Sancho

မန်စီးတီး အကယ်ဒမီ ထွက်ကြယ်ပွင့် လေးတဦး ဖြစ်တဲ့ ဂျေဒန် ဆနိချိုဟာ ၂၀၁၇ ခုနှစ်မှာတော့ အင်္ဂလန် မြေကို စွန့်ခွာပြီး ဂျာမနီကလပ် ဒေါ့မွန် အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။မန်စီးတီး လို ထိပ်တန်း ကစားသမားတွေ အများအပြား ရှိနေတဲ့ အသင်းမှာ ပွဲထွက် ခွင့်အတွက် အာမခံချက်မရခဲ့တာကြောင့်လည်း အခုလို အသင်းပြောင်းခဲ့တာဖြစ်ပါတယ်။

သူဟာ ဒေါ့မွန် အသင်းကို ရောက်စမှာ အရံ အသင်းနဲ့ အတူပွဲစဉ် အချို့ ကစားခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ စီနီယာ အသင်းမှာကစားဖို့ အခွင့်အရေးတွေရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအသက် ၁၉ နှစ်အရွယ်မှာပဲ ကမ္ဘာပေါ်က စိတ်လှုပ်ရှားစောင့်ကြည့်ချင်စရာတိုက်စစ် ကစားသမားတွေထဲက တဦးအဖြစ်ထွန်းတောက်လာခဲ့တာဖြစ်ပါတယ်။

သူဟာ အခုချိန်မှာ တော့ အနာဂတ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး မန်ချက်စတာ မြို့ခံနှစ်သင်းရဲ့ ရေဒါအတွင်းရှိနေတယ်လို့ မီဒီယာတွေကဖော်ပြနေပါတယ်။အဆိုပါ ကောလာဟလတွေ နဲ့ ပတ်သက်ပြီး ဆန်ချိုက Sky sports နဲ့ အင်တာဗျူး မှာ –

” မီဒီယာ တွေရဲ့ အရေးစိုက်မှု ခံရဖို့ အတွက် ကြိုးပမ်းတာမျိုး ကျွန်တော်လုံးဝကို မလုပ်ပါဘူး။ကျွန်တော်ဟာ ကိုယ့်ရဲ့ ပွဲတွေကို ပဲ အာရုံစိုက်ပြီးနေနေတာဖြစ်ပါတယ်။ ဂျာမန် မြေမှာ ရှိနေတာကြောင့်လည်း မီဒီယာတွေ ရဲ့ ဖိအားတွေကနေ သက်သာရာ ရခဲ့တယ်ဆိုတာ အသိသာကြီးပါပဲ။ဒါကြောင့်လည်း ပွဲတွေကို ပဲ အာရုံစိုက်ကြိုးစားနေဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဆန်ချိုဟာ ဒီရာသီမှာ ဒေါ့မွန် အသင်းကို ဘွန်ဒက်လီဂါ ချန်ပီယံဆုရယူပေးချင်နေပြီး စပိန် သို့မဟုတ် အင်္ဂလန် ကိုပြောင်းရွှေ့ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေကို တုန့်ပြန်ဖို့ အချိန်လိုသေးတယ်လို့ သူက ဝန်ခံခဲ့ပါတယ်။ဆန်ချိုကဆက်လက်ပြီး –

” ကျွန်တော်ဟာ အနာဂတ် နဲ့ ပတ်သက်ပြီး တော့ ဘာမှ မပြောနိုင်သေးပါဘူး။ဒါပေမယ့်  ကျွန်တော့်အတွက် ဘာစိတ်အနှောက် အယှက်မှ ဖြစ်စေမှာတောါ့မဟုတ်ပါဘူး။လာလီဂါကလည်းဖြစ်စေမှာ မဟုတ်ပါဘူး။ဒါ့အပြင် ကျွန်တော်တို့ ဘာမှ မသိသေးပါဘူး ” လို့ပြောပြခဲ့တာဖြစ်ပါတယ်။

ဒီအင်္ဂလန် သားလေးဟာ ပြီးခဲ့တဲ့ လအတွင်းမှာ ပဲ ဂျာမန် ဘွန်ဒက်လီဂါ ပြိုင်ပွဲရဲ့ သွင်းဂိုး ၁၅ ဂိုး ကိုအသက်အငယ်ဆုံး
နဲ့ ပြည့်မြောက်ခဲ့တဲ့ မှတ်တမ်းကိုရရှိထားခဲ့ပါတယ်။ဒါ့အပြင် ရာသီသစ် ဘွန်ဒက်လီဂါ မှာလည်း ပွဲစဉ် ၃ပွဲ ကစားထားအပြီးမှာ သွင်းဂိုး၂ ဂိုးနဲ့ ဖန်တီးမှု ၃ကြိမ်အထိ စွမ်းဆောင်ပေးထားပြီး ကမ္ဘာပေါ်က အကောင်းဆုံးပြိုင်ပွဲတွေမှာ ကစားနိုင်စွမ်းရှိထားတယ်ဆိုတာကို ပြသထားနိုင်ခဲ့ပါတယ်။

ရာသီသစ်အနေအထားအပေါ် ဆန်ချိုက – “တကယ့်ကို ကြီးကျယ်တဲ့ စတင်မှုမျိုးဖြစ်ခဲ့ပါတယ်။ သွင်းဂိုး ၂ဂိုးနဲ့ ဖန်တီးမှု ၃ကြိမ်စွမ်းဆောင်ပေးထားနိုင်ခဲ့ လို့ ပျော်တော့ပျော်ရွှင်မိပါတယ်။ဆက်ပြီလုပ်ဆောင် နိုင်မယ် လို့လည်းမျှော်လင့်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဆန်ချိုဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ အင်္ဂလန် စီနီယာ လက်ရွေးစင် အသင်းအတွက် ၆ပွဲအထိပါဝင်ပေးထားခဲ့ပြီးပြီဖြစ်ပါတယ်။ဂျာမန်မြေကို ရောက်ရှိနေခြင်းက လည်း ဒီလိုအခွင့်အရေးတွေ အတွက် ပိုပြီး အထောက်အကူဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဆန်ချိုက – ” ဂျာမန် မြေကို ကျွန်တော့်ရဲ့ ပြောင်းရွှေ့လာခဲ့မှုကြောင့် အဲ့ဒီနေရာမှာ လည်း ပါရမီရှင်တွေ ရှိနေတယ်ဆိုတာကို နည်းပြတွေကို သဘောပေါက်သွားစေခဲ့ပြီး သူတို့ အနေနဲ့ အခွင့်အရေးပေးသင့်တယ်ဆိုတာနားလည်သွားခဲ့ပါတယ်။

ဒီကို နောက်ထပ် ရောက်လာဦးမယ့် ကစားသမားတွေအများကြီးရှိနေပြီး အင်္ဂင်္လန် အတွက်အဓိကဆုဖလားကြီးတွေ ပိုပြီးရယူပေးနိုင်ဖို့တော့ မျှော်လင့်ပါတယ်။လူတိုင်း အခွင့်အရေးတွေ ရဖို့ အတွက် လည်း ကျွန်တော်မျှော်လင့်မိပါတယ် ” လို့ပြောခဲ့ပါတယ်။

မန်စီးတီး တောင်ပံကစားသမား စတာလင်ဟာ လက်ရှိ အင်္ဂလန် အသင်းမှာ အကောင်းဆုံး အဖြစ်ရှိနေပြီး အသက် ၂၄ နှစ် အရွယ်မှာပဲ ၅၁ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီးပြီဖြစ်ပါတယ်။စတာလင်ကြောင့် သူ့အတွက် အများကြီးအထာက် အကူရခဲ့တယ်လို့ လည်း ဆန်ချိုကထုတ်ပြောခဲ့ပါတယ်။

ဆန်ချိုက – ” သူကော ကျွန်တော်ပါ နှစ်ယောက်စလုံး လန်ဒန်သားတွေဖြစ်ကြပါတယ်။ဒီမှာရှိနေတုန်း အတူတွဲကစားခဲ့ရတဲ့ ခံစားချက်ကတော့ တကယ်ကောင်းပါတယ်။ကျွန်တော့်ကို အကြံဥာဏ်တွေ အများကြီး ပေးခဲ့လို့ လည်း ကျေးဇူးတင်မိပါတယ်။

သူဟာ အသက် ငယ်ငယ်ရွယ်ရွယ်မှာပဲ အင်္ဂလန် အသင်း မှာပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံတွေကို ကျွန်တော့်ကိုပြောပြပါတယ်။ဘယ်သူ့ကိုမှမကြောက်ဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် ပဲ အားကျကြိုးစားဖို့ သွန်သင်ဆုံးမ အကြံပေးခဲ့ပါတယ် ” လို့ အဆုံးသတ်ပြောခဲ့ပါတယ်။

SPORTS MYANMAR