျိုးဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန် အသင်းဟာ အခုရာသီသစ် မှာ ရာသီ ကြိုပွဲတွေအပါအဝင် ပွဲတိုင်းအနိုင်ရထားခဲ့တဲ့ အသင်းဖြစ်ပြီးတိုက်စစ်ကလည်း တပွဲလျင် အနည်းဆုံး၂ ဂိုးသွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် အခုပွဲမှာတော့ ဆန်ချိုရဲ့ ဖန်တီးပေးမှုကနေ အယ်ကာဆာ သွင်းယူခဲ့တဲ့ ဂိုးတဂိုးသာ ရခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ယူနီယံ ဘာလင် အတွက် ဂိုးတွေကိုတော့ ဘူတာ က၂ဂိုးနဲ့ အန်ဒါဆန် က တဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒီနိုင်ပွဲဟာ သူတို့ အသင်းရဲ့ သမိုင်းမှာ ပထမဆုံး ဘွန်ဒက်လီဂါ နိုင်ပွဲဖြစ်ပြီး ဒေါ့မွန် လို အသင်းမျိုးကို ဂိုးပြတ်ချေမှုန်းနိုင်ခဲ့တာကြောင့် ပိုပြီး ချိုမြိန်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန် နည်းပြကြီး ဖာဗရီကတော့ သူ့အသင်းသားတွေရဲ့ ပွဲအပေါ်သည်းခံစိတ်မရှိမှုက အခုလို ဂိုးပြတ်ရှုံးပွဲကို ဦးတည်သွားစေခဲ့တယ်လို့ ပြစ်တင်သွားခဲ့ပါတယ်။ပွဲအပြီး အင်တာဗျူး တခုမှာ
ဖာဗရီ က –

” ဒီပွဲဟာ ကိုလုံ မြေမှာကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းလို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့် အသင်းသားတွေ တွေးမိခဲ့ကြတယ်လို့ ကျွန်တော်ထင်ပါတယ်( ထိုပွဲမှာ အိမ်ရှင်က ပထမပိုင်းမှာ ၁-၀ ဂိုးနဲ့ ဦးဆောင်ထားခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးနောက်ဆုံး မိနစ် ၂၀ အတွင်းမှာ ဒေါ့မွန် အသင်းက ၃ဂိုးပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်)

ကျွန်တော်တို့ ဟာ အခုပွဲမှာ ၁ ဂိုးစီ သရေ ကျနေတဲ့ အချိန်မှာ သည်းခံမှု ရှိရှိ နဲ့ ကစားသွားရမှာဖြစ်ပါတယ်။အလောတကြီးကစားဖို့ မလိုပါဘူး။ခံစစ်ကိုကောင်းကောင်း ကာကွယ်နိုင်ဖို့ လည်းလိုပါတယ်။ဒါဟာတကယ်အရေးကြီးပါတယ်။

ဒါပေမယ့် အဲ့ဒီလို ဖြစ်ရမယ့် အစား သည်းခံစိတ်ပျောက်ဆုံး ခဲ့ပြီး စိတ်မြန်လက်မြန် ကစားနေခဲ့လို့ မပေးသင့်တဲ့ သွင်းဂိုးကို မလိုအပ်ပဲ ပေးလိုက်ရတာဖြစ်ပါတယ်။အဲ့ဒီဂိုး ပေးလိုက်ရအပြီး နောက်ပိုင်း မှာလည်း ကျွန်တော်တို့ သည်းခံပြီး စိတ်ရှည်လက်ရှည် ကစားသွားသင့်တာဖြစ်ပါတယ်။

သူတို့ရဲ့ အဲ့ဒီ ဦးဆောင်ဂိုးပေးလိုက်ရအပြီး မှာ ၂ ဂိုးစီ သရေ ကျအောင်ကစားဖို့ အချိန်က ရှိနေသေးတာဖြစ်ပါတယ်။ပွဲကို နိုင်အောင်တောင် ကစားလို့ ရကောင်းရနိုင်သေးတာဖြစ်ပါတယ်။ကျွန်တော်တို့ အသင်းရဲ့ ဒုတိယပိုင်း ကစားပုံကတကယ်မကောင်းခဲ့ပါဘူး” လို့ပြောသွားခဲ့ပါတယ်။

ဒေါ့မွန် အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ဘိုင်ယန် အသင်းကို ကျော်ပြီး ဗိုလ်စွဲနိုင်မယ့် အခွင့်အရေးတွေရှိခဲ့ပေမယ့် မဖြစ်သင့်တဲ့ အမှတ်လျော့မှုတွေကြောင့် ဆုဖလားနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။အခုရာသီမှာလည်း ဘိုင်ယန် တို့ အထနှေးနေနေခဲ့ပေမယ့် အခုရှုံးပွဲကြောင့် တမှတ်ကွာဟခဲ့ပြန်ပြီလည်းဖြစ်ပါတယ်။

SPORTS MYANMAR