Bury

ဘာရီ ဒေသခံ လွှတ်တော် အမတ် ဖြစ်သူ ဂျိမ်း ဖရစ် ကတော့ လက်ရှိမှာ EFL ဥက္ကဌ ဒက်ဘီ ဂျီဗန် နဲ့ တွေ့ဆုံကာ ဘာရီ အသင်းကို ပြန်လည် အသက်သွင်းပေးဖို့ ဆွေးနွေးလျှက် ရှိနေပါတယ်။ ဒီတစ်ကြိမ် ဆွေးနွေးမှုဟာ အယူခံဝင်တဲ့ ပုံစံမျိုး မဟုတ်ပဲ ၊ လာမယ့် ဘောလုံးရာသီမှာ လိဂ် 2 ပြိုင်ပွဲမှာ တန်းဆင်းပြီး ယှဉ်ပြိုင်ခွင့် ပုံစံမျိုးနဲ့ ၀င်ရောက် ညှိနှိုင်းကြည့်နေတာ ဖြစ်ပါတယ်။

 

ဘာရီ ဟာ နှစ်ပေါင်း 125 နှစ် သက်တမ်းရှိနေတဲ့ ကလပ် တစ်ခု ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ အပတ်က ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲတွေ ကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိတဲ့ နောက်ပိုင်း လိဂ် 1 ပြိုင်ပွဲ ကနေ ထုတ်ပယ်ခံရကာ ၊ အသင်းအဖြစ် ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာခံထားရတာ ဖြစ်ပါတယ်။

အဓိက အကြောင်းအရင်းဟာ အသင်းပိုင်ရှင် စတိဗ် ဒေးလ် ရဲ့ ညံ့ဖျင်းလွန်းတဲ့ စီမံခန့်ခွဲမှုကြောင့် ဖြစ်ပြီး ၊ နွေရာသီ တစ်ခုလုံး အချိန်ဆွဲကာ ပြသနာတွေကို အားစိုက်ဖြေရှင်းခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ ကနဦး အနေနဲ့ ဘာရီဟာ လိဂ် 1 ရာသီအဖွင့် ပွဲစဉ် 5 ပွဲကို ယှဉ်ပြိုင် ကစားဖို့ အသင့် မဖြစ်ခဲ့တာကြောင့် ၊ ပွဲစဉ်တွေကို ပယ်ဖျက် ခဲ့ရသလို ၊ EFL Cup ပြိုင်ပွဲ ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲဒီနောက် ပြိုင်ပွဲ တာဝန်ရှိသူတွေက နောက်ဆုံး သတ်မှတ်ရက်ကို သတ်မှတ် သတိပေးကာ ပြသနာတွေ ဖြေရှင်းဖို့ တွန်းအားပေးခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ C&N Sporting Risk လုပ်ငန်းစုက လွှဲပြောင်းရယူဖို့ ညှိနှိုင်းဆွေးနွေးခဲ့သည့်တိုင်အောင် ၊ ဥက္ကဌ စတိဗ် ဒေးလ် ရဲ့ လောဘကြီးလွန်းမှုကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ရပြီး၊ အသင်းကလဲ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေ ရတော့ EFL ဥက္ကဌ ဂျီဗန် ကလဲ ဘာရီ အတွက် အခုလို လွှတ်တော် အမတ်က ဦးဆောင်ပြီး ကြိုးစားလာမှုတွေကို ကြိုဆိုနေတယ်လို့ သိရသလို ၊ ဂရိတ် မန်ချက်စတာ မြို့တော်ဝန် အန်ဒီ ဘာနန် ကလဲ အနီးကပ် ပူးပေါင်း လုပ်ဆောင်ပေးလျှက် ရှိနေပါတယ်။

သတင်းထောက်တွေ နဲ့ တွေ့ဆုံခိုက်မှာတော့ လွှတ်တော် အမတ် ဘရစ်က က “ အနောက်မြှောက်ပိုင်းမှာတော့ ရှိတဲ့ ဗြိတိန်သား လုပ်ငန်း ရှင်တစ်ဦးက ဘာရီကို ပြန်လည် အသက်သွင်းခွင့်ရဖို့ စိတ်ဝင်စားနေတာပါ။ ကျနော် ကိုယ်တိုင်လဲ သူနဲ့ စကားပြောပါပြီးပြီ။ သူ့မှာ လက်ရှိ အကျပ်အတည်းကို ဖြေရှင်း ပေးနိုင်တဲ့ ငွေကြေး အင်အား တောင့်တင်းမှုမျိုး ရှိတယ်လို့လဲ ယုံကြည်လို့မို့လို့ အခုလို အားထုတ်လုပ်ကိုင်နေတာပါ။

တစ်ချိန်တည်းမှာပဲ မန်ချက်စတာ မြို့တော်ဝန်ကြီး ကလဲ အကောင်းဆုံး ကူညီပေးနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်း ကဆိုရင် သူရယ် ၊ ကျနော်ရယ် ၊ EFL ဥက္ကဌ ဂျီဗန် ရယ် မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ စဉ်းစားထားတာက ဘာရီ ကို လိဂ် 1 ကနေ လိဂ် 2 တန်းဆင်းပြီး လာမယ့်ရာသီမှာ ပြန်လည် ယှဉ်ပြိုင်ခွင့် ပြုပေးဖို့ အတွက်ပေါ့။

ရှေ့ဆက်ပြီး လုပ်ဆောင်ဖို့ ကတော့ အချိန်တွေ အများကြီး ယူရဦးမှာပါ။ အယူခံ ၀င်ထားတာကတော့ ပယ်ချခံထားရပြီးပြီလေ။ ဒါပေမယ့် EFL အဖွဲ့ဝင် ကလပ်ပေါင်း 72 သင်းဆီတော့ အသနားခံစာတွေ ရေးပြီး တင်ပြထားပါတယ်။ ရလာဒ်ကောင်း တစ်ခုကို မျှော်လင့်ကြတာပေါ့” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဘာရီ အသင်း ရဲ့ ဖျက်သိမ်းခဲ့ရပုံများ –

• ဇူလိုင် 30 – ဘာရီ ဟာ ငွေကြေး ဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်နေရလို့ ၊ ရာသီ အဖွင့် ပွဲစဉ်ကို ရွေ့ဆိုင်း ပေးခဲ့ရပါတယ်။

• သြဂုတ် လ 9 ရက် – တတိယမြောက် ပွဲစဉ်ပါ ဖျက်သိမ်းလိုက်ရ အပြီးမှာတော့ ၊ EFL ဟာ ငွေကြေး အခက်အခဲတွေကို သြဂုတ် လ 23 ရက် နေ့ မတိုင်ခင် ဖြေရှင်းဖို့ သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။

• သြဂုတ် လ 20 ရက် – ဘာရီ ရဲ့ 6 ပွဲ မြောက် ပွဲစဉ်ကို ပယ်ဖျက်လိုက်ရတဲ့ အပြင် ၊ ဥက္ကဌ စတိဗ် ဒေးလ် ကလဲ ၀ယ်ယူမယ့် ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့ပါတယ်။

• သြဂုတ် လ 23 ရက် – ဘာရီ ကို အနေနဲ့ သြဂုတ်လ 27 ရက် မတိုင်ခင် လက်ရှိ ၀ယ်ယူချင်နေတဲ့ C&N Sporting Risk အဆင်ပြေအောင် ဆွေးနွေးဖို့ ရက် နောက်ဆုတ်ပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဘာရီကို ပြိုင်ပွဲကနေ ထုတ်ပယ်ပြီး ၊ အသင်း ဖျက်သိမ်းခိုင်းခဲ့ပါတယ်။

SPORTS MYANMAR