အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှူးဟောင်း အလန်စမစ် က ( ၁၉၈၇ – ၁၉၉၅ အထိ ကစားခဲ့သူပါ ။ ) စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီမှာ ပြီးခဲ့တဲ့ တစ်ပတ် လီဗာပူး နဲ့ပွဲမှာ ရုန်းကန် ခဲ့ရတဲ့ ကွင်းလယ်လူ စီဘယ်လောစ့် ကို ပွဲထွက် အသုံးမပြုသင့်ကြောင်း သတိပေး သွားခဲ့ပါတယ်။
စပိန် ကွင်းလယ် ကြယ်ပွင့် စီဘယ်လောစ့် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီ အငှားလာရောက် ကစားနေတဲ့သူလည်း ဖြစ်ပါတယ်။ စီဘယ်လောစ့် ဟာ ဘန်လေ အသင်း နဲ့ ပွဲမှာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြု လုပ်ကာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် လီဗာပူး အသင်း နဲ့ ပွဲမှာတော့ ကွင်းလယ်မှာ ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရပါတယ် ။

စီဘယ်လောစ့်ဟာ လီဗာပူး နဲ့ ပွဲမှာ နည်းပြ အမ်မရီရဲ့ စိန်ပွင့်ပုံ ကစားကွက်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိဘဲ လူစားလဲ ခံခဲ့ရပါတယ်။ အလန်စမစ်ကတော့ စီဘယ်လောစ့် အစား အိုဇေးလ် ကို စပါးအသင်းနဲ့ ပွဲမှာ မြင်ချင်နေပြီး အူဘာမီယန်း၊လာကာဇက်၊နီကိုလပ်စ်ပီပီတို့ တစ်ပြိုင်နက် ပွဲထွက်ကစားတာကို ကြည့်ချင်ကြောင်း ဆိုပါတယ်။
အလန်စမစ် က Sky Sports မှာ ” ဒန်နီ စီဘယ်လောစ့် အန်ဖီးလ်မှာ ကစားရတဲ့ ပွဲတုန်းက ပွဲက အရမ်းမြန်တော့ သူ ဘာမှ လုပ်မပြနိုင်ခဲ့ပါဘူး။စပါးနဲ့ ပွဲကလည်း အန်ဖီးလ် ပွဲတုန်းကလိုပဲ မြန်ဦးမှာပါ။အမ်မရီက အိုဇေးလ်ကို ပွဲကြီးတွေမှာ အသုံးမပြုသလို ဒီရာသီမှာလည်း တစ်ပွဲမှ ကစားခွင့် မရသေးပါဘူး။”
” စပါး အသင်းနဲ့ အိုဇေးလ် ပွဲထွက် စာရင်းမှာ ပါပါ့မလားဆိုတာ သံသယ ဖြစ်မိပါတယ်။ကျနော်ကတော့ အိုဇေးလ်ကို အရန်ခုံပဲ ထိုင်ခိုင်ဦးမယ်လို့ ထင်ပါတယ်။စပါး အသင်းနဲ့ ပွဲမှာသာ အာဆင်နယ် အသင်းတိုက်စစ် သုံးယောက် အတွဲကို မြင်ရရင် တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။” လို့ ပြောကြား သွားခဲ့ပါတယ်။
အာဆင်နယ် အသင်း ရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦး ဖြစ်တဲ့ အီယန်ရိုက်ကတော့ စီဘယ်လောစ့်ရဲ့ ကစားဟန်ကို သဘောကျ နှစ်သက်နေပြီး သူ့ကို ရှေ့တန်း တိုက်စစ် ကစားသမား သုံးယောက် အနောက်မှာ စိတ်ကြိုက်ခွင့် ကစားပေးပြီး သူ့ရဲ့ အနောက်မှာလည်း ခံစစ် အားသန် ကွင်းလယ် ကစားသမားနှစ်ဦးကို ထားသုံးသင့်ကြောင်း ဆိုပါတယ်။
အီယန်ရိုက် က သူ့ရဲ့ ကိုယ်ပိုင် You Tube Channel မှာ ” ကျနော်တို့ အသင်းက ဒန်နီ (စီဘယ်လောစ့်)ကို တစ်နှစ်ပဲ အငှား ခေါ်ထားတာပါ။သူက အသင်းနဲ့ အပြီးသတ် စာချုပ်ချုပ်ချင်မှ ချုပ်မှာပါ။ဒါကြောင့် သူ့ကို ရသလောက် အချိန်လေးမှာ တန်အောင် အ သုံးပြု ရမှာပါ။ ”
” စီဘယ်လောစ့် ကိုယ်တိုင်လည်း သူ လီဗာပူး အသင်းနဲ့ ပွဲမှာ ကစားခဲ့ရတဲ့ နေရာကို သဘောကျမှာ မဟုတ်ပါဘူး။ဒါကြောင့် နောက်ပွဲတွေမှာ သူ့ကို တိုက်စစ် သုံးယောက် နောက်မှာ စိတ်ကြိုက် ကစားခွင့် ပေးရပါမယ်။”
” တော်ရီးယား နဲ့ ဂွမ်ဒူဇီတို့ နှစ်ဦးကို စီဘယ်လောစ့် နောက်မှာ ထားကစားပြီးတော့ပေါ့ဗျာ။စီဘယ်လောစ့်သာ အဲ့နေရာမှာ ကစားရရင် ပီပီ၊အူဘာမီယန်းတိုလည်း စိတ်ကြိုက် ကစားခွင့် ရပြီး လာကာဇက် နဲ့ ချိတ်ဆက် ကစားနိုင်မှာပါ။ ဒါဆိုရင် ကျနော်တို့ ပြန်လာ နိုင်မှာပါ ။” လို့ ပြောကြား သွားခဲ့ပါတယ်။
SPORTS MYANMAR