အာဆင်နယ် အသင်း နောက်ခံလူဟောင်း မာတင်ကီယွန်က တော့တင်ဟမ် အသင်းနဲ့ ပွဲမှာ အမှားများခဲ့တဲ့ အသင်း ခေါင်းဆောင် ဂရန်းနစ် ရှာကာရဲ့စွမ်းဆောင်ရည်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန် သွားခဲ့ပြီး ရှာကာထက်စာရင် တော်ရီးယား၊စီဘယ်လောစ့်တို့က ပုံမှန် ပွဲထွက်ခွင့် ရသင့်ကြောင်း ဆိုပါတယ်။

ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာ ဟာ တော့တင်ဟမ် အသင်းနဲ့ ပွဲမှာ ဂိုးဧရိယာအတွင်း မလိုအပ်ဘဲ ဆွန်ဟောင်မင် ကို ကစားပုံ ကြမ်းတမ်း ခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ ရသလို ကွင်းလယ်မှာလည်း အမှားများခဲ့ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ် အသင်း ပရိသတ်တွေဟာ ရှာကာ ရဲ့ အမှားတွေ အပေါ် သည်းမခံ နိုင်တော့ဘဲ အသင်းခေါင်းဆောင် လက်ပတ်ကော၊ပုံမှန် ပွဲထွက်ခွင့်နဲ့ကော မထိုက်တန်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။ဂန်းနားတို့ရဲ့နောက်ခံလူဟောင်း မာတင်ကီယွန်ကတော့ ရှာကာရဲ့ ဖျက်ထုတ်မှုတွေဟာ အသင်းအပေါ် အကျိုးပြုတာ နည်းပြီး ဆိုးကျိုးတွေသာ ဖြစ်စေကြောင်း ဝေဖန် သွားပါတယ်။

မာတင်ကီယွန်က Daily Mailမှာ တော့တင်ဟမ် အသင်းနဲ့ ပွဲမှ ရှာကာရဲ့ အမှားတွေနဲ့ ပတ်သက်ပြီး “ဒါတွေက ရှာကာ လုပ်နေကြ အမှားတွေပါပဲ။သူက တစ်အိမ်လုံး မီးလောင် ပြာကျသွားမှ ရောက်လာတဲ့ မီးသတ်ကား လိုပါပဲ။ အမြဲတမ်း နောက်ကျမှ ကသိုက်ကရိုက် နဲ့ ရောက်လာသူပါ။”

” သူ့ရဲ့ ဖျက်ထုတ်မှုတွေက အသင်း အပေါ် ကောင်းကျိုး ပြုတာထက် ဒုက္ခ ရောက်စေတာက ပိုများပါတယ်။ ရှာကာက အသင်းမှာ လက်ခံ နိုင်စရာ မရှိတဲ့ အမှားတွေကို အမြဲလိုလို ကျူးလွန်နေတဲ့သူပါ။ ဒါကြောင့် သူ့ကို အရန်ခုံ ပို့ပြီး ပုံစံကောင်း ပြန်ရလာအောင် ပညာပေးသင့်ပါတယ် ။” လို့ ပြောကြား သွားခဲ့ပါတယ်။

တော့တင်ဟမ် အသင်းနဲ့ ပွဲအပြီးမှာ ရှာကာဟာ သူ့ရဲ့အမှားတွေအတွက် ပရိသတ်တွေကို အင်စတာဂရမ် အကောင့်ကနေ တစ်ဆင့် ပြန်လည် တောင်းပန် သွားခဲ့ပါတယ်။” အမ်းမရိတ်ကွင်းထဲမှာ အံ့သြစရာကောင်းလောက်အောင် အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူး တင်ပါတယ်။”

” ကျွန်တော်တို့ ပုံစံကောင်းတွေ ပြသနိုင်ခဲ့သလို အခုလို ပြန်လာ နိုင်တာမှာ ပရိသတ်တွေရဲ့ အားပေးမှုကလည်း အဓိက ကျခဲ့ပါတယ်။ ပင်နယ်တီကတော့ ကျနော့် အမှားပါ၊ကျနော်လည်း ကိုယ့်ကိုယ်ကို စိတ်တိုမိပါတယ်။ဒါပေမယ့် ကျနော် ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ပါဘူး ။” လို့ ရေးသား သွားခဲ့ပါတယ်။

ရှာကာ ဟာ အခု အချိန်မှာတော့ နိုင်ငံတကာ ခြေစမ်းပွဲတွေ အတွက် ဆွစ်ဇာလန် အသင်း နဲ့ ပူးပေါင်းဖို့ လန်ဒန်ကနေ ထွက်ခွာ သွားပြီလည်း ဖြစ်ပါတယ်။

SPORTS MYANMAR