ဒီနေ့ပွဲမှာ အာဆင်နယ် အသင်း နည်းပြ အမ်မရီဟာ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ နီကိုလပ်စ်ပီပီ-လာကာဇက်-အူဘာမီယန်း တိုက်စစ်အတွဲကို ပထမဆုံး အကြိမ် ပွဲထွက် အသုံးပြုလာခဲ့ပါတယ်။ကွင်းလယ်မှာတော့ ဂွမ်ဒူဇီ၊ရှာကာ၊တော်ရီးယားတို့ကို အသုံးပြုခဲ့ပြီး နောက်တန်း မှာတော့ မိတ်လန်နိုင်းလ်စ်၊ဆိုကရက်တစ်၊လူးဝဇ်၊ကိုလာစီနက်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

စပါးအသင်းကတော့ ၄-၂-၃-၁ကစားကွက်နဲ့ ပွဲထွက် လာခဲ့ပြီး ဂိုးသမားနေရာမှာ လိုရစ်၊နောက်တန်းမှာ အယ်ဒါဝီရယ်၊ဆန်းချက်ဇ်၊ဗာတွန်ဂန်၊ဒန်နီရိုစ့်၊ကွင်းလယ်မှာတော့ ဟယ်ရီဝင့်ခ်၊ဆစ်ဆိုခို၊အဲရစ်ဆင် တို့နဲ့ ပွဲထွက် လာခဲ့ပါတယ်။တောင်ပံ နှစ်ဖက်မှာတော့ ဆွန်ဟောင်မင်၊လာမယ်လားတို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်ကိုတော့ ဟယ်ရီကိန်းက ဦးဆောင်လာခဲ့ပါတယ်။

အိမ်ရှင် အာဆင်နယ် အသင်းဟာ ပွဲအစ ကတည်းက ဖိကစားခဲ့ပေမယ့် တကယ်တမ်း ဦးဆောငဂိုး စရသွားခဲ့တာကတော့ စပါးအသင်းပါ ။ ပွဲချိန် ၁၀မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ဆွန်ဟောင်မင်ရဲ့ပေးပို့မှုကို လာမယ်လာ ရရှိသွားပြီး ကန်သွင်းရာမှာ လီနို ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးကို အဲရစ်ဆင်က ပိတ်သွင်းယူသွားခဲ့တာပါ။

အဲရစ်ဆင် အတွက်တော့ မြောက်လန်ဒန်ဒါဘီ ပထမဆုံး သွင်းဂိုး ဖြစ်သလို ပရီးမီးယားလိဂ် သွင်းဂိုး ၅၀ မြောက်လည်း ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုးရော ဂိုးဖန်တီးမှုရော အကြိမ်ရေ ၅၀ ပြည့်မြောက်တဲ့ ပထမဆုံး စပါး ကစားသမား ဖြစ်လာ ခဲ့ပါတယ်။

အာဆင်နယ် အသင်း ဘောလုံး ဆုံးရှုံးသွားတဲ့ အချိန်မှာ စပါး အသင်းရဲ့တန်ပြန်တိုက်စစ်ဆင်မှုတွေဟာ အတော်လေး ထိရောက်ခဲ့ပြီး ပွဲချိန် ၁၇မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ ကန်ချက်ကို လီနို ခက်ခက်ခဲခဲ ကာကွယ် ပုတ်ထုတ်လိုက်ရပါတယ်။

အာဆင်နယ် အသင်းဟာ ဘောလုံး ကိုင်ကစားနေပေမယ့်လည်း တိုက်စစ်မှာ ဘောလုံး အပျက်များနေခဲ့ကာ ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ပါဘူး။ပွဲချိန် ၃၈ မိနစ်မှာ အဲရစ်ဆင်ရဲ့ ဖရီးကစ် ကန်ချက် ကောင်းမွန်ပေမယ့် လီနို ကာကွယ် လိုက်နိုင်ပြန်ပါတယ်။

ပွဲချိန် မိနစ် ၄၀မှာတော့ ရှာကာ ဂိုးဧရိယာအတွင်းမှာ ဆွန်ဟောင်မင်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် စပါးအသင်း ပင်နယ်တီ ပြစ်ဒဏ်ဘော ရရှိသွားခဲ့ပြီးဟယ်ရီကိန်း က အမှားအယွင်း မရှိ ကန်သွင်း ယူနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာတော့ နီကိုလပ်စ်ပီပီ ရဲ့ ပေးပို့မှုကနေ လာကာဇက် က အာဆင်နယ် အသင်းအတွက် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းမှာ စပါး အသင်းဟာ အာဆင်နယ် အသင်း တိုက်စစ် ကစားသမားတွေကို သူတို့ ဂိုးဧရိယာထဲ လုံးဝအဝင်မခံဘဲ ခပ်ကြမ်းကြမ်း တုန့်ပြန်ကစားခဲ့ပါတယ်။အာဆင်နယ် အသင်းဟာ ထောင့်ကန်ဘောတွေ၊ပြစ်ဒဏ်ဘောတွေ အမြောက်အများ ရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ ပထမပိုင်းမှာ အာဆင်နယ် အသင်းရဲ့ တိုက်စစ်ဆင်မှုထက်စာရင် စပါးအသင်းရဲ့တန်ပြန်တိုက်စစ်တွေဟာ ပိုမို ထိရောက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၆မိနစ်မှာ ဂွမ်ဒူဇီရဲ့ အနိမ့်ဘော ကန်ချက် ကောင်းမွန်ပေမယ့် လိုရစ် လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ဆက်တိုက်ဆိုသလိုပဲ ပီပီရဲ့ ဖြတ်တင် ပေးပို့မှုကို ကိုလာစီနက် ပိတ်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော် သွားခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာ စပါးအသင်း ဂိုးရဖို့ နီးစပ်ခဲ့ပြီး အဲရစ်ဆင်နဲ့ ဟယ်ရီကိန်းတို့ရဲ့တွဲလုံးကနေ တစ်ဆင့် ဟယ်ရီကိန်း ကန်သွင်းရာမှာ တိုင်ထိထွက်သွားခဲ့ပါတယ်။

စပါး အသင်းဟာ လာမယ်လာ နေရာမှာ အလီ ကို လူစားလဲ ထည့်သွင်းခဲ့သလို အာဆင်နယ် အသင်းဟာ တော်ရီးယား နေရာမှာ စီဘယ်လောစ့်၊လာကာဇက် နေရာမှာ မီခီတာရန်းတို့ကို လူစားလဲ ကစားခဲ့ပါတယ်။စီဘယ်လောစ့် ဟာ လူစားဝင်ကစားချင်းချင်းမှာပဲ လှပတဲ့ အဝေးကန်ချက်နဲ့ လိုရစ်ကို အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။

Goal!!! ပွဲချိန် မိနစ် ၇၁ မှာ အာဆင်နယ် အသင်း ဒုတိယမြောက် ချေပဂိုး ထပ်မံ ရရှိ သွားခဲ့ပြီး ဂွမ်ဒူဇီရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှုကို အူဘာမီယန်းက လူကျွံ ထောင်ချောက်ကနေ ဖောက်ထွက်ပြီး ပိတ်သွင်းယူခဲ့တာပါ။ လက်ကျန်ပွဲချိန်တွေမှာ နီကိုလပ်စ်ပီပီ၊မီခီတာရန်းတို့ အပိုင်အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိတာကြောင့် နှစ်ဂိုးစီသရေနဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ စပါးအသင်းရဲ့ ပထမပိုင်း တိုက်စစ်ဆင်မူတွေဟာ ပိုမို ထိရောက်ခဲ့ပြီး သွင်းဂိုးနှစ်ဂိုး ရယူနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အာဆင်နယ် အသင်းဟာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လိုရစ် ရဲ့ လက်စွမ်းပြ ကာကွယ်မှု၊ပီပီ၊မီခီတာရန်း တို့ရဲ့ အပိုင် အခွင့်အရေးတွေကို အသုံးမချနိုင်မှုကြောင့် ဂန်းနားတို့ အနိုင်သုံးမှတ်နဲ့ လွဲချော် သွားခဲ့ရတာပါ။

ပရီးမီးယားလိဂ် ပွဲစဉ် (၅)ကို နိုင်ငံတကာ ပွဲစဉ်တွေအပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှ ပြန်လည် စတင်မှာ ဖြစ်ပြီး အာဆင်နယ် အသင်းဟာ ဝက်ဖိုဒ့်အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ဘကစားရမှာ ဖြစ်ပြီး စပါးအသင်းကတော့ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေစ့်ကို ဧည့်ခံ ကစားရမှာပါ။