Mane

အခု တလော လီဗာပူး ပရိသတ်တွေ အကြားမှာ မားနေး ရဲ့ ဘန်လေ နဲ့ ပွဲအပြီး ပေါက်ကွဲခဲ့မှု နဲ့ ပတ်သက်လို့ တော်တော်လေး အပြောများလျှက် ရှိပါတယ်။ တစ်ချို့ က ဆာလတ် ဘက်ကနေ ကာကွယ် ကြသလို ၊ တစ်ချို့ကလဲ ဆာလတ် ကို ဝေဖန်လျှက် ရှိနေကြတာပါ။

လီဗာပူး နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကတော့ သူတို့နှစ်ယောက် အကြားက ဆက်ဆံရေးဟာ ဘာမှထိခိုက်စရာ အကြောင်းမရှိဘူး လို့ မှတ်ချက် ပေးလိုက်သလို ၊ ကစားသမားဟောင်း အချို့ကလဲ ဒါဟာ ဥရောပရဲ့ ထိပ်သီး ကလပ်ကြီး တစ်ခုမှ မြင်တွေ့ရတတ်တဲ့ ကစားသမားတွေ ရဲ့ အကြားက အပေါင်း လက္ခဏာဆန်တဲ့ ပြိုင်ဆိုင်မှုမျိုးသာ ဖြစ်တယ်လို့ မှတ်ချက်အသီးသီး ပေးသွားခဲ့ကြပါတယ်။

Mane

 

ဘန်လေ နဲ့ ပွဲအပြီးမှာ တော့ မာနေးဟာ နားကြပ်ကြီးကို တပ်ကာ ၊ မီဒီယာတွေ က မေးခွန်းမေးဖို့ တောင်းဆိုမှုကို ပယ်ချသွားခဲ့ပါတယ်။ ဒါဟာ ပုံမှန် သူပြုမူနေကြ အမူရာမျိုး မဟုတ်သလို ၊ ကွင်းထဲက သူ့ရဲ့ အမူအရာတွေ နဲ့ ပတ်သက်ပြီး အကျယ်အကျယ် ထပ်မဖြစ်အောင် ပါးပါး နပ်နပ် နဲ့ ရှောင်ရှား သွားခဲ့တာလဲ ဖြစ်နိုင်ပါတယ်။

လီဗာပူး ရဲ့ အမည်မဖော်လိုသူ ၀န်းထမ်း တစ်ဦးကတော့ “ အ၀တ်လဲခန်းထဲမှာ မာနေး နဲ့ ဆာလတ် တို့အကြား ကြီးကြီး ကျယ်ကျယ် ဖြေရှင်းကြရလောက်အောင် ပြသနာက မကြီးခဲ့ပါဘူး။

သူတို့ နှစ်ယောက် အကြားမှာ ပြေပြေလည်လည် နဲ့ ဆွေးနွေးမှုလေးတွေတော့ ရှိခဲ့သလို ၊ နားလည်မှု တစ်ချို့လဲ ရယူသွားခဲ့ပါတယ်။ ကွင်းထဲမှာ ဖြစ်ခဲ့တာတွေကို အားလုံးက ကျေနပ်သွားခဲ့ပါပြီ” ပါပြီ လို့ ထုတ်ဖော်ေ ပြာဆိုသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အသင်းခေါင်းဆောင် ဟန်ဒါဆင် ကလဲ မာနေး နဲ့ ဆာလတ် တို့ အကြားက အဖုအထစ်ဟာ ထိပ်တန်း ကစားသမားတွေ အများကြီး ရှိနေတဲ့ ကလပ်တစ်ခုမှာ တွေ့ကြုံရတတ်တဲ့ ကိစ္စမျိုးသာ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပြီး ၊ ပြသနာ တစ်ခုလို့ ခေါင်းစဉ်တပ်လောက်အောင် မကြီးမားဘူးလို့ ပြောဆိုသွားခဲ့သွားခဲ့ပါတယ်။

“ ကျနော် ကတော့ အဲဒီလို ဖြစ်တာလေးတွေ သဘောကျတယ်ဗျ။ ကစားသမားတွေ အကြားမှာ အဲဒီလို ပြိုင်ဆိုင်မှုမျိုးက လိုအပ်တယ်လေ။ မာနေး က အေးဆေးပါ။

ဒါဟာ တစ်ယောက် နဲ့ တစ်ယောက် ပိုကောင်းလာအောင် ၊ ဆုံးဖြတ်ချက်တွေ ပိုပြီး မှန်ကန်လာအောင် ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် ပေါ်ပေါက်လာတာပါ။ ကျနော်တို့ အားလုံးမှာ ဆက်ဆံရေး ကောင်းတွေ ရှိထားပြီးသား ဖြစ်သလို ၊ ဒီလို အဖုအထစ်တွေလောက်တော့ ကျော်လွှားနိုင်စွမ်း အပြည့်ရှိကြပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ လီဗာပူး ကစားသမားဟောင်း စတိဗ် နီကိုးလ် ကလဲ အဲဒီ အဖြစ်အပျက် နဲ့ ပတ်သက်ပြီး “ လီဗာပူး ဟာ ဘာဖြစ်လို့ အခုလောက်ထိ ကျစ်လစ် ကောင်းမွန်နေရသလဲ ဆိုတာ မာနေး ရဲ့ အပြုအမူ က သက်သေတစ်ခုပါပဲ။

ထပ်ပြောရရင် မာနေး ၊ ဖာမင်နို ၊ ဆာလတ် တို့ အတွဲကို ဘာဖြစ်လို့ ပြိုင်ဘက် နောက်တန်းတွေက ကြောက်ကြသလဲ ဆိုတာ အဲဒါကြောင့်ပဲဗျာ။

သူတို့ အကြားမှာ ဂိုးသွင်းနိုင်တဲ့ ယုံကြည်မှုက အမြင့်ဆုံး ဖြစ်သလို ၊ တာဝန်ယူမှု ၊ တာဝန်ခံမှုကလဲ အမြင့်ဆုံးထိ ထားကြတာပါ။ 3-0 ဖြစ်နေပြီတောင် သူတို့ 3 ယောက်က ဂိုးသွင်းရတာ အားမရသေးပါဘူး။ သုံးယောက်စလုံးက ဂိုးတွေ သွင်းပြချင်တုန်းပါ။ ဒါကြောင့်လဲ လီဗာပူးဟာ အခုလို ဖြစ်လာတာပေါ့” လို့ သုံးသပ်သွားခဲ့ပါတယ်။

ဆာလတ် ကိုယ်တိုင်လဲ သူ့နဲ့ မာနေး တို့အကြားက ကိစ္စကို သွယ်ဝိုက် ဖြေရှင်းတဲ့ ပုံစံ အနေနဲ့ ဖာမင်နို က ရုပ်ပြောင်လုပ်ပြတဲ့ Video တစ်ခုကို အင်စတာဂမ် မှာ တင်သွားခဲ့သလို ၊ သူတို့ သုံးယောက် ကို ကိုယ်စားပြုတဲ့ ရယ်နေတဲ့ ပုံ 3 ခုကိုလဲ ရေးသားသွားခဲ့ပါတယ်။

လီဗာပူး ကစားသမားတွေ အကြားမှာ ပြိုင်ဆိုင်မှုတွေက အမြဲတမ်း ရှိနေတာ ဖြစ်ပါတယ်။
အာနိုး နဲ့ ရော်ဘတ်ဆန် အကြား ပြိုင်ဆိုင်မှုတွေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အပြင်ဘက် အထိ ပေါက်ကြားခဲ့သလို ၊ ချိန်ဘာလိန် နဲ့ အလောင်းအစား လုပ်တဲ့ အကြောင်းကလဲ ဟိုးလေး တကျော်ကျော် ဖြစ်ခဲ့ပါသေးတယ်။

နည်းပြကြီး ကလော့ပ် ကတော့ သူ့ ကစားသမားတွေ အကြားက အခုလို ပြိုင်ဆိုင်မှုဟာ ကောင်းတဲ့ လက္ခဏာ ဖြစ်ကြောင့် ၊ အဲဒီ ပြိုင်ဆိုင်မှုတွေကြောင့်ပဲ ပိုကောင်းတဲ့ ခြေစွမ်းတွေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ မှတ်ချက်ပေးထားခဲ့ဖူးပါတယ်။

ဆာလတ် ဟာ ဘန်လေ နဲ့ ပွဲမှာ တစ်ကိုယ်ကောင်း ဆန်ခဲ့လား လို့ မေးရင်တော့ ၊ ဆန်တယ်လို့ပဲ ဖြေရမှာပါ။

ဒါပေမယ့် လီဗာပူး အတွက် ကစားပေးထားတဲ့ 110 ပွဲ ပေါင်းမှာ 74 ဂိုး အထိ သွင်းယူ ထားတဲ့ မှတ်တမ်းက သူ့ရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြနေတာ ဖြစ်သလို ၊ ဂိုးသွင်းဖို့ ဘယ်လောက်အထိ ယုံကြည်မှု ပြင်းထန်တဲ့ ကစားသမား တစ်ယောက် ဖြစ်တယ် ဆိုတာလဲ ညွှန်ပြနေတာ ဖြစ်ပါတယ်။

ဘန်လေ နဲ့ ပွဲဆိုရင် ပထမပိုင်းမှာ ကတည်းက ပြိုင်ဘက် ရဲ့ ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက် ပြနေခဲ့တာ ဆာလတ် ဖြစ်ပြီး ၊ မီးနစ် 60 ကျော်သည့်တိုင်အောင် သွင်းဂိုး မရသေးတာကြောင့် ၊ ပရီးမီးယားလိဂ် ရွှေဖိနပ် ဆု 2 နှစ် ဆက်တိုက် ဆုရှင်ကြီးက ဂိုးသွင်းပြဖို့ လောဘကြီးနေတာဟာ နားလည်ပေးမယ် ဆိုရင် ပေးလို့ရမယ် ထင်ပါတယ်။

ကာရေဂါ ကတော့ “ ဆာလတ် အနေနဲ့ မာနေးကို သေချာပေါက် ထိုးပေးလိုက်သင့်ပါတယ်။ ဒါပေမယ့် မီးနစ် 60 လုံးလုံး ကို ဂိုးမရသေးတဲ့ တိုက်စစ် ကစားသမား တစ်ယောက် အနေနဲ့တော့ ဂိုးရလိုဇော များနေတာ အပြစ်တော့ ပြောစရာ မရှိပါဘူး” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ် ၀န်းကျင် လောက်က ၀င်ဘာလေမှာ စပါး အသင်းကို ကပ်ပြီး အနိုင်ရခဲ့တဲ့ ပွဲစဉ်ကလဲ မားနေဟာ အခု ဆာလတ် ရဲ့ အနေအထားမျိုး နဲ့ ကြုံခဲ့ဖူးပါတယ်။ သူဟာ ဆာလတ် ကို ပေးလို့ ရရဲ့သားနဲ့တောင် မပေးပဲ ဂိုးသွင်းဖို့ ကြိုးစားခဲ့တာကြောင့် ၊ ပွဲအပြီးမှာ လီဗာပူး ပရိသတ် အများစုရဲ့ ဝေဖန်ခြင်းကို ခံခဲ့ရဖူးသူပါ။

အထူးသဖြင့် အင်စတာဂမ်မှာ တင်ခဲ့တဲ့ သူ့ပို့စ် အောက်မှာ ဆိုရင် လီဗာပူး ပရိသတ်တွေက ၀ိုင်းပြီး ဝေဖန်ကြလွန်းလို့ နောက်ဆုံးမှာ ပို့စ်ကို ဖျက်ပစ်ရတဲ့ အထိကြုံခဲ့ဖူးပါတယ်။

အဲဒီနောက်မှာတော့ အီဂျစ်မှာ ရှိတဲ့ တရားဝင် အသိအမှတ်ပြုထားတဲ့ လီဗာပူး ပရိသတ်တွေက ဦးဆောင်ကာ မာနေး အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မိတဲ့ အတွက် တရားဝင် ပြန်လည် တောင်းပန်ခဲ့ကြပါတယ်။
အီဂျစ် ပရိသတ်တွေကလဲ ဆာလတ် ဂိုးသွင်းတာ မြင်ချင်လို့ မာနေးကို ဝေဖန်ခဲ့ကြပေမယ့် ၊ နောက်ပိုင်းမှာ သူတို့ရဲ့ တောင်းပန်လိုက်တဲ့ လုပ်ရပ်ကြောင့် ဇာတ်လမ်းက အရမ်းကို လှပသွားခဲ့တာပါ။

ဆာလတ် လီဗာပူး ကို ရောက်ရှိ လာပြီးနောက်ပိုင်း လီဗာပူး တိုက်စစ် ကစားသမား 3 ယောက်ရဲ့ စုစုပေါင်း သွင်းဂိုးဟာ 169 ဂိုး အထိရှိနေပြီး ၊ ဆာလတ်က 74 ဂိုး ၊ မာနေး က 50 ဂိုး နဲ့ ဖာမင်နို က 45 ဂိုး သွင်းယား ထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ သုံးယောက် အကြား ဘောလုံး ပေးပို့မှုတွေ ကို ကြည့်လိုက်ရင် –

ဆာလတ် က ဖာမင်နို ဆီ ကို – 277 ကြိမ်
ဖာမင်နို က ဆာလတ် ဆီ ကို – 256 ကြိမ်

ဖာမင်နို က မာနေး ဆီ ကို – 222 ကြိမ်
မာနေး က ဖာမင်နို ဆီ ကို – 209 ကြိမ်

မာနေး က ဆာလတ် ဆီကို – 177 ကြိမ်
ဆာလတ် က မာနေး ဆီ ကို – 172 ကြိမ် ပေးထားတာ တွေ့ရမှာပါ။

ဒါဟာ ဖာမင်နို က အလယ်ကနေ ချိတ်ဆက်ပေးတဲ့ ကစားသမား ဖြစ်လို့ အများဆုံး ဖြစ်နေတာ ဖြစ်သလို ၊ မာနေး နဲ့ ဆာလတ် တို့ဟာ တောင်ပံ တစ်ဖက် တစ်ချက်စီမှာ နေရာယူထား ရတာ ဖြစ်တဲ့ အတွက်လဲ ဘောလုံး ပေးပို့မှု နည်းနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ နောက်ပိုင်း မာနေး ဟာ ဆာလတ် အတွက် အခွင့်အရေး ဖန်တီးမှု 43 ကြိမ် ပြုလုပ်ပေးခဲ့ပြီး ၊ ဂိုးဖန်တီးမှု က 7 ကြိမ်အထိ ပြုလုပ်ထားခဲ့ပါတယ်။ ဆာလတ် ကတော့ မာနေး အတွက် အခွင့်ရေး 25 ကြိမ် နဲ့ ဂိုးဖန်တီးမှု 4 ကြိမ် ပြုလုပ်ပေးထားခဲ့တာပါ။

ဆာလတ်ဟာ ဖာမင်နို အတွက် အခွင့်ရေး ပေါင်း 34 ကြိမ် နဲ့ ဂိုးဖန်တီးမှု 5 ကြိမ် ပြုလုပ်ပေးထားပြီး ၊ ဖာမင်နို ကတော့ ဆလတ် အတွက် အခွင့်အရေး 33 ကြိမ် နဲ့ 7 ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။

ဖာမင်နို ဟာ မာနေး အတွက် 26 ကြိမ် အခွင့်အရေး ဖန်တီးပေးထားကာ ၊ ဂိုးဖန်တီးမှု အဖြစ် 5 ကြိမ် ပြုလုပ်ပေးထားပါတယ်။ မာနေး ကတော့ ဖာမင်နို အတွက် အခွင့်အရေး 17 ကြိမ် နဲ့ ဂိုးဖန်တီးမှု 2 ကြိမ်သာ ပြုလုပ်ပေးထားတာပါ။

အထက် ဖော်ပြပါ အချက်အလက်တွေ ကို ကြည့်လိုက်မယ် ဆိုရင် မာနေး ဟာ ဆာလတ် အတွက် အခွင့်အရေး အများဆုံး ဖန်တီးပေးသူ အဖြစ် ရှိနေတာကြောင့် အခုလို ပေါက်ကွဲမှု တစ်ခုဆီ ဦးတည်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မှတ်တမ်းတွေကြောင့် ဆာလတ်ဟာ တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ သူလား ၊ Team Work အလိုက် ကစားခြင်း မရှိဘူးလား လို့ သတ်မှတ်လို့ လုံးဝ မရပါဘူး။ 2017-2018 ဘောလုံးရာသီ နောက်ပိုင်း ဆာလတ်ဟာ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုပေါင်း 20 ကြိမ် အထိ ပြုလုပ် ပေးထားခဲ့ပြီး ၊ မာနေး ကတော့ ဂိုးဖန်တီးမှု 9 ကြိမ် နဲ့ ၊ ဖာမင်နို က ဂိုးဖန်တီးမှု 15 ကြိမ် အထိ ပြုလုပ်ထားခဲ့ပါတယ်။

အဲဒီ မှတ်တမ်းအရ ဆာလတ်ဟာ လုံးဝ တစ်ကိုယ်ကောင်းဆန် တဲ့ ကစားသမား မဟုတ်သလို ၊ သူတို့ 3 ယောက် အကြား ဘောလုံး ပေးပို့မှု အများဆုံး ကစားသမား အဖြစ်လဲ ရှိနေခဲ့ပါတယ်။

မာနေး နဲ့ ဆာလတ် တို့အကြား မှာ အပြန်အလှန် လေးစားမှု အပြည့်ရှိတဲ့ ဆက်ဆံရေးမျိုး ရှိသလို ၊ ဆာလတ် လီဗာပူးကို စတင် ရောက်ရှိ လာခဲ့စဉ်က အထိုင်ကျအောင် အဓိက ကူညီဖေးမ ခဲ့သူက မာနေး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆာလတ်ဟာ လိုဗရန် နဲ့ ပိုပြီး အနေနီးသွားခဲ့သလို ၊ မာနေး ကလဲ နောက်ထပ် အာဖရိက ကစားသမား တစ်ယောက် ဖြစ်တဲ့ ကီတာ ကို အန်ဖီးလ်မှာ အသားကျအောင် ကူညီ ပေးနေရတာ ဖြစ်ပါတယ်။

မဲဝုဒ် လေ့ကျင့်ရေးကွင်းမှာလဲ မာနေးဟာ သူ့ကိုယ်သူ နှိပ်ချပြီး နေတတ်တဲ့ ကစာသမား အဖြစ် လူသိများပြီး ၊ အေးအေးဆေးဆေး နေလေ့ရှိသူလဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်တာဗျူး တစ်ခုမှာ ဆာလတ် ဖြေကြားခဲ့စဉ်က “ ကျနော်နဲ့ မားနေး က အရမ်းကို ရင်းနှီးတာပါ။ အကြောင်းအရာတွေ လဲ အများကြီး ပြောဖြစ်သလို ၊ အ၀တ်လဲခန်းမှာတောင် နီးနီးကပ်ကပ် အတူတူ ထိုင်ကြတာလေ။ ကျနော်တို့ အကြားမှာ ဘယ်သူက ဂိုးအများဆုံး သွင်းပြရမယ် ၊ ဘယ်သူက ဂိုးအရင် သွင်းရမယ် ဆိုတဲ့ ကန့်သတ်ချက်မျိုးတွေ လုံးဝ မရှိပါဘူး” လို့ ပြောဆိုထားခဲ့သလို ၊

ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်မှာလဲ မာနေး က “ မို ပဲ ဂိုးသွင်းသွင်း ၊ ဘော်ဘီ ပဲ ဂိုးသွင်းသွင်း ပြသနာ မရှိပါဘူး ၊ ကျနော်တို့ အားလုံးက အသင်းအတွက်ပဲ အဓိက ဦးတည်ပြီး ကစားနေကြတာပါ” လို့ ပြောဆိုခဲ့ဖူးပါတယ်။

မိုဆာလတ် မရောက်ခင်က မာနေး ဟာ လီဗာပူး ရဲ့ တစ်ရာသီ အကောင်းဆုံး ကစာသမား အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပေမယ့် ၊ ဆာလတ် ရောက်ရှိလာချိန်မှာတော့ သူဟာ ပုံမှန် ကစားနေကြ ညာတောင်ပံ ကနေ ဘယ်တောင်ပံ ပြောင်းပြီး ကစားလိုက်ရတဲ့ အပြင် ၊ လီဗာပူး ရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမား ဆုကိုပါ ဆာလတ်ဆီ လွှဲပေးလိုက်ရပါတယ်။

သို့သော် မားနေး ကတော့ ဘာ ငြိုငြင်မှုမှ မပြသခဲ့တဲ့ အပြင် ၊ ဆာလတ် နဲ့ အကောင်းဆုံး တွဲဖက် ကစားပြခဲ့တာ ကြည့်ရင် ၊ သူ့ရဲ့ စိတ်သဘောထားကို ပရိသတ်တွေ ခန့်မှန်းလို့ ရနိုင်မယ် ထင်ပါတယ်။

ပွဲအပြီးမှာလဲ ကလော့ပ်က “ ကစားသမားတိုင်း နည်းနည်းလေးတော့ စိတ်ရှည်သင့်ပါတယ်။ မာနေး က အေးဆေးပါ။ ကျနော်တို့ အကြားမှာ နားလည်မှု က အပြည့်ရှိပါတယ်” လို့ ရယ်ရယ်မောမော နဲ့ ပြန်လည် ပြောဆိုသွားခဲ့ပါတယ်။

နှစ် 30 အကြာ ဝေးကွာနေတဲ့ ဆုဖလား တစ်လုံးကို ဆွတ်ခူးဖို့ ကစားသမားတွေ အကြား ဘယ်လောက်အထိ ဆုံးဖြတ်ချက်တွေ ချထားကြလဲ ဆိုတာ မာနေး ရဲ့ အပြုအမူတွေက သက်သေပါ။ သို့သော် သူ့ ရဲ့ အပြုအမူကြောင့် အသင်းအပေါ် မီဒီယာတွေ က ထိုးနှက်စရာ အကွက်တစ်ခု ရသွားမှာ ကို သွေးအေးသွားတဲ့ အချိန် စဉ်းစားမိမှာလဲ သေချာပါတယ်။

ဒါကြောင့် သူဟာ ဘန်လေ ကွင်းထဲက ထွက်ခွာလာစဉ်မှာ နားကြပ်ကြီးကို တပ်ကာ ၊ မီဒီယာတွေ ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ပြီး လှည့်ထွက်သွားခဲ့တာ ဖြစ်နိုင်တယ်လို့ ကောက်ချက် ချကြည့်ရင်း……………..

SPORTS MYANMAR