လီဗာပူး ကွင်းလယ်လူဟောင်း နဲ့ လက်ရှိမှာ စကိုင်းစပေါ့ရဲ့ ဘောလုံး အစီအစဉ် တင်ဆက်သူ အဖြစ် လုပ်ကိုင် နေတဲ့ ဂျေမီရက်နက်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ မှာ အကောင်းဆုံး ခြေစွမ်းပြ ကစား ခဲ့တဲ့ သူတွေနဲ့ ဖွဲ့စည်းထားတဲ့ တစ်ပတ်တာ အကောင်းဆုံး ပရီးမီးယားလိဂ် အသင်းကို ရွေးချယ် ပေးလိုက်ပါတယ်။

လီဗာပူး အသင်းဟာ ဘန်လေ အသင်းကို တပ်မိုးမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့ပြီး အန်ဖီး ကလပ်တို့ ရခဲ့တဲ့ အဖွင့်ဂိုးကတော့ ကံကောင်းမှုတွေ ပါဝင် ခဲ့ပြီး တိုက်စစ်ကို လိုက်ပါ ပံ့ပိုး ခဲ့တဲ့ အလက်ဇန်းဒါးအာနိုး ရဲ့ ဖြတ်တင်ဘောဟာ ဘန်လေ တိုက်စစ်မှုး ခရစ်ဝုဒ် နဲ့ထိကာ ဂိုးထဲ တန်းဝင် သွားခဲ့တာ ဖြစ်ပါတယ်။ ကျန်ဂိုးတွေကိုတော့ ဆာဒီယိုမာနေး နဲ့ ရော်ဘတ်တိုဖာမီနို တို့က သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ကို လွှမ်းမိုး သွားစေ ခဲ့တဲ့ အဖြစ်အပျက် ကတော့ မာနေး နဲ့ ဆာလား တို့ကြားက ကိစ္စ ဖြစ်ပြီး အီဂျစ် လက်ရွေးစင်ဟာ ပွဲချိန်အတွင်း နေရာကောင်းမှာ ရှိနေတဲ့ မာနေး ကို ဘောလုံး ပေးပို့ဖို့ ပျက်ကွက် ခဲ့တာကို ဆီနီဂေါ စတားက ဒေါသထွက် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ လီဗာပူးရဲ့ ခံစစ်ပိုင်းမှာ ပုံစံကောင်း ပြသ ခဲ့ရုံသာမက တိုက်စစ်ကို ကောင်းစွာ လိုက်ပါပံ့ပိုး ပေးခဲ့တဲ့ အလက်ဇန်းဒါးအာနိုးဟာ ညာနောက်ခံလူ နေရာမှာ ပါဝင် ခဲ့ပါတယ်။

မန်ချက်စတာစီးတီး အသင်းဟာ ဘရိုက်တန် အသင်းကို အီတီဟတ်မှာ ၄ ဂိုးပြတ် နဲ့ အနိုင် ရရှိခဲ့ပြီး ဒီပွဲစဉ်မှာ ၂ ဂိုး သွင်းယူ ခဲ့တဲ့ တိုက်စစ်မှုး ဆာဂျီယို အဂွေးရိုး သာမက ကွင်းလယ်ကနေ တစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးကာ အထူး ခြေစွမ်းပြ ခဲ့ပြန်တဲ့ ကယ်ဗင်ဒီဘရိုင်း ကလည်း ရက်နက် ရဲ့ ရွေးချယ်ခြင်း ကို ခံခဲ့ ရပါတယ်။

အာဆင်နယ် နဲ့ စပါး တို့ရဲ့ မြောက်လန်ဒန်ဒါဘီ ကတော့ ထုံးစံအတိုင်း ရင်ခုန် စိတ်လှုပ်ရှားစရာ သရေပွဲ ဖြစ်ခဲ့ပြီး ဂန်းနား တို့ဟာ ခရစ်ရှန် အဲရစ်ဆင် ၊ ဟယ်ရီကိန်း တို့ရဲ့ ဂိုးတွေနဲ့ နောက်ကနေ လိုက်ကစား ခဲ့ရပေမယ့်လည်း အလက်ဇန်းဒါး လက်ကာဇက် ၊ ပီယာအမ်းမရစ် အူဘာမီယန်း တို့ရဲ့ ဂိုးတွေနဲ့ သရေ လိုက်ကစား သွားခဲ့ပါတယ်။ ဒါပေမယ့် ရက်နက် ရဲ့ ရွေးချယ်မှုမှာတော့ ဂန်းနား တို့ရဲ့ ကွင်းလယ်မှာ ခြေစွမ်းပြ ခဲ့တဲ့ အပြင် ချေပဂိုး အတွက် ဖန်တီး ပေးခဲ့တဲ့ ဂွန်ဒူဇီ တစ်ဦးပဲ ပါဝင် ခဲ့ပါတယ်။

နောက်ထပ် လန်ဒန် ကလပ် ဖြစ်တဲ့ ချဲလ်ဆီးကလည်း ရှက်ဖီးယူနိုက်တက် ကို အေဗရာဟမ် ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ပထမပိုင်းမှာ ဦးဆောင် နိုင်ခဲ့ ပေမယ့်လည်း ဒုတိယပိုင်းမှာ ခံစစ် အားနည်းမှုတွေ နဲ့ အတူ ချေပဂိုး ၂ ဂိုး ပြန်ပေး ခဲ့ရပြီး အိမ်ကွင်းမှာ သရေ တစ်မှတ်သာ ရခဲ့ပါတယ်။ ရက်နက် ဟာ ဒီပွဲမှာ ၂ ဂိုး သွင်းယူ ခဲ့တဲ့ အေဗရာဟမ် ကို ၄-၂-၃-၁ ကစားကွက်ရဲ့ ဘယ်တောင်ပံ တိုက်စစ် မှာ နေရာ ပေးခဲ့ပြီး ရှက်ဖီးအတွက် အရေးပါလှတဲ့ ချေပဂိုးကို ဒုတိယပိုင်း စစချင်းမှာ သွင်းပေး ခဲ့တဲ့ ရော်ဘင်ဆင် ကိုတော့ ညာတောင်ပံ တိုက်စစ်မှာ ထားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဆောက်သမ်တန် နဲ့ အဝေးကွင်းမှာ ဦးဆောင်ဂိုး ရခဲ့တဲ့ အပြင် ပွဲချိန် ၇၃ မိနစ်မှာ တစ်ယောက် အသာ ကစားခဲ့ရပေမယ့် သရေ တစ်မှတ်နဲ့သာ ကျေနပ် ခဲ့ရပါတယ်။ ဆောက်သမ်တန် အတွက် ချေပဂိုး သွင်းယူ ပေးခဲ့တဲ့ အပြင် ယူနိုက်တက် တိုက်စစ်ကို ကောင်းစွာ ဟန့်တား ပေးနိုင်ခဲ့တဲ့ နောက်ခံလူ ဗက်စတာဂတ်ဟာ ရက်နက် ရဲ့ အသင်းမှာ နောက်ခံလူ တစ်နေရာစာ အတွက် ထိုက်တန် ခဲ့ပါတယ်။

ရက်နက်ရဲ့ တစ်ပတ်တာ အကောင်းဆုံး အသင်းမှာ ဘယ်သူတွေ ထပ်ပြီး ပါကြသေးလဲ ?

ပရီးမီးယားလိဂ် ပွဲစဉ် ၄ အတွက် ဂျေမီရက်နက်ရဲ့ အကောင်းဆုံး အသင်း

GK – တွန်ဟီတန် (အက်စတွန်ဗီလာ) ၊ ပဲလေ့စ် ၁ – ၀ ဗီလာ
RB – အလက်ဇန်းဒါးအာနိုး (လီဗာပူး) ၊ ဘန်လေ ၀ – ၃ လီဗာပူး
CB – အစ်ဆာဒီအော့ (၀က်ဟမ်း) ၊ ၀က်ဟမ်း ၂ – ၀ နော့ဝှစ်
CB – ဗက်စတာဂတ် (ဆောက်သမ်တန်) ၊ ဆောက်သမ်တန် ၁ – ၁ ယူနိုက်တက်
LB – ဘန်ချီဝဲလ် (လက်စတာ) ၊ လက်စတာ ၃ – ၁ ဘုန်းမောက်
CM – ဂွမ်ဒူဇီ (အာဆင်နယ်) ၊ အာဆင်နယ် ၂ – ၂ တော့တင်ဟမ်
CM – ဒီဘရိုင်း (မန်စီးတီး) ၊ မန်စီးတီး ၄ – ၀ ဘရိုက်တန်
RAM – ရော်ဘင်ဆင် (ရှက်ဖီးယူနိုက်တက်) ၊ ချဲလ်ဆီး ၂ – ၂ ရှက်ဖီး
CAM – အဂွေးရိုး (မန်စီးတီး) – မန်စီးတီး ၄ – ၀ ဘရိုက်တန်
LAM – တမ်မီ အေဗရာဟမ် (ချဲလ်ဆီး) ၊ ချဲလ်ဆီး ၂ – ၂ ရှက်ဖီး
ST – ဂျေမီဗာဒီ (လက်စတာ) ၊ လက်စတာ ၃ – ၁ ဘုန်းမောက်

SM