အာဆင်နယ် အသင်းမှာ ၇ နှစ်ကြာ ဖြတ်သန်း ကစားခဲ့ပြီးနောက် စပိန်သားကြီး မွန်ရီရဲလ် ဟာ လာလီဂါ ကလပ် ဆိုစီဒက် အသင်းကို နှစ်နှစ် စာချူပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ် ။ မွန်ရီရဲလ် ဟာ သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ အာဆင်နယ် အသင်း ပရိသတ်တွေကို နှုတ်ဆက်စကားဆိုလိုက်ပြီး ယနေ့ညမှာ ကစားမယ့် လန်ဒန်ဒါဘီမှာ အနိုင်သုံးမှတ် ရယူဖို့ အသင်းဖော်ဟောင်းတွေကို တိုက်တွန်း သွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ရှိပြီဖြစ်တဲ့ မွန်ရီရဲလ် ဟာ သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ လာဖြစ်ခဲ့ပုံကို ပြန်ပြောင်း ပြောကြားရင်း သူ အသင်းမှာ ကစားခဲ့တဲ့တောက်လျှောက် အားပေး ကူညီခဲ့ကြတဲ့ အသင်းဖော်၊ဝန်ထမ်း၊ပရိသတ်တွေ အားလုံးကို ကျေးဇူးတင် စကားဆိုသွားခဲ့ပါတယ်။

မွန်ရီရဲလ် က ” ဇန်နဝါရီလ ၃၁ရက်၊၂၀၁၃ ခုနှစ်တုန်းက ကျနော်က မာလာဂါ မှာပေါ့ဗျာ။အဲ့နေ့ မနက်နိုးတဲ့ အချိန်မှာ ဖုန်းကို ကြည့်လိုက်တော့ ဆန်တီ ကာဇိုလာ က ဖုန်းနှစ်ခါ ခေါ်ထားတာကို တွေ့လိုက်ရပါတယ်။ဖုန်းပြန် ခေါ်လိုက်တော့ သူက ကျနော့်ကို အာဆင်နယ် အသင်းအတွက် ကစားပေးချင်သလားလို့ မေးပါတယ်။”

” နောက် ၁၀ နာရီလည်း ကြာရော ကျနော် အာဆင်နယ် ကစားသမား ဖြစ်သွားခဲ့ပါတယ်။တစ်ခါတစ်လေမှာ ဘောလုံးက ရိုးရိုးရှင်းရှင်းလေးပါပဲ။မတူညီတဲ့ နိုင်ငံ၊မြို့၊ဘာသာစကား၊ဘောလုံးကစားဟန်၊အသင်းဖော်တွေက ကျနော့်လို ရှက်တတ်တဲ့ လူတစ်ယောက်အတွက် အရမ်းကြီးတော့ အဆင်မပြေခဲ့ပါဘူး။ဒါပေမယ့် ကျနော့်အတွက် ဒီမှာ နေရာတစ်နေရာ ရှိတယ်ဆိုတာ သိခဲ့ပါတယ်။”

” ၇ နှစ်ကြာ ကစားပြီးနောက် နှုတ်ဆက်ချိန် တန်ပြီလို့ ထင်ပါတယ်။အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ရတာ သိပ်တော့ မလွယ်ကူလှပါဘူး။ မိသားစု နဲ့ ကျနော့် အနာဂတ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ် လိုက်တာပါ။ ”

“အသင်းဖော်တွေ၊အာဆင်နယ်အသင်းအတွက် အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။အထူးသဖြင့် ကျနော့်ကို လေးစားမှု အပြည့်နဲ့ ချစ်ခင် အားပေးကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ”

” ခင်ဗျားတို့ အားလုံးကို ကျနော် အမြဲတမ်း သတိရနေမှာပါ။ကျေးဇူး တင်ပါတယ် ၊ဒါနဲ့ စကားမစပ် အခုက လန်ဒန်ဒါဘီမှာ အနိုင်သုံးမှတ် ယူရမယ့် အချိန်နော် #COYG ” လို့ ရေးသား နှုတ်ဆက် သွားခဲ့ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက မာလာဂါ အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၈.၅ သန်း ဝန်းကျင်နဲ့ ရောက်ရှိလာတာပါ။မွန်ရီရဲလ်ဟာ ခုနှစ်နှစ်တာ ကာလအတွင်း အာဆင်နယ် အသင်းအတွက် ပွဲပေါင်း ၂၅၀ ကစားပေးခဲ့ပြီး သွင်းဂိုး ၁၀ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။မွန်ရီရဲလ်ဟာ အာဆင်နယ် အသင်းနဲ့အတူ အက်ဖ်အေဖလားသုံးကြိမ်၊ကွန်မြူနဒီဒိုင်း သုံးကြိမ် ရယူနိုင်ခဲ့ပါတယ်။