လီဗာပူး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ကြားရက်က မိုနာကိုမှာ ပြုလုပ် ခဲ့တဲ့ ချန်ပီယံလိဂ် မဲခွဲပွဲမှာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ UEFA Men’s Player of the Year ဆုကို ရရှိခဲ့ပါတယ်။ ဒီလို ကြီးကြယ်ခမ်းနားတဲ့ ဆုကို ရရှိခဲ့တဲ့ ဗန်ဒိုက် အတွက် ၎င်းရဲ့ ပထမဦးဆုံး ကလပ်ဟာ နယ်သာလန် လက်ရွေးစင် အတွက် banner (နဖူးစည်းစာတန်း) အသစ်ထွင်ကာ ဂုဏ်ပြုပေးတော့မှာ ဖြစ်ပါတယ်။
လီဗာပူး ရဲ့ ပေါင် ၇၅သန်းတန် နောက်ခံလူဟာ သူ့ရဲ့ ကစားသမားဘဝ ကို ဘရီဒါမှာ အခြေစိုက်တဲ့ အပျော်တန်းကလပ် WDS’19 မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ မေလက မက်ဒရစ်မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူး အသင်းကို ၆ကြိမ်မြောက် ဥရောပ ချန်ပီယံ ဖြစ်စေခဲ့ပြီး ဒီအောင်မြင်မှုမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင် ခဲ့တာကြောင့် ယူအီးအက်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို လီယွန်နယ်မက်ဆီ ၊ ခရစ်စတီယာနို ရော်နယ်ဒို တို့ကို ဖြတ်ကျော်ကာ ထိုက်တန်စွာ ဆုရခဲ့ပါတယ်။
ဗန်ဒိုက်နဲ့အတူ ၎င်းရဲ့ မွေးရပ်မြေ ကလပ်မှာ ပထမဦးဆုံး အလုပ်အတူ တွဲလုပ်ခဲ့ဖူးတဲ့ ရစ်ကလီအင်းက “မက်ဆီ ၊ ရော်နယ်ဒို တို့ကို ကျော်ဖြတ်ကာ ဥရောပရဲ့ အကောင်းဆုံး ကစားသမားဆု အတွက် ဗာဂျယ် ရွေးချယ်ခံခဲ့ ရတာဟာ မယုံနိုင်စရာ ပါပဲ။ ဒီကလပ်မှာ တုန်းက သူ ဒီလိုတွေ ဖြစ်လာမယ်လို့ ကျွန်တော်တို့ လုံးဝ မထင်ထား ခဲ့ပါဘူး။ အခုဆိုရင် သူဟာ ဒီဆုနဲ့ လုံးဝ ထိုက်တန်လွန်းတယ်လို့ ကျွန်တော်တို့ အားလုံး ယူဆထားကြ ပါတယ်။
ကျွန်တော်တို့ ဘောလုံးကွင်းနဲ့ အနီးကပ်ဆုံး နေရာမှာ သူ့အတွက် banner အးတစ်ခု ပြုလုပ် ထားခဲ့ပါတယ်။ ဒီ banner မှာ ပါတဲ့ စာသားတွေကတော့ `ဒီနေရာဟာ ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံ ကစားသမား စတင် ခဲ့တဲ့ နေရာ ဖြစ်တယ်´ ဆိုပြီးတော့ပါ။ အခုဆိုရင် ကျွန်တော်တို့ ဒီ banner ရဲ့ စာသားကို `ဥရောပရဲ့ အကောင်းဆုံး ကစားသမား´ ဆိုပြီး ပြောင်းလဲရ ပါတော့မယ်။ ဗာဂျယ်ဟာ နောက်ခံလူ တစ်ဦး ဖြစ်ပေမယ့်လည်း အသက် ငယ်ငယ်လေး ကတည်းက အရမ်းကောင်းတဲ့ ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင် ထားခဲ့သူပါ။ ဒါပေမယ့် တစ်နေ့မှာ ဥရောပရဲ့ အကောင်းဆုံး ကစားသမား သူ ဖြစ်လာမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့် ထားခဲ့ပါဘူး။ အခုတော့ ဒီလိုမျိုး ဖြစ်နေပါပြီ။” လို့ ဆိုသွားပါတယ်။
ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်နဲ့ အန်ဖီးမှာ ကစားခဲ့တဲ့ ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲကလွဲပြီး လီဗာပူး အတွက် ကျန်ပွဲအားလုံးမှာ ပါဝင် ကစားပေးခဲ့ကာ ပွဲတိုင်း နီးပါး အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ကာ ဒီိထဲမှာ ဘာစီလိုနာ စတား လီယွန်နယ်မက်ဆီ နဲ့ ရင်ဆိုင် ခဲ့ရတဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဗန်ဒိုက်ဟာ ဘိုင်ယန်နဲ့ ကစားခဲ့တဲ့ ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ၊ ပေါ်တိုနဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ တို့မှာ အသင်းအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းပေး ခဲ့ပါတယ်။
ဆုလက်ခံ ရယူခဲ့ပြီးနောက် အသက် ၂၈ နှစ် အရွယ် နောက်ခံလူက “ပထမဦးဆုံး ကျွန်တော့်အနေနဲ့ အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင်ဖို့ လိုတယ်လို့ ထင်ပါတယ်။ သူတို့တစ်တွေ မရှိဘဲ ဒီလို ၀န်ထမ်းတွေ မရှိဘဲ ပြီးခဲ့တဲ့ နှစ်အတွင်း ကျွန်တော် ရရှိခဲ့တဲ့ အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မိသားစုကိုလည်း ကျေးဇူးတင် ရပါမယ်။
ရှည်လျားတဲ့ ခရီးလမ်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့် ခရီးလမ်းရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော် ဘယ်လိုလူလဲ ဆိုတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ကျွန်တော် ဒီလို အရာမျိုး လိုအပ်ပါတယ်။ ကျွန်တော်ဟာ အသက် ၁၈ နှစ် အရွယ် ကစားသမား မဟုတ်ပါဘူး။ ချက်ချင်းဆိုသလို ထိုးတက်လာတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ လမ်းကြောင်း တစ်လျှောက် တဆင့်ချင်း ကြိုးစား အားထုတ် ခဲ့၇ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အစိတ်အပိုင်းပါ။ ကျွန်တော် ဒီဆု အတွက် အရမ်း ပျော်ရွှင် မိပါတယ်။ ဒီဆုကို ရယူ နိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်း ဂုဏ်ယူမိ ပါတယ်။ လမ်းကြောင်း တစ်လျှောက် ကျွန်တော့်ကို ကူညီ ပေးခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးတင် ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။
ဗန်ဒိုက်ဟာ WDS’s 19 အပျော်တန်း အသင်းကနေ ၂၀၀၉ မှာ ဝီလီယံ ၂ အကယ်ဒမီ ကို ပြောင်းခဲ့ပြီး အဲဒီမှာ part-time job အဖြစ် ပန်ကန်ဆေးလည်း လုပ်ခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်မှာ နယ်သာလန် လက်ရွေးစင်ဟောင်း မာတင်ကိုးမန်းရဲ့ ခေါ်ယူမှုနဲ့ ဂရိုနင်ဂျင် လူငယ်အသင်းကို ရောက်လာခဲ့ပါတယ်။ ထို့နောက် ၂၀၁၁ ခုနှစ်မှာတော့ ဂရိုနင်ဂျင် အသင်းကြီးမှာ စီနီယာကစားသမား ဘဝ စတင်ခဲ့ပြီး အစပိုင်းမှာ ရုန်းကန် ခဲ့ရပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့တာကြောင့် ၂၀၁၃ မှာ ဆဲတစ်ရဲ့ ခေါ်ယူမှူကို ခံခဲ့ပါတယ်။
ဆဲတစ်နဲ့အတူ ဆုဖလားတွေ ရယူ နိုင်ခဲ့တဲ့ ဗန်ဒိုက်ဟာ ၂၀၁၅မှာ ဆောက်သမ်တန် ကို ပြောင်းရွေ့ ကစားခဲ့ပြီး စိန့်မေရီမှာတော့ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် ရပ်တည် နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူးဟာ ဗန်ဒိုက် အတွက် အဆိုပါ အချိန်က နောက်ခံလူ တစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၇၅သန်းကို ပေးချေကာ အရယူခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
SM