Neymar

ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ဟာ စက်တင်ဘာလ ၂ရက်နေ့ ညသန်းခေါင်းယံ မှာပြီးဆုံးသွားခဲ့ပြီဖြစ်ပါနယ်။ အားလုံး စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ ဘရာဇီးလ် စတားနေမာရဲ့ အပြောင်းအရွှေ့ကတော့ ဖြစ်မလာခဲ့ပဲ ကောလာဟလတွေ အဖြစ်သာပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

Neymar

နေမာ ကို ခေါ်ယူဖို့ သူ့ရဲ့အသင်းဟောင်းဘာစီလိုနာ နဲ့ မဟာပြိုင်ဘက် ရီးရဲလ်တို့ က နွေရာသီ တလျှောက်လုံးမှာ အပြိုင် ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် လည်း ဈေးကွက် ပိတ်သိမ်းချိန်အထိ အပြောင်းအရွှေ့ ကိစ္စတွေကို အပြီးသတ် ညှိနှိုင်းနိုင်ခြင်း မရှိခဲ့လို့ ပျက်ပြယ်ထားခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းကိုကာလရှည်ကိုင်တွယ်ခဲ့တဲ့နည်းပြဟောင်း တဦးဖြစ်တဲ့အာဆင်ဝင်းဂါးကတော့ နေမာလို စူပါစတားတဦးကို ဆက်ထိန်း ထားနိုင်ခဲ့တာဟာ PSG အတွက် အတော်လေးအကျိုးရှိခဲ့တယ်လို့ သုံးသပ်လိုက်ပါတယ်။အကြောင်းကတော့ ကစားသမားကောင်းတဦးကို ဆက်ထိန်းထားနိုင်တာထက်ပိုလို့ ဖြစ်တယ်လို့သူက ရှင်းပြပါတယ်။

PSG အသင်းရဲ့ ကြယ်ပွင့်တဦးဖြစ်တဲ့အမ်ဘာပေ ဟာ နေမာလို ပဲ အပြောင်း အရွှေ့ကောလာဟလ တချို့ ထွက်ပေါ်ခဲ့သေးတာဖြစ်ပေမယ့် ပဲရစ်မြေမှာပဲဆက်ရှိနေခဲ့တာပါတယ်။ဒါဟာ နေမာဆက်ရှိနေတာနဲ့ လည်း အများကြီးသက်ဆိုင်နေတယ် လို့ အာဆင်ဝင်းဂါးကဆိုပါတယ်။

Arsen Wenger

beIN Sports နဲ့ အင်တာဗျူးတခုမှာ အာဆင်ဝင်းဂါးက – ” နေမာ ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တွေထဲကတဦးဖြစ်တယ် လို့ ကျွန်တော်ထင်ပါတယ်။PSG အသင်းမှာ သူဆက်ရှိနေတဲ့ အတွက် လည်း ကျွန် တော် ကျေနပ် ပျော်ရွှင် မိပါတယ်။

ဘာကြောင့် လည်းဆိုတော့ အသင်းတသင်းဟာ ကိုယ့် အသင်းမှာရှိတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား၂ယောက်၃ယောက်ထဲက တယောက်ကို သာဆုံးရှုံးလိုက်ရမယ်ဆိုရင် နိယာမအရ နောက်လာမယ့်နှစ်မှာ နောက်ထပ် တဦးကို ပါထပ်ပြီး ဆုံးရှုံး ရတတ်လို့ ဖြစ်ပါတယ်။

ကိုယ့် ရဲ့ အသင်းက ငွေကြေး ဓန အင်အားကြွယ်ဝတောင့်တင်းတယ်ဆိုရင်တောင် ပွဲတွေမှာ အလှည့်အပြောင်းတွေ ခြားနားချက်တွေ စွမ်းဆောင်နိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ရဖို့ ခက်ခဲပါတယ်။ဒါကြောင့် လည်း အဲ့ဒီလို ကစားသမားတွေရှိထားချိန်မှာမဖြစ်မနေ ထိန်းသိမ်းဖို့ လိုပါတယ်။

ကစားသမား တယောက် ကို ထိန်းထားဖို့ ကြိုးစားတဲ့ နေရာမှာလည်း ခင်ဗျားတို့ဟာ သူ့အတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို သိအောင်လုပ်ပြီး ယုံကြည်မှု ရအောင်စွမ်းဆောင်တာကပိုကောင်းပါတယ်။ထွက်မရအောင် အခွင့်အလမ်းတွေ လိုက်ပိတ်နေတာကတော့ သိပ်မဟန်ပါဘူး ” လို့ပြောခဲ့ပါတယ်။

PSG အသင်းဟာ နေမာကို ထိန်းထားနိုင်ခဲ့သလို ပဲ အင်တာမီလန် အသင်းရဲ့တိုက်စစ်မှူး အိုင်ကာဒီကို အငှားခေါ်ယူနိုင်ခဲ့ လို့ တိုက်စစ် အင်အား ပိုပြီးတောင့်တင်းသွားခဲ့ပါတယ်။ပြင်သစ်လိဂူးရဲ့လက်ရှိချန်ပီယံ PSG တို့ဟာ ရာသီသစ် ပွဲစဉ် ၄ပွဲ ကစားအပြီးမှာလည်း ရမှတ် ၉မှတ် နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

SM