Christansan

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ အရင် နှစ် ရာသီ တွေလို မဟုတ်ပဲ ကစားသမားသစ် ခေါ်ယူခွင့် တနှစ်ကြာ အပိတ် ခံထားရသလို ၊ အသင်း ရဲ့ အဓိက ကစားသမား တချို့ ဖြစ်တဲ့ အီဒင် ဟာဇတ် ၊ ဒေးဗစ် လူးဝဇ် တို့ကိုလည်း ရီးရဲလ် မက်ဒရစ် ၊ အာဆင်နယ် အသင်း တွေထံ ရောင်းထုတ် ထားခဲ့ ရပါတယ် ။

ထို့အပြင် နည်းပြ အပြောင်းအလဲ လည်း ဖြစ်ပေါ် ခဲ့ပြီး အသင်း အတွက် ယူရိုပါလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် အဆင့် ၃ နေရာ ရယူ ပေးခဲ့တဲ့ နည်းပြ မော်ရစ်ဇီယို ဆာရီ ဟာ စီးရီးအေ အင်အားကြီး ကလပ် ဂျူဗင်တပ် အသင်း ရဲ့ ကမ်းလှမ်းမှု ကို လက်ခံ ခဲ့တာကြောင့် ချယ်လ်ဆီး အသင်း ဟာ နည်းပြသစ် အဖြစ် ၄င်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ၊ ဒါဘီ နည်းပြဟောင်း ဖရန့် လမ်းပတ် ကို ၃နှစ် စာချုပ်နဲ့ ခန့်အပ် ထားခဲ့ပါတယ် ။

လက်ရှိ မှာ အဓိက ကစားသမား တချို့ ဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ် ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ရူဒီဂါ တို့ကိုလည်း ဒဏ်ရာ ကြောင့် အနားပေး ထားရသလို ၊ နောက်ထပ် အဓိက ကစားသမား တွေ ဖြစ်ကြတဲ့ ပတ်ဒရို နဲ့ ကန်တေ တို့ဟာလည်း အသီးသီး ဒဏ်ရာ ရခဲ့တာကြောင့် အသင်း ရဲ့ လူငယ် ကစားသမား တွေကို နေရာ ပေးဖို့ အကြောင်းဖန် လာခဲ့ပါတယ် ။

အကယ်ဒမီ ထွက် လူငယ် တွေ ဖြစ်ကြတဲ့ တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့် တို့ဟာ ချယ်လ်ဆီး အသင်း မှာ ပုံမှန် နေရာ တနေရာ ရလာကြသလို ၊ လူငယ် ခံစစ်မှူး တိုမိုရီ ဟာလည်း ပြီးခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲစဉ် မှာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ် ။ အရန် အင်အား မတောင့်တင်း ခဲ့တဲ့ အချက်ကြောင့် လမ်းပတ် ဟာ ထို ပွဲစဉ် မှာ ကိုဗာဆစ် အစား နောက်ထပ် ဆယ်ကျော်သက် လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ကို ပရီးမီးယားလိဂ် မှာ ပထမဆုံး မိတ်ဆက် ကစား စေခဲ့ပါတယ် ။

လောလောဆယ် ရလဒ်ပိုင်း အရ ချယ်လ်ဆီး အသင်း ရဲ့ မှတ်တမ်း တွေဟာ အားရစရာ မရှိပေမယ့် ကစားပုံ နဲ့ ကြိုးစားမှု ၊ ခံယူချက် တွေကတော့ အတော်လေး တိုးတက်လာတယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း နောက်ခံလူ ခရစ်တန်ဆန် ကတော့ ၄င်းတို့ဟာ အခက်အခဲ များစွာ ကြုံတွေ့ နေရင်တောင် အသင်းကြီး တသင်း ဖြစ်တာကြောင့် အောင်မြင်မှု တခုခု ကို ဆွတ်ခူး ရယူ သွားချင်တယ် လို့ ဖွင့်ဟ ခဲ့ပါတယ် ။

ခရစ်တန်ဆန် က ” ချယ်လ်ဆီး မှာ ကစားမယ် ဆိုရင် ခင်ဗျား မှာ မြင့်မားတဲ့ ခံယူချက် ၊ ရည်ရွယ်ချက် တွေ ရှိရပါမယ် ။ ကျွန်တော် တို့ဟာ အရင် ကတည်းက ဆုဖလား အောင်မြင်မှု တွေကို မကြာခဏ ရယူ နိုင်ခဲ့တဲ့ ကလပ် အသင်း ဖြစ်ပါတယ် ။ ဒီနှစ် မှာ အသင်းရဲ့ မျှော်မှန်းချက် က ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး ။ ဘောလုံး ရာသီတိုင်း မှာ ကျွန်တော် တို့ဟာ အမြင့်ဆုံး အောင်မြင်မှု တွေကိုပဲ ပစ်မှတ် ထားလာတာပါ ။ ”

” ဒီနှစ် ဘောလုံး ရာသီ မှာတော့ အဲ့ဒီ အမြင့်မားဆုံး အောင်မြင်မှု က ဘာကို ဆိုလိုမှာလဲ ဆိုတာတော့ အခုအချိန် အထိ ကျွန်တော် တို့ မသိရသေးပါဘူး ။ ဒါပေမယ့် အောင်မြင်မှု တခုခု ရယူဖို့ အတွက် ကျွန်တော် တို့ဟာ ကိုယ့်ကိုယ်ကို တွန်းအား ပေးသွားမှာ ဖြစ်ပါတယ် ။ ဒါဟာ ကျွန်တော် တို့ လိုချင်တဲ့ အရာပါ ။ ချယ်လ်ဆီး အသင်း ဟာလည်း အမြဲတမ်း ဆုဖလား တွေ အကြောင်း နဲ့ သက်ဆိုင် တဲ့ အသင်း ဖြစ်ပါတယ် ။ ”

” လက်ရှိ ကျွန်တော် တို့ရဲ့ မန်နေဂျာ ဟာလည်း ကစားသမား ဘဝ မှာတုန်းက ပရီးမီးယားလိဂ် ဖလား ကို ဆွတ်ခူး ခဲ့သလို ၊ လက်ရှိ အသင်း မှာ ရှိနေတဲ့ လူငယ် ကစားသမား တွေကလည်း ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက်ခွင့် ရဖို့ အတော်လေး ဆန္ဒ ပြင်းပြ နေကြပါတယ် ။ လက်ရှိ အသင်း ရဲ့ အစုအဖွဲ့ က အတော်လေး အားရစရာ ကောင်းနေပါတယ် ။ ဒါမျိုး ကို ကလပ် က အလိုရှိ နေတာပါ ။ ကျွန်တော် တို့ အနေနဲ့ ဒီရာသီ မှာ အကောင်းဆုံး ရလဒ် တွေ ပိုင်ဆိုင်ဖို့ လေ့ကျင့်ရေး အစီအစဉ် တွေမှာ အတတ်နိုင်ဆုံး ကြိုးစား သွားမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR