လီဗာပူး ပရိသတ် အများစုဟာ ဆီဘက်စတီယန် ကိုအာတက် ဆိုတဲ့ နာမည်ကို မေ့ကြဦးမယ် မထင်ပါဘူး။

တစ်ချိန်က သူတို့ အသင်းရဲ့ ခံစစ်ကို အားဖြည့်ဖို့အတွက် ခေါ်ယူခဲ့တဲ့ ဥရုဂွေး လူငယ် နောက်တန်း ကစားသမားဟာ ပရိသတ်တွေ မျှော်လင့်ထားသလို ၊ အသင်းမှာ ခြေစွမ်းပြ နိုင်ခြင်း မရှိခဲ့ပဲ 2014 ခုနှစ် မှာတော့ ဆန်းဒါးလန်း အသင်းဆီ အငှားနဲ့ သွားရောက် ကစားရင်း နောက်ပိုင်းမှာ အဲဒီ ကလပ်ကိုပဲ အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ ပါတယ်။

2016 ခုနှစ် မှာတော့ သူဟာ ပေါ်တူဂီကလပ် စပို့တင်း အသင်းဆီ အငှားနဲ့ ဆက်လက် ပြောင်းရွှေ့ခဲ့ပြန်ပြီး ၊ ဆက်တိုက်ဆိုသလို အပြီးသတ် ပြောင်းရွှေ့ကာ ကစားပေးလာခဲ့ပါတယ်။

ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ ပေါ်တူဂီ အမှတ်ပေး ဖလား ပွဲစဉ်မှာတော့ သူ့ရဲ့ ကစားသမား ဘ၀ အဆိုးရွားဆုံး အခိုက်အတန့် တစ်ခုနဲ့ မကြုံစဖူး ကြုံတွေ့ သွားခဲ့ရပါတယ်။ အဲဒါကတော့ သူ့ကြောင့်ပဲ ပင်နယ်တီ 3 လုံး အထိ ပေးလိုက်ရကာ ၊ နောက်ဆုံးမှာ 2 ၀ါ 1 နီ နဲ့ ကွင်းထဲကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။

ဒါဟာ ခံစစ် ကစားသမား တစ်ယောက် အတွက် အလွန်ကို ထူးဆန်းလွန်းတဲ့ ဖြစ်ရပ်ဆိုး တစ်ခု ဖြစ်သလို ၊ သူ့ရဲ့ အားနည်းချက်တွေကြောင့်ပဲ စပို့တင်းမှာ အိမ်ကွင်း ရှုံးပွဲကို ကြုံတွေ့သွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ကိုအာတက် ရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းမှုကြောင့် ဒိုင်လူကြီး က ပင်နယ်တီ စတင် သတ်မှတ်ပေးခဲ့ကာ ၊ ဧည့်သည် Rio Ave အသင်းက ဦးဆောင်ဂိုး သွင်းယူ သွားခဲ့ပါတယ်။ သို့သော် 19 မီးနစ်မှာတော့ အသင်းခေါင်းဆောင် ဖာနန်ဒက် ကို စပို့တင်း အတွက် ချေပဂိုးကို သူ့ရဲ့ ပုံစံအတိုင်း အပြင်းကန်ချက် နဲ့ သွင်းယူကာ ရယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စလို့ 7 မီးနစ် အကြာမှာ ဖယ်လီပီ က အိမ်ရှင်တို့ အတွက် ဦးဆောင်ဂိုးကို ပြန်လည် သွင်းယူလိုက်ပါတယ်။ ညာတောင်ပံ ကနေ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အနိးကပ် ပိတ်သွင်းပြီး ရယူပေးသွားခဲ့တာပါ။

သို့သော် စပို့တင်း အတွက် ကံကြမ္မာ အလှည့်အပြောင်းတွေက ပွဲပြီးခါနီး 5 မီးနစ် အလိုလောက်မှာ စတင် ပေါ်ပေါက်လာခဲ့ပါတယ်။

ကိုအာတက်ဟာ ပြိုင်ဘက် နောက်တန်း ကစားသမားရဲ့ ဂျာစီကို ဧရိယာထဲမှာ ဆွဲထားတာကြောင့် နောက်တစ်ကြိမ် ပင်နယ်တီ ပေးလိုက်ရပါတယ်။ ဒီပင်နယ်တီ ကို Rio Ave အသင်းကလဲ အမှားအယွင်း မရှိ ကန်သွင်းပြီး ချေပဂိုး ရယူသွားခဲ့ပါတယ်။

88 မီးနစ် အရောက်မှာတော့ နောက်တစ်ကြိမ် ကိုအာတက် ရဲ့ ဖျက်ထုတ်ပုံ ကြမ်းလွန်းလို့ ဒိုင်လူကြီးက ပင်နယ်တီ ထပ်မံ သတ်မှတ်ပေးလိုက် ပြန်ပါတယ်။ ကိုအာတက် ကတော့ 2 ၀ါ 1 နီ နဲ့ ထုတ်ပယ်ခံလိုက်ရသလို ၊ စပို့တင်း တို့ဟာလဲ ပွဲပြီးခါနီးမှ အနိုင်ဂိုကို ပင်နယ်တီ ကနေ ခွင့်ပြုလိုက်ရပါတယ်။

ဒီပွဲ အရှုံးရလာဒ်ကြောင့် စပို့တင်းဟာ 4 ပွဲ ကစားအပြီး ရမှတ် 7 မှတ် နဲ့ အဆင့် 5 နေရာမှာ ရပ်တည်လျှက် ရှိနေပါတယ်။