ဘန်လေ တိုက်စစ်မှုး အက်ရှ်လေဘန်းက လီဗာပူးဟာ ဒီရာသီမှာ အများကြီး တိုးတက် လာခဲ့တယ်လို့ ယုံကြည် နေပြီး ယာဂန်ကလော့ ရဲ့ အသင်းဟာ ဆက်လက် တိုးတက် နေအုံးမှာ ဖြစ်တယ်လို့ ကျန်ပရီးမီးယားလိဂ် အသင်း တွေကို သတိပေး သွားခဲ့ ပါတယ်။ ဘန်လေဟာ ဒီရာသီ ဘန်လေ ရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၃ ပွဲမှာ ၄ ဂိုး သွင်းယူ နိုင်ခဲ့တဲ့ အထိ ခြေစွမ်းပြ နေသူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ စနေနေ့က တပ်မိုးမှာ ယာဂန်ကလော့ ရဲ့ အသင်းကိုတော့ ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိခဲ့ ပါဘူး။

၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ကြောင့် လီဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ဆက်လက် ချီတက်နေပြီး ၁၃ ပွဲဆက် လိဂ် နိုင်ပွဲနဲ့ အတူ ကလပ် အသင်း သမိုင်း တစ်လျှောက် နိုင်ပွဲဆက် အများဆုံး စံချိန်ကို ရရှိခဲ့ပါတယ်။ လီဗာပူးရဲ့ ဒီလို နိုင်ပွဲဆက် မှတ်တမ်း ရဲ့ အစကတော့ ဘန်လေ ကို ၄ – ၂ နဲ့ မတ်လက နိုင်ခဲ့တဲ့ ပွဲက စတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ လီဗာပူး ရဲ့ ခြေစွမ်းကို မြင်တွေ့ လိုက်ချိန်မှာတော့ ဘန်းဟာ ယာဂန်ကလော့ ရဲ့ အသင်း ဘယ်လောက် တိုးတက် လာသလဲ ဆိုတာ ကောင်းကောင်း မြင်တွေ့ သွားခဲ့ဟန် ပါပဲ။

ဘန်း က “ လီဗာပူးဟာ သူတို့ရဲ့ နိုင်ပွဲဆက် မှတ်တမ်း အစ ဖြစ်တဲ့ ကျွန်တော်တို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကထက် ပိုမို ကောင်းမွန်နေတဲ့ အသင်း ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ပိုကောင်း လာခဲ့ပါတယ်။ ဒါပေမယ့် ဂိုးရလဒ် ကို ကြည့်ပြီးတော့ ပြောလို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ဟာ ဂိုးတွေကို အရမ်း လွယ်လွယ်ကူကူ ပေးခဲ့ ရတာပါ။

သူတို့ရဲ့ ပထမဂိုးဟာ လူထိပြီး ၀င်သွားတာ ဖြစ်သလို ဒုတိယဂိုးကလည်း ကျွန်တော်တို့ရဲ့ အမှားကနေ တဆင့် ရသွားတာပါ။ ပြီးတော့ တတိယဂိုးဟာ ကျွန်တော်တို့ ချေပဂိုး ပြန်ရဖို့ အတွက် သူတို့ကို pressing လုပ်ဖို့ ကြိုးစားရင်း ကစားကွက် ဖရိုဖရဲ ဖြစ်သွား ခဲ့လို့ ပေးလိုက် ရတာပါ။ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ အခွင့်အရေး တစ်ချို့ ရခဲ့ပါတယ်။ ထိပ်တန်း အသင်းတွေနဲ့ တွေ့ဆုံ နေတဲ့ အခါမှာ ဒါတွေကို အပိုင် အသုံးချ နိုင်ရပါမယ်။ မဟုတ်ရင် သူတို့ဟာ ကိုယ့်ကို အပြစ်ပေး သွားပါလိမ့်မယ်။

ဒါပေမယ့် သူတို့ရဲ့ ဒုတိယဂိုးနဲ့ တတိယဂိုးတွေဟာ အဆုံးသတ် တိကျသေချာ လွန်းတာကြောင့် ဒါကို ချီးကျူး သွားရမှာတော့ အမှန်ပါပဲ။ ဒါဟာ လီဗာပူး အသင်း ခင်ဗျားကို လုပ်သွား နိုင်တဲ့ အရာပါ။ သူတို့ဟာ တန်ပြန် တိုက်စစ်ဆင် ရာမှာ အရမ်းကို လျှင်မြန်တဲ့ အပြင် ဂိုးသွင်း မုဆိုးတွေ ဖြစ်တာကြောင့် ပြိုင်ဘက် အသင်းတွေကို အပြစ်ပေး နိုင်စွမ်း အပြည့်ပါ။

တစ်ကွင်းလုံး သူတို့ရဲ့ အရည်အသွေးကို မြင်တွေ့ နိုင်ပါတယ်။ သူတို့ဟာ ဆက်လက် တိုးတက် နေဆဲပဲ ရှိသေးတယ် မဟုတ်လား။ သူတို့ရဲ့ ဒီထက် အများကြီး တိုးတက်လာမှုကို မြင်တွေ့ ရအုံးမှာပါ။” လို့ ပြောလိုက်ပါတယ်။

လီဗာပူး အသင်းရဲ့ ၁၃ ပွဲဆက် နိုင်ပွဲဆက် စံချိန်နဲ့ ပက်သက်ပြီး အလက်ဇန်းဒါးအာနိုး က “ဒါဟာ ကျွန်တော်တို့ အတွက် ကြီးကြယ်တဲ့ အရာပါ။ စံချိန်တွေ တင်နိုင် ခဲ့တာ ဆိုတာ အမြဲတမ်း ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပြီး ဒါဟာ အသင်း အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ ပါပဲ။ ကျွန်တော်တို့ နောက်ထပ် နိုင်ပွဲတွေ ထပ်ရဖို့ မျှော်လင့် ထားပါတယ်။ တက်နိုင်သမျှ နိုင်ပွဲတွေ ဆက်ရဖို့ အားထုတ် သွားမှာပါ။ ကျွန်တော်တို့ဟာ အသင်း တစ်သင်း အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်း ပေါ်ကို ဦးတည် နေပါတယ်။ နိုင်ငံတကာ ပွဲစဉ်တွေ ပြီးတဲ့နောက် ကျွန်တော်တို့ နိုင်ပွဲဆက် မှတ်တမ်း ထပ်တိုး နိုင်ဖို့ မျှော်လင့် ထားပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM