Xhaka

တနင်္ဂနွေနေ့မှာကစားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီ ပွဲစဉ်မှာ အာဆင်နယ် အသင်းနဲ့စပါး အသင်းတို့ ၂ဂိုးစီသရေ နဲ့ ပွဲပြီး ခဲ့ပါတယ်။ဒီပွဲမှာ ဧည့်သည် စပါး အသင်းက အဲရစ်ဆင် ၊ ဟယ်ရီကိန်းတို့ရဲ့ ဂိုးတွေ ဦးဆောင်နိုင်ခဲ့ပေမယ့် လာကာဇက် ၊ အူဘာမီယန်တို့က ချေပဂိုးတွေ ပြန်လည်သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

 

အဲရစ်ဆင် ရဲ့သွင်းဂိုးကို ပွဲအစ ၁၀မိနစ် ဝန်းကျင်မှာပဲ ဂိုးသမားလီနိုရဲ့ အမှားကနေ ခွင့်ပြုခဲ့ရတာဖြစ်ပြီး၊ ဆွန်ဟောင်မင်ကို ခြေထောက်၂ဖက်နဲ့ စုံဝင်ပြီး ဖြတ်ထုတ် ခဲ့တဲ့ ရှာကာကြောင့် ပင်နယ်တီ ပေးလိုက်ရအပြီး မှာ ဟယ်ရီကိန်းက အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲကို ကြည့်ရှု အားပေးခဲ့ကြတဲ့ ပရိသတ် တွေ နဲ့ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေကတော့ ရှာကာဟာ ဂိုးဧရိယာအတွင်း မကျူးလွန်သင့်တဲ့ စည်းမျဉ်းတခုကို အလေးအနက် မထားပဲ လစ်လျူရှုခဲ့တယ်ဆိုတာကို မယုံကြည်နိုင်လောက်အောင် ကို မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ် ပရိသတ် တွေကတော့ ဒီဆွစ်ဇာလန် သားဟာ အမှားတွေ ကျူးလန်နေခဲ့တာသမိုင်းနဲ့ ချီနေပြီဆိုတာကို သတိပြုမိသူအတော်လေးနည်းပါးနေခဲ့တာဖြစ်ပါတယ်။Opta ရဲ့ အချက် အလက်မှတ်တမ်းတွေ အရ ၂၀၁၆-၁၇ ရာသီကနေ စတင်ပြီး ပရီးမီးယားလိဂ်မှာဂိုးပေးရတဲ့ အမှား အများဆုံး ကျူးလွန်ထားခဲ့တဲ့ ကစားသမား( ဂိုးသမားမပါ ) အဖြစ်သူက ရပ်တည်နေတာဖြစ်ပါတယ်။

တနင်္ဂနွေ နေ့ မှာ သူကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီ ဂိုးကြောင်းလည်း ၃နှစ်တာကာလအတွင်း မှာ သူ့ရဲ့ အမှားတွေကြောင့် ခွင့်ပြုရတဲ့ ပေးဂိုး၇ ဂိုးအထိရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အခြား ကစားသမား အားလုံးထက် အနည်းဆုံး၂ ကြိမ် အထိ ပိုပြီး အမှားတွေကျူးလွန်ထားခဲ့တဲ့ မှတ်တမ်းလည်းဖြစ်ပါတယ်။

အဆိုပါ အချိန် ကာလအပိုင်းအခြား အတွင်းမှာ ရှာကာရဲ့ နောက် အမှားအများဆုံး ကစား သမားကတော့ ဘုန်းမောက် နောက်ခံလူ ဆိုင်မွန် ဖရန်စစ် ဖြစ်ပြီး ပေးဂိုး ခွင့်ပြုရစေလောက်တဲ့ အမှား၅ကြိမ် အထိ ကျူးလွန်ထားတာဖြစ်ပါတယ်။

သူ့ရဲ့ နောက်မှာတော့ ဘန်လေ နောက်ခံလူ ဘန်မီး၊ ပဲလေ့စ်ကွင်းလယ်လူ မီလီဗိုဂျီဗစ် ၊ မန်စီးတီးနောက်ခံလူ အော်တာမန်ဒီ၊ ဘုန်းမောက်နောက်ခံလူ စတိဗ်ကွတ်၊ ဝက်ဖို့ဒ်နောက်ခံလူ မာရီရက်ပါ၊ဆောက်သမ်တန် နောက်ခံလူ စီဒရစ်တို့ အမှားလေးကြိမ်စီနဲ့ ရှိနေပါတယ်။ရှာကာရဲ့ အာဆင်နယ်အသင်းဖော် မူစတာဖီကတော့ အမှား၃ ကြိမ်ကျူးလွန်ထားတာဖြစ်ပါတယ်။

ရှာကာ ဟာပြီးခဲ့တဲ့ ရာသီမှာ အမှား ၂ကြိမ်ကျူးလွန်ထားခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရတဲ့ ပွဲမှာ ခေါင်းတိုက်ရှင်းလင်းရာမှာ ညံ့ဖျင်းခဲ့မှု ၊ အမ်းမရိတ်မှာ ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ပွဲမှာ ဘောလုံးပေးပို့ မှုမှားယွင်းခြင်းတွေကနေ ဂိုးတွေ ပေးထားစေခဲ့ရတာဖြစ်ပါတယ်။

စပါး အသင်းလို ခါးသီးပြိုင်ဘက်နဲ့ ပွဲမျိုးမှာ အမှားကျူးလွန်မိခဲ့ပြီး ပင်နယ်တီဂိုး ခွင့်ပြု ရစေခဲ့တဲ့ အတွက် တော့ပွဲအပြီးမှာ ရှာကာ ကတောင်းပန်စကားပြောဆိုသွားခဲ့ပါတယ်။သူ့ရဲ့ အင်တာဂရမ် အကောင့်ကနေ ရှာကာက –
” ပေးလိုက်ရတဲ့ ပင်နယ်တီဂိုး မှာ ကျွန်တော် အမှား လုပ်လိုက်မိပါတယ်။ဒီအတွက်လည်း ကိုယ့်ကိုယ်ကို စိတ်ဆိုးဒေါသထွက်မိပါတယ်။ဒါပေမယ့် ကျွန်တော်ဘယ်တော့ မှ အရှုံးပေးသွားမှာတော့ မဟုတ်ပါဘူး ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ပွဲစဉ် ၄အပြီးမှာ ရမှတ် ၇မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။သူတို့ဟာနိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာတော့ ဝက်ဖို့ဒ် အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

SPORTS MYANMAR