Narves

• မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီလာရီးရဲ နဲ့ ရီးရဲ မက်ဒရစ် တို့ ပွဲစဉ်ဟာ 2-2 သရေ ရလာဒ် နဲ့သာ ပြီးဆုံး သွားခဲ့ပါတယ်။ ရီးရဲ အတွက် သွင်းဂိုးတွေကိုတော့ အသင်းပြောင်းမယ်လို့ နာမည်ကြီးခဲ့တဲ့ ဘေးလ် တစ်ဦးတည်းက သွင်းယူ ပေးသွားခဲ့တာ ဖြစ်သလို ၊ ဘေးလ် ဟာ နှစ်ဝါ တစ်နီ နဲ့လဲ ထုတ်ပယ် ခံခဲ့ရပါတယ်။ လက်ရှိ အချိန်မှာတော့ အေတီကို ဟာ စုစုပေါင်း နိုင်ပွဲ 3 ပွဲ နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားလျှက် ရှိနေပါတယ်။

Bale
Real Madrid’s Welsh forward Gareth Bale (2L) scores a goal during the Spanish league football match Villarreal CF against Real Madrid CF at La Ceramica stadium in Vila-real on September 1, 2019. (Photo by Josep LAGO / AFP)

• ဘရိုတ်တန် နဲ့ ပွဲစဉ်မှာ လာပေါ်တေး ဒဏ်ရာ ရရှိသွားခဲ့ပြီး နောက်ပိုင်း မန်စီးတီးဟာ နောက်တန်း ပြသနာ နဲ့ အနည်းငယ် ရင်ဆိုင်ရလျှက် ရှိနေပါတယ်။ ပက် ဂွာဒီယိုလာ ကတော့ သူ့အနေနဲ့ အသင်းခေါင်းဆောင် ကွန်ပနီ ရဲ့ နေရာကို အစားထိုးဖို့ စဉ်းစားခဲ့သည့်တိုင်အောင် ၊ အသင်းမှာက ငွေကြေး သုံးစွဲဖို့ လုံလောက်တော့ခြင်း မရှိတာကြောင့် ၊ မခေါ်ယူနိုင်ခဲ့တာ ဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

• ၀က်စ်ဟမ်း အသင်းရဲ့ တိုက်စစ်မှုး ဟာနန်ဒက် ဟာ ဒီကနေ့မှာပဲ ဆီဗီလာ အသင်းထံ ယူရို 8 သန်း နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ သူဟာ ရီးရဲ မက်ဒရစ် နဲ့ အတူ လာလီဂါမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ၊ ဒီရာသီမှာ ပွဲထွက် ကစားခွင့် ရရှိဖို့ သေချာခြင်း မရှိတော့တာကြောင့် ၊ အခုလို အသင်းပြောင်းဖို့ ပြင်ဆင်လာခဲ့တာပါ။

• စပါး ၊ ယူနိုက်တက် ၊ ချဲဆီး ၊ အာဆင်နယ် အသင်းတို့ အားလုံး သရေရလာဒ်တွေ ထွက်ပေါ် အပြီးမှာတော့ ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ပွဲစဉ် 4 အပြီးမှာပဲ မန်စီးတီး နဲ့ လီဗာပူး တို့ပဲ အားပြိုင်ကြဦးမယ့် ပြိုင်ပွဲတစ်ခု ဆိုတာ အဖြေပေါ်သွားပြန်ပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်လိုက်ကြပါတယ်။

• မနေ့ညက အင်တာမီလန် အတွက် အနိုင်ဂိုးကို ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှုး လူကာကူ ဟာ ကက်ဂလီယာရီ ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြား အော်ဟစ်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ကက်ဂလီယာရီ ဖန်တွေဟာ လူမျိုးရေး ခွဲခြားရာမှာ နာမည်ကြီးသူတွေ ဖြစ်တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီး ၊ အခုထိ အီတလီ ဘောလုံးအဖွဲ့ချုပ်က အရေးယူဖို့ ပျက်ကွက်နေမှုကို ၀ိုင်းဝန်း ရှုတ်ချလျှက် ရှိနေပါတယ်။

• ဘာစီလိုနာ နဲ့ PSG တို့ အကြား နေမာ ရဲ့ အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးမှုတွေဟာ ဘာသဘောတူညီမှု တစ်ခုမှ မရပဲ အဆုံးသတ်သွားခဲ့ရပါပြီ။ ဒါကြောင့် ကစားသမားဟာ ရာသီ အကုန်မှသာ နောက်တစ်ကြိမ် နူးကမ့်ကို ပြောင်းရွှေ့ခွင့် ရဖို့ မျှော်လင့်လို့ ရတော့မှာ ဖြစ်ပါတယ်။

• မိုနာကို အသင်းရဲ့ တိုက်စစ်မှုး ဖယ်ကာအို ဟာ ဂါလာတာစာရေး အသင်းကို ၃ နှစ် စာချုပ် နဲ့ ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။ အသင်း ပရိသတ် 25000 ကျော် ကတော့ ဖယ်ကာအို ကို သူရဲကောင်းကြီး သဖွယ် သောင်းသောင်းဖျဖျ နဲ့ ကြိုဆို နှုတ်ဆက် ပေးသွားခဲ့ကြပါတယ်။

• မကြာခင် က မှ အတ္တလန္တာ အသင်းနဲ့ စာချုပ် ချုပ်ဆိုထားခဲ့တဲ့ အသက် 34 နှစ် အရွယ် လီဗာပူး ကစားသမားဟောင်း စကာတယ် ဟာ ပွဲထွက် ကစားခွင့် မရတာကြောင့် ၊ အဲဒီ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဆက်စပ် သတင်းတွေ အရ သူဟာ ကစားခွင့် မရလို့ စောဒက တက်ခဲ့ရာ ၊ နည်းပြ နဲ့ စကားများပြီး ၊ စာချုပ် ကို ဖျက်သိမ်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

• အင်တာမီလန် မှာ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှုး အီကာဒီ ကို ပီအက်စ်ဂျီ အသင်းက အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားလျှက် ရှိနေပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီဟာ အဓိက တိုက်စစ်မှုးတွေ ဖြစ်တဲ့ ဘာပေ ၊ ကာဗာနီ တို့ ဒဏ်ရာ ရရှိနေတာ ဖြစ်ပြီး ၊ အီကာဒီ အနေနဲ့ အသင်းပြောင်းလာမယ် ဆိုပါက ချက်ခြင်း ပွဲထွက် ကစားခွင့် ရရှိလာဖွယ် ရှိနေပါတယ်။

• ဂျူဗီဟာ အသင်းခေါင်းဆောင် ချီရယ်လီနီ က ကာလရှည် အနားယူရမယ့် ဒဏ်ရာ ရရှိသွားတာကြောင့် ၊ ဈေးကွက်ထဲမှာ ခံစစ်မှုးတစ်ဦးကို ခေါ်ယူဖို့ ရှာဖွေလျှက် ရှိနေပါတယ်။ ဂျာမဏီ သတင်းတွေ ကတော့ ဘိုင်ယန် က ဘိုတန် ကို ချိတ်ဆက်နေတယ်လို့ ဆိုထားပြီး ၊ နောက်ဆုံး အချိန်မှာ အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

• ဘာစီလိုနာ မှာ ပွဲထွက် ကစားခွင့် ဆုံးရှုံးနေတဲ့ ရာကီတစ် ကို ခေါ်ယူဖို့ ဂျူဗီဟာ နောက်ဆုံး ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖို့ စီစဉ်လျှက် ရှိနေပါတယ်။ ဒီတစ်ကြိမ် ကမ်းလှမ်းမှုမှာတော့ အမ်မရီချန် ကိုပါ ထည့်သွင်းသွားဖွယ် ရှိနေပြီး ၊ ဆာရီ ကလဲ သူ့ရဲ့ ကစားကွက်နဲ့ ရာကီတစ်ဟာ ထပ်တူကျလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

• နာပိုလီ အသင်းရဲ့ နည်းပြကြီး အန်ဆယ်လော့တီ က သူ့အနေနဲ့ အယ်အေဂလက်ဆီ တိုက်စစ်မှုးကြီး အီဗရာဟီမိုဗစ်ကို ခေါ်ယူဖို့ မျှော်လင့်နေတယ်လို့ သတင်းသမားတွေကို ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

• ဒေါ့မွန် အသင်းဟာ လီဗာပူး နဲ့ ပြသနာ ဖြစ်ခဲ့တဲ့ တိုက်စစ်မှုးလေး ဒွန်ကမ်ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ်လျှက် ရှိနေပါတယ်။ လီဗာပူးကသာ ရောင်းချဖို့ လမ်းဖွင့်ခဲ့ပါက ၊ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဂျာမန် သတင်းတွေက ဖော်ပြလျှက် ရှိနေပါတယ်။

• ရော်ဘတ်ဆန် ကတော့ ဖာမင်နိုသာ မရှိရင် သူတို့အသင်းဟာ အခုချိန် ရှုံးပွဲတွေ ကြုံထားရနိုင်ပြီ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပြီး ၊ ဘရာဇီး သားရဲ့ အလုပ်လုပ်နှုန်းတွေဟာ အသင်းရဲ့ တိုက်စစ်သာ မက ၊ ခံစစ်အတွက်ပါ အများကြီး အထောက်အကူ ဖြစ်နေတယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

Firmino

• စပါးတိုက်စစ်မှုး ကိန်း က မြောက်လန်ဒန် ဒါဘီ ပွဲစဉ် နောက်ဆုံးမီးနစ်မှာ ပင်နယ်တီ ရအောင် ဒိုင်ဗင် ပစ်ခဲ့တာ မဟုတ်တဲ့အကြောင်း ပြန်လည် ရှင်းလင်းလိုက်ပြီး ၊ အဲဒီ အနေအထားဟာ 50-50 သာ ဖြစ်လို့ ၊ ပင်နယ်တီ သတ်မှတ် မပေးခဲ့တာက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

• အေစီမီလန် အသင်းဟာ ဖရန့်ဖတ် အသင်းရဲ့ ခရိုရေးရှား တောင်ပံ ကစားသမား ရီဗစ် ကို 2 ရာသီ အငှားနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပြီး ၊ 25 သန် နဲ့ အပြီးသတ် ခေါ်ယူဖို့ အတွက်ပါ စာချုပ်မှာ ထည့်သွင်းသွားခဲ့ပါတယ်။ အေစီမီလန် ဘက်ကတော့ တိုက်စစ်မှုး အန်ဒရီ ဆေးဗား ကို အလားတူ စာချုပ် အချက်အလက်မျိုး နဲ့ ဖရန့်ဖတ် အသင်းထံ ပြန်လည် အငှားချပေးလိုက်ရပါတယ်။

• အေတီကို အသင်းရဲ့ တိုက်စစ်မှုး ကလီနစ် ဟာ ရိုးမား အသင်းထံ ကို အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ ရောမကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ အာဆင်နယ်မှာ နေရာ မရပဲ ဖြစ်နေတဲ့ မစ်ခီတာရန် ကို ပါ ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။

• PSG အသင်းဟာ ဆီဗီလာမှာ ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရတဲ့ ဂိုးသမား ရီကို ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ဟာ ရီးရဲ က ဂိုးသမား နာဗက် ကို ယူရို 15 သန်း နဲ့ ခေါ်ယူဖို့ အလွန်ကို နီးစပ်လျှက် ရှိနေပြီး ၊ ကစားသမားဟာ ဗီလာရီးရဲ နဲ့ ပွဲအပြီးမှာ တစ်သင်းလုံးကို နှုတ်ဆက်သွားခဲ့တယ်လို့ သိရပါတယ်။

SPORTS MYANMAR