အဲဗာတန် နည်းပြဟောင်း ဖြစ်သူ ဆမ်အလာဒိုက်က ဒီရာသီ အမှတ်ပေး ဖလားကို ရည်မှန်း နေတဲ့ လီဗာပူး အသင်းကို တိုက်ခိုက်မှု ပြုလုပ် ခဲ့ကာ ယာဂန်ကလော့ ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးဖို့ ကြောက်ရွံ့ နေတယ်လို့ ဆိုလိုက် ပါတယ်။

လီဗာပူး အသင်းဟာ တနင်္ဂနွေနေ့မှာ ကစား ခဲ့တဲ့ မာဆေးဆိုက် ဒါဘီမှာ အဲဗာတန် အသင်းနဲ့ ဂိုးမရှိ သရေ ကျသွား ခဲ့တာကြောင့် စနေနေ့က ဘုန်းမောက် အသင်းကို အဝေးကွင်းမှာ အနိုင် ရရှိခဲ့တဲ့ မန်ချက်စတာစီးတီး အသင်းကို ထိပ်ဆုံး နေရာ ဖယ်ပေး လိုက်ရပါတယ်။

ဒါ့ကြောင့် ကလော့ ရဲ့ အသင်းဟာ အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ အတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် မရှိတော့ဘဲ ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းကြောင်းမှာ မန်စီးတီး ရဲ့ ခြေချော်မှုကိုပဲ မျှော်လင့် ရတော့မှာ ဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ ၂၀၁၉ ခုနှစ် ရောက်လာ ကတည်းက ခြေစွမ်းတွေ ရလဒ်တွေ ယိမ်းယိုင် လာခဲ့တာ ဖြစ်ပြီး အဓိက ပြိုင်ဘက် မန်စီတီးကို ရှုံးနိမ့် ခဲ့ပြီးနောက် လက်စတာ ၊ ၀က်ဟမ်း ၊ မန်ချက်စတာ ယူနိုကတက် နဲ့ အဲဗာတန် တို့ကို သရေကျ ခဲ့ကာ ရမှတ်တွေ များစွာ ဆုံးရှုံး ခဲ့ပါတယ်။

အဲဗာတန်နည်းပြဟောင်း အလာဒိုက် ကတော့ လီဗာပူး အသင်းဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အမှတ်ပေးဖလား ကို ပြန်လည် ဆွတ်ခူး နိုင်ဖို့အတွက် လုံလောက်တဲ့ စိတ်ဓာတ် မာကျောမှု ရှိမနေဘူးလို့ ယူဆ နေပါတယ်။

အလာဒိုက်က “ဖိအားတွေဟာ ကြီးမား နေပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ရှုံးပွဲ တစ်ပွဲသာ ရှိထား ခဲ့ပေမယ့်လည်း ကျွန်တော့် အတွက်ကတော့ လက်ရှိ လီဗာပူး အသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဘရန်ဒန်ရော်ဂျာ လက်ထက်က လီဗာပူး အသင်းလိုပဲ အမှတ်ပေးဖလားကို ဆွတ်ခူးဖို့ ကြောက်ရွံ့နေသလို ပါပဲ။

ဒါဟာ ယာဂန်ကလော့ သေချာပေါက် ရင်ဆိုင် နေရတဲ့ အခက်အခဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလီဗာပူး အသင်းကို အမှတ်ပေးဖလား ဆွတ်ခူးနိုင်ဖို့ အတွက် ဒီလို စိတ်ဓာတ်ကို ဘယ်လို ပျောက်အောင် လုပ်၇မလဲ ဆိုတာ တွေးနေ လောက်ပါတယ်။

သူတို့ ပြီးခဲ့တဲ့ ပွဲစဉ်က ၀က်ဖို့ဒ်ကို အိမ်ကွင်းမှာ ၅-၀ နဲ့ အနိုင် ရရှိ ခဲ့ပြီးနောက် ဒါကို ကျော်လွှား နိုင်ပြီလို့ ကျွန်တော်တို့ တွေးမိ ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဗာတန်နဲ့ မာဆေးဆိုက် ဒါဘီမှာတော့ သူတို့ ဒီပွဲကို အနိုင် ရနိုင်ခြေ ရှိတယ်လို့ တွေးခဲ့မိတဲ့ အခိုက်အတန့်ဟာ တစ်ကြိမ် နှစ်ကြိမ်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီပွဲကို အနိုင်ရဖို့ အတွက် လုံလောက်တဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်း ရှိမနေ ပါဘူး။ ကျွန်တော့် အမြင် ကတော့ သူတို့မှာ ကြောက်ရွံ့စိတ်တွေ လွှမ်းမိုး နေသလို ပါပဲ။” လို့ ပြောသွားပါတ်ယ။

အဲဗာတန် ကွင်းလယ်လူ မော်ဂန် ရှနိုင်ဒါလင်း ကလည်း ဒီရာသီ ပရီးမီးယားလိဂ် ဖလား ဟာ မန်ချက်စတာ မှာပဲ ဆက်လက် နားခို အုံးမယ်လို့ အခိုင်အမာ ဆိုသွား ပါတယ်။

ရှနိုက်ဒါလင်း က “လီဗာပူး နဲ့ မန်စီးတီး တို့ နှစ်သင်းကြား ကြီးမားတဲ့ ခြားနားချက် ကတော့ စီးတီး ဟာ တောင့်တင်းတဲ့ လူအင်အား ကို ပိုင်ဆိုင် ထားတာ ပါပဲ။ မန်စီးတီးဟာ လူ ၆ ဦး ၇ ဦးလောက် အပြောင်းအလဲ လုပ်ကစား ခဲ့ပေမယ့်လည်း နည်းစနစ်ပိုင်း အရည်အသွေး ပိုင်းက ဘာမှ ခြားနား သွားတာ မရှိဘဲ သူတို့ဟာ ပရီးမီးယားလိဂ် မှာကော ချန်ပီယံလိဂ် မှာပါ ဖလား ရယူ နိုင်စွမ်း ရှိနေပါတယ်။

လီဗာပူးဟာ ဒီလိုမျိုး ခုထိ လုပ်နိုင်ခြင်း မရှိသေး ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ် ဟာ အ၇မ်း အရမ်းကို ခက်ခဲပါတယ်။ ပွဲတိုင်းဟာ ကြံ့ခိုင်မှုပိုင်း စိန်ခေါ်မှု အရမ်းများပြီး ဘယ်အသင်း မဆို အနိုင်ယူ နိုင်စွမ်းရှိပါတယ်။ ပွဲတိုင်းဟာ နောက်ဆုံး မိနစ်ထိ အကြိတ်အနယ် ကစား ရပါတယ်။

စီးတီးဟာ အမှတ်ပေး ဖလား အတွက် အသာစီး ရနေပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပြီးခဲ့တဲ့ နှစ် လုပ်ပြ ခဲ့တဲ့ အရာတွေကြောင့် ပရီးမီးယားလိဂ် ဖလား အတွက် ယုံကြည်မှု ရှိနေလို့ပါ။ အတွေ့အကြုံ ကလည်း လီဗာပူးထက် ပိုများ နေပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM