ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာ ဗီလာရီးရဲလ် အသင်းနဲ့ ရီးရဲလ် မက်ဒရစ် တို့ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။ပြီးခဲ့တဲ့ ရာသီ မှာ ချန်ပီယံ ဘာစီလိုနာ နဲ့ အမှတ်အတော်လေးကွာဟခဲ့လို့ ပြင်ဆင်မှုတွေ ကြီးကြီးမားမားပြုလုပ်ထားတဲ့ ရီးရဲလ် အသင်းအတွက်တော့ ရာသီသစ်၃ပွဲအပြီး ဒုတိယမြောက် သရေပွဲကိုကြုံတွေလိုက်ရတာဖြစ်ပါတယ်။
ဒီပွဲ မှာအိမ်ရှင် ဗီလာရီးရဲလ် အသင်းကမိုရီနို ရဲ့ ဂိုးနဲ့ ပွဲအစကတည်းက ဦးဆောင်သွားနိုင်ခဲ့တာ ဖြစ်ပြီး ပထမပိုင်းပြီးဆုံး ခါနီးမှာ ဂါရတ်ဘေးလ်က ပြန်ပြီးချေပပေးခဲ့တာ ဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်း ဂိုမက်ဇ်ရဲ့ ဂိုးနဲ့ အိမ်ရှင်တို့ ထပ်မံဦးဆောင်နိုင်ခဲ့ပေမယ့် ဘေးလ်ကပဲ ထပ်ပြီး ချေပခဲ့တာဖြစ်ပါတယ်။
ရာသီ အစမှာပဲ ရမှတ် တွေ ဆုံးရှုံးနေပေမယ့် ရီးရဲလ် နည်းပြ ကြီးဇီဒန်းကတော့ ပူပန်နေပုံမရတာဖြစ်ပါတယ်။သရေရ မှတ် တမှတ် ဟာ အမြဲတမ်း အပေါင်းလက္ခဏာဆောင်တယ် လို့ သူကဆိုပါတယ်။ပွဲ အပြီး အင်တာဗျူး တခုမှာဇီဒန်းက – –
” အမှားအယွင်းတွေကတော့ ရှိတတ်တာဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော့်မှာ ကောင်းမွန်တဲ့ ခံစားချက်ပဲရှိနေပါတယ်။ပထမပိုင်း အစ ၁၅ မိနစ်လောက်ကခြေစွမ်းကို သာမေ့ထားလိုက်ရင် သူတို့ က ဦးဆောင်ဂိုးတွေသွင်းယူနိုင်သလို ကျွန်တော်တို့ကချေပနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါဟာအတော်လေးကို အရေးကြီးပါတယ်။
ရမှတ် တမှတ်ဆိုတာ အမြဲတမ်း အပေါင်း လက္ခဏာဆောင်တဲ့ အရာတခုသာဖြစ်ပါတယ်။ကျွန်တော်တို့ဟာဂိုးတွေသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ ပါတယ်။ဒီအတွက် လည်းကျွန်တော်တို့ ဂိုးတွေ အများကြီးသွင်းယူနိုင်ခဲ့သင့်တာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်း မှာ ပွဲကို ပြန်လည်ထိန်းချုပ်ကစားသွားနိုင်ခဲ့ပေမယ့်ဦးဆောင်ဂိုးထပ်ပေးလိုက်ရတဲ့အပေါ် မေးမြန်းရာမှာတော့ ဇီဒန်းက – ” ကျွန်တော်မသိပါဘူး၊ ဒါဟာ ပွဲတပွဲရဲ့ အခြေအနေတွေသာဖြစ်ပါတယ်။ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် သူတို့က ဒီလိုအရာတွေလုပ်နိုင်တဲ့ ပြိုင်ဘက်ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ခံစစ်ပိုင်း မှာတော့ တိုက်စစ်ပိုင်းမှာပါ တိုးတက်ဖို့ လုပိဆောင်သွားရဦးမယ်ဆိုတာကို သိပါတယ်။ကျွန်တော်တော့ အသင်းရဲ့ အပေါင်းလက္ခဏာဆန်တဲ့ တုန့်ပြန်ပုံတွေကိုပဲ စိတ်ထဲ မှတ်ထားမှာဖြစ်ပါတယ်။ပွဲကို မရှုံးလိုက်တာက ပိုပြီးအရေးကြီးတာဖြစ်ပါတယ် ” လို့ဖြေသွားခဲ့ပါတယ်။
အသင်းရဲ့ တိုက်စစ်ကစားသမားနှစ်ဦး ဖြစ်တဲ့ ဘန်ဇီမာ ၊ ဂျိုဗစ် တို့နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဇီဒန်းက –
” သူတို့ နှစ်ဦးကို ပိုပြီး အထောက်အကူဖြစ်စေမယ့် အစီအမံတွေကိုပိုပြီးလုပ်ဆောင်ပေးချင်ပါတယ်။လိုချင်သလောက်ဂိုးတွေ မရခဲ့ပေမယ့်အဲ့ဒီတိုက်စစ်မှူးကောင်း၂ယောက်ကြောင့် ပွဲကို ကစားနိုင်ခဲ့ပါတယ်။
ဒီနေ့ ကစားကွက်က မိုဒရစ် မပါနိုင်တာကြောင့် အသက်မဝင်ခဲ့တာဖြစ်ပါတယ်။ပွဲအစပိုင်း မှာ တိုက်စစ်ပိုင်းကိုပဲ ကျွန်တော်ကပိုပြီး နက်နက်ရှိုင်းရှိုင်း ကစားစေခဲ့တာကြောင့်သူက အနစ်နာခံခဲ့ရပြီး အရံခုံထိုင်ခဲ့ရတာဖြစ်ပါတယ်။
တုန့်ပြန်ပုံတွေကကောင်းခဲ့လို့ ယေဘုယျအားဖြင့်တော့ကျေနပ်မိပါတယ်။အနိုင်မရခဲ့လို့ ပျော်စရာမဖြစ်ခဲ့ဘူးဆိုပေမယ့် နောက်လာမယ့် ပွဲတွေ အကြောင်းကိုပဲ တွေးရတော့မှာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။
ရီးရဲလ် အသင်းကနေ ထွက်ခွာတော့မယ့် လို့ အသံတွေ အတော်လေးကျယ်လောက်ခဲ့တဲ့ ဘေးလ်ဟာ ဒီရာသီ လာလီဂါ ပြိုင်ပွဲမှာ သွင်းဂိုးတွေနဲ့အတူ အသင်းကို အကျိုးပြုနေတာဖြစ်ပါတယ်။ဒီဝေးလ်စ် တောင်ပံကစားသမားနဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေ အကြောင်းမေးမြန်းရာမှာတော့ ဇီဒန်းက –

” သူ့ရဲ့ သွင်းဂိုးတွေ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ် ပျော်ရွှင်မိပါတယ်။ကျွန်တော်တို့ အနေနဲ့ ဒီလို အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေနဲ့ ပဲရှေ့ဆက်နေမှာဖြစ်ပါတယ်။အပြောင်းအရွှေ့ဈေးကွက် အကြောင်းပြောရမယ်ဆိုရင်တော့ ကျွန်တော်ဟာ ဒီမှာ ရှိတဲ့ ကစားသမားတိုင်းနဲ့ ကျေနပ် ပျော်ရွှင်နေပါတယ် ” လို့ဖြေသွားခဲ့ပါတယ်။
ရီးရဲလ် အသင်းဟာ ရာသီသစ် လာလီဂါုပိုင်ပွဲမှာ ၃ ပွဲကစားအပြီး ရမှတ် ၅ မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်နေပါတယ်။သူတို့ဟာနိုင်ငံတကာပွဲတွေ အပြီးမှာတော့ လီဗန်တေးအသင်းကို ဘာနေဗျူး မှာ ဧည့်ခံသွားရမှာဖြစ်ပါတယ်။
SPORTS MYANMAR