ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ တန်းတက် ရှက်ဖီးလ် ယူနိုက်တက် အသင်း ကို ပထမပိုင်း အတွင်း လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ရဲ့ သွင်းဂိုး ၂ဂိုး နဲ့ ဦးဆောင် ခဲ့ပေမယ့် ဒုတိယပိုင်း က ဆိုးရွားတဲ့ ကစားပုံ ကြောင့် လွယ်လွယ်ကူကူ နဲ့ ချေပဂိုး ၂ဂိုး ကို ခွင့်ပြု ခဲ့ရပါတယ် ။

ထို့အပြင် ၂ – ၁ ရလဒ် ထွက်ပေါ် နေချိန် မှာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ရဲ့ လူစားလဲပုံ အရမ်း ထူးဆန်း ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ အေဘရာဟမ် ကို ဘတ်ရှူဝါရီ နဲ့ လူစားလဲတာ အပြစ် မဆိုသာ ပေမယ့် ပရီးမီးယားလိဂ် အတွေ့အကြုံ မရှိတဲ့ အကယ်ဒမီ ထွက် လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ကို ခြေစွမ်း ပြနေတဲ့ ကိုဗာဆစ် အစား ထည့်သွင်း ကစား စေခဲ့ပါတယ် ။

ဒါဟာ ချယ်လ်ဆီး ပရိသတ် တချို့ ကို အတော်လေး စိတ်ပျက် စေခဲ့တဲ့ ဆုံးဖြတ်ချက် လည်း ဖြစ်ပါတယ် ။ ကိုယ့် အသင်း ဆက်ပြီး ဂိုးမသွင်း နိုင်တော့တဲ့ အနေအထား မှာ ရထားတဲ့ အနိုင် ရလဒ် ကို ဆက်ထိန်းဖို့ ခံစစ် အားသန် ကစားသမား တချို့ နဲ့ လူစားလဲမှု လုပ်ဖို့ ကောင်းတယ် လို့ ပရိသတ် တချို့ က ယူဆ ကြပါတယ် ။ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ဘာကြောင့် ဂီလ်မာ ကို ထည့်သွင်း စေခဲ့လဲ ဆိုတာ အခုလို ရှင်းပြ ခဲ့ပါတယ် ။

လမ်းပတ် က ” ဒါဟာ ထူးဆန်းတဲ့ လူစားလဲမှု မဟုတ်သလို ၊ ခေါင်းမာတဲ့ လူစားလဲမှု လည်း မဟုတ်ပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ တချိန်တည်း မှာ မတူညီတဲ့ နေရာ ၂နေရာ အတွက် သူတို့နဲ့ လိုက်ဖက်မယ့် ကစားသမား တွေကို ထည့်သွင်း ကစားစေတာကြောင့်ပါ ။ ကိုဗာဆစ် ဟာ အနည်းငယ် ခိုက်မိ ခဲ့သလို ၊ မောလည်း မောနေခဲ့ပါတယ် ။ ကျွန်တော် တို့ရဲ့ အရန်ခုံ မှာ ကွင်းလယ်လူ ဆိုလို့ ဘီလီ ဂီလ်မာ တယောက်ပဲ ရှိပါတယ် ။ ”

 

” ဘတ်ရှူဝါရီ ကတော့ တပွဲလုံး ကြိုးကြိုးစားစား ကစားပေးထားတဲ့ ၊ ဒီနေ့ပွဲ မှာ ကျွန်တော် တို့ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ တမ်မီ အေဘရာဟမ် အတွက် လူစားဝင်ပြီး အသင်ွးှဲရဲ့ တိုက်စစ် တွန်းအား ကို မြှင့်တင်ဖို့ ထည့်လိုက်တာပါ ။ တခြားသူ တွေလည်း သူတို့ ထည့်သွင်း ချင်တဲ့ ကစားသမား တွေ အကြောင်း ပြောနိုင် ကြပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ကတော့ ပွဲရဲ့ အနေအထား ကို ကြည့်ပြီး နည်းစနစ် အပြောင်းအလဲ လုပ်နေရတာပါ ။ ” လို့ ဖြေကြား ခဲ့ပါတယ် ။

ဂီလ်မာ ဟာ အသက် ငယ်သေးတာ မှန်ပေမယ့် သူ့ရဲ့ ကိုယ်လုံး ကိုယ်ပေါက် က အရမ်း သေးလွန်း သလို ၊ အရပ်အမောင်း လည်း ပုတာကြောင့် ပရီးမီးယားလိဂ် လို တွန်းတွန်းတိုက်တိုက် ကစား ရတဲ့ လိဂ် မှာ ဝင်ဆန့် နိုင်ဖို့ ခက်ခဲ နိုင်တယ် လို့ တချို့ က ယူဆ နေကြပါတယ် ။ ယင်းနှင့် ပတ်သက်ပြီး လမ်းပတ် က အခုလို ဖြေရှင်း သွားခဲ့ပါတယ် ။

လမ်းပတ် က ” ဘီလီ ကို လူစားလဲဖို့ မစဉ်းစား ခင်ကတည်းက ကျွန်တော် ဟာ သူ့ အပေါ်မှာ ယုံကြည်မှု အပြည့်အဝ ရှိပြီးသားပါ ။ သူဟာ ကျွန်တော် တို့ အသင်း အတွက် အနာဂတ် ကြယ်ပွင့် ကစားသမား ဖြစ်လာ နိုင်ပါတယ် ။ ဒါပေမယ့် အမှန်တကယ် တော့ ကျွန်တော် တို့ဟာ အသင်း ရဲ့ အံသြဖွယ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ အန်ဂိုလို ကန်တေ ကို ဒဏ်ရာကြောင့် လက်လွှတ် ဆုံးရှုံး ထားရတယ် ဆိုတာ အားလုံး သိထားကြမှာပါ ။ ”

” လက်ရှိ အရန်ခုံ မှာ တကယ့် ကွင်းလယ်လူ အနေနဲ့ ကစားပေး နိုင်တာ ဘယ်သူ ရှိနိုင်လဲ ? ဘီလီ တယောက်ပဲ ရှိပါတယ် ။ ဒါကြောင့် ကျွန်တော့ ရဲ့ လူစားလဲမှု အဖြေက ရိုးရှင်း နေပါပြီ ။ ကျွန်တော် တို့ဟာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထားရပါတယ် ။ ဒါကြောင့်မို့ လက်ရှိ ကစားသမား အင်အား ရှိသမျှ ထဲက အသုံးပြုလို့ ရတဲ့သူ မှန်သမျှ ကျွန်တော် တို့ စမ်းသပ် ကြည့်ရမှာပါ ။ ” လို့ ဖြေကြား ခဲ့ပါတယ် ။

SPORTS MYANMAR