Arsenal

ဂန်းနားတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်း ပီတစ်က ဒီရာသီမှာ အာဆင်နယ် အသင်း နဲ့ နည်းပြ အူနိုင်း အမ်မရီ ကြုံတွေ့နေရတဲ့ ပြဿနာလေးရပ်ကို ဝေဖန် ထောက်ပြ သွားခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ ဒီနေ့ည မြန်မာစံတော်ချိန် ၁၀နာရီမှာ လန်ဒန် မြို့ခံပြိုင်ဘက် တော့တင်ဟမ်အသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာပါ။

အာဆင်နယ် အသင်းနဲ့ ပြင်သစ် ကွင်းလယ်လူဟောင်း ပီတစ် ဝေဖန် ထောက်ပြသွားတဲ့ ပြဿနာလေးရပ်ကတော့ ခံစစ်ပိုင်း အမှားများနေခြင်း၊အခု အချိန်ထိ ကစားကွက် အတည်တကျ မရှိသေးခြင်း၊အကောင်းဆုံး ပွဲထွက် ၁၁ ယောက်ကို တိတိကျကျ မရွေးချယ် ရသေးခြင်း၊ကစားကွက်မျိုးစုံနဲ့ အံဝင်အောင် ကစားနိုင်တဲ့သူ မရှိခြင်း တို့ ဖြစ်ပါတယ်။

Emery

ပီတစ်က ” ၂၀၁၉-၂၀၂၀ မှာ အာဆင်နယ် အသင်းဟာ မနှစ်ကထက် ပိုကောင်းလာမယ်လို့ ထင်တာကြောင့် သူတို့ရဲ့ ပွဲတိုင်းကို ကျနော် စောင့်ကြည့် ဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ သူတို့ အကောင်းဆုံး လှုပ်ရှား နိုင်ခဲ့ပေမယ့် နောက်တန်းကတော့ လိုအပ်ချက်တွေ ရှိနေဆဲပါ။ ”

” နောက်တန်းမှာ လိုအပ်ချက်တွေ ရှိနေဆဲဆိုတာက လီဗာပူးနဲ့ ပွဲက သက်သေပါပဲ။အဲ့ပွဲမှာ ကစားသမားတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံး နေကြသလို တစ်ယောက်နဲ့ တစ်ယောက် အချိတ်အဆက် လုံးဝ မမိပါဘူး။အသင်းလိုက် ရွေ့လျားပုံ နဲ့ နည်းစနစ်ပိုင်း အရ ကစားပုံလည်း ဆိုးရွား ခဲ့ပါတယ်။နောက်တန်းကိုလည်း မကူပေးနိုင်ခဲ့ကြပါဘူး။”

“ဒီအမှားတွေကိုပဲ ထပ်ခါ ထပ်ခါ ကျူးလွန်မယ်၊ပြီးရင်တော့ ဆက်မကျူးလွန်တော့ဘူး။ရာသီ အစ ရလဒ်ကောင်းနေတာက အသင်းလိုက် ယုံကြည်မှုအတွက် သိပ်ကောင်းပါတယ်။လီဗာပူးနဲ့ ပွဲက သူတို့ အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခုပါပဲ။ ”

” အမ်မရီ နဲ့ ပတ်သက်ပြီး ကျနော် ပြောချင်တာက သူက အခု အချိန်အထိ အသင်းနဲ့ ဘယ်ကစားကွက်က အဆင်ပြေမလဲ ဆိုတာ နဲ့ အကောင်းဆုံး ပွဲထွက် ၁၁ ယောက်ကို ရှာဖွေ နေဆဲပါ။အမ်မရီ က နည်းနစ်ပိုင်း မကြာခဏ ပြောင်းလဲပြီး ကစားသမားတွေကိုလည်း နေရာစုံ ပြောင်းကစားခိုင်းနေတာပါ။”

” ဒါပေမယ့်ဗျာ .. အရည်အသွေးကောင်းတွေရှိတဲ့ ကစားသမား အချို့ဘဲ ကစားကွက် မျိုးစုံနဲ့ အံဝင်အောင် ကစားနိုင်မှာပါ။အများစုကတော့ သူတို့ အကယ်ဒမီမှာ လေ့ကျင့်ခဲ့တဲ့ နေရာတွေမှာပဲ ကစားချင်ပါတယ်၊သူတို့ မပိုင်နိုင်တဲ့ ကစားကွက်ကို ကစားဖို့ ဆန္ဒ ရှိမှာ မဟုတ်ပါဘူး။”

” ကျနော်ကတော့ ကစားသမားတွေ အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်မယ့် နေရာမှာပဲ လူမှန် နေရာမှန် ထားကစားစေချင်ပါတယ်။လီဗာပူး နဲ့ ပွဲမှာ ကျနော်သာ နည်းပြ အမ်မရီ နေရာမှာဆို ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြု သွားမှာပါ။လာကာဇက်၊အူဘာမီယန်း၊ပီပီတို့ကို တစ်ပြိုင်နက် အသုံးပြုမှာပါ၊အဲ့လိုသာ ပွဲထုတ်လာခဲ့ရင် ပွဲအစ မိနစ်၂၀လောက်နဲ့ ပွဲအဖြေပြောင်းသွားနိုင်ပါတယ်။”

” လူတွေက အာဆင်နယ် အသင်းမှာ အသင်းကို ဦးဆောင်နိုင်မယ့်သူ ကင်းမဲနေတာကို ထောက်ပြ ကြပါတယ်။ကျနော့်ကတော့ အမ်မရီ ကိုယ်တိုင်က အခု အချိန်ထိ အသင်းရဲ့ အကောင်းဆုံး ၁၁ယောက်ကို မသိသေးတာက တကယ့် ပြဿနာပါ။’

” ကစားသမားတွေအတွက် နည်းစနစ်တစ်ခုမှာ အထိုင်ကျဖို့က အချိန်ယူရပါတယ်။ဒီလိုမျိုး အပတ်တိုင်း ကစားကွက် ပြောင်းလဲနေမယ်ဆိုရင် အဆင်မပြေပါဘူး။ကလော့ပ်ကော ဂွာဒီယိုလာကော သူတို့ အသင်းကို ကိုယ်ပိုင် အမြင် ကိုယ်ပိုင် ကစားဟန်တစ်ခုနဲ့ တည်ဆောက်ထားကြတာပါ။အမ်မရီ ဘာလုပ်ချင်မှန်းကို ကျနော်လည်း မပြောတတ်တော့ပါဘူးဗျာ။”လို့ ဝေဖန် ထောက်ပြ သွားခဲ့ပါတယ်။

SPORTS MYANMAR