ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံး အသင်းတသင်းဖြစ်တဲ့ ယူနိုက်တက် အသင်းဟာ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ခေတ်အလွန် ကာလတွေမှာတော့ အခြေအနေတွေဆိုးရွားနေခဲ့တာဖြစ်ပါတယ်။နည်းပြတွေ အလီလီ ပြောင်းခဲ့ပေမယ့် အမှတ်ပေးချန်ပီယံ ဆုကြီးနဲ့ ဝေးနေခဲ့တာဟာ ကာလတခုကြာနေပြီဖြစ်ပါတယ်။

လတ်တလော မှာတော့ တိုက်စစ် မှူးဟောင်း တဦးဖြစ်တဲ့ဆိုးလ်ရှားကို တာဝန်ပေးထားပြီး အသင်းကို လည်း အားဖြည့်မှု တချို့ ပြုလုပ်ပေးထားပါတယ်။ဒါပေမယ့် ထင်သလောက်တိုးတက်လာခြင်း မရှိသေးပဲ ယမန်နှစ် ပရီးမီးယားလိဂ်ပြိုင် ပွဲမှာ အဆင့် ၆နေရာသာရခဲ့ လို့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နဲ့ တောင်လွဲချော်ထားခဲ့ရတာဖြစ်ပါတယ်။

သူတို့ဟာ ရာသီသစ် မှာလည်း ပွဲစဉ် လေးပွဲ ကစားထားအပြီးမှာ နိုင်ပွဲတပွဲသာ ရရှိထားပြီး ရမှတ် ၅မှတ်နဲ့ အတူ အဆင့်၈ နေရာအထိ ရောက်ရှိနေပါတယ်။ဒါကြောင့် လည်း မျှော်လင့်ချက်ကြီးကြီးမားမားထားနေခဲ့တဲ့ ယူနိုက်တက် အသင်းပရိသတ်တွေ အတွက် တော့ ရာသီအစမှာပဲ စိတ်ပျက်စရာဖြစ်နေခဲ့ရပြီလည်းဖြစ်ပါတယ်။

ယူနိုက်တက်တို့ အခုလိုအနေအထားဖြစ်နေတဲ့ အဓိက အကြောင်းရင်းတခုကတော့ အခွင့်အရေးတွေကို အသုံးချနိုင်စွမ်း နည်းပါးခြင်းကြောင့်ဖြစ်ပါတယ်။ဆောက်သမ်တန် နဲ့ ၁ဂိုးစီ သရေကျတဲ့ပွဲအပြီး အင်တာဗျူးတခုမှာ ဆိုးလ်ရှားက – ” ကျွန်တော်တို့ အသင်းဟာ အခွင့် အရေးတွေ အများကြီ ရခဲ့ပါတယ်။အဖွင့်မှာ အများကြီး လုပ်ဆောင်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ လွဲချော်မှုတွေနဲ့သာ အဆုံးသတ်ထားခဲ့ရတာဖြစ်ပါတယ်။

သွင်းဂိုးတွေ ရရှိနိုင်ဖို့ အတွက် သင်ယူမှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ်။ပြိုင်ဘက်အသင်းတွေရဲ့ ခံစစ်ကို တွန်းအားပေးမှုတွေ ပြုလုပ်သွားရမှာဖြစ်ပြီး အဲ့ဒီ ဝန်းကျင်နားမှာ အမြဲဖိအားပေးနေရမှာဖြစ်ပါတယ်။

ကျေနပ်စရာကောင်းတာတခုကတော့ ကျွန်တော်တို့ဟာ ကြောက်စရာကောင်းတဲ့ ဘောလုံးဖြတ်တင်ပေးပို့မှု တွေကို သင်တောင့်သက်သာနဲ့ ကစားနိုင်နေပြီး အမြင့်ဘောတွေ ပါကစားနိုင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် လည်း အရိုးသားဆုံးဝန်ခံရရင် ဂိုးတွေသွင်းယူနိုင်ခဲ့သင့်တာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ထုံထိုင်းထိုင်း ခံစားချက်မျိုး ဖြစ်ခဲ့ပြီး စိတ်လည်းပျက်ခဲ့ကြပါတယ်။ နောက်ဆုံး ၃ပွဲမှာဆိုရင် ကျွန်တော်တို့ အမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။အနိုင်ရဖို့ ထိုက်တန် တဲ့ ပွဲတွေမှာ ဆုံးရှုံးထားခဲ့ရတာ လည်းဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ မှတ်ချက် သဘောထားတွေနဲ့အတိုင်းပဲ တိုက်စစ်ပိုင်း ဆိုင်ရာလိုအပ်ချက်တွေကို လည်း အချက်အလက်တွေ မှာတွေ့ရပါတယ်။ဒါကတော့ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်မှာ အခွင့်အရေးဖန်တီးနိုင်တိုင်းမှာ အခွင့်အရေးကောင်းဖြစ်မှုက ( 7.4 ) အထိရှိနေတာဖြစ်ပါတယ်။

ဒါဟာ ဝက်စ်ဟမ်း ( 7.67 ) နဲ့ မန်စီးတီး ( 11.17) တို့ရဲ့ နောက် တတိယမြောက် အဆင့်အမြင့်ဆုံးအဖြစ် ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း ယူနိုက်တက် အသင်းဟာ အခွင့်အရေးကောင်းတွေရတိုင်းဂိုးအဖြစ်ပြောင်းလဲနိုင်သူတွေလိုအပ်နေတာကိုမြင်ရမှာဖြစ်ပါတယ်။

သတင်းကောင်းတခုကတော့မက်ဂွိုင်းယား ရဲ့ ဦးဆောင်မှုနဲ့ အတူပိုပြီး စနစ် ကျ ကျစ်လစ်လာတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်မှတ်တမ်းပဲဖြစ်ပါတယ်။ ယူနိုက်တက် အသင်း ဟာ သူတို့ပြိုင်ဘက် အသင်းတွေကို ၄ဂိုးသာခွင့်ပြုထားရသေးတာဖြစ်ပြီး ပြိုင်ဘက်တိုက်စစ်တွေကို ဟန့်တားနိုင်မှုမှာ ( 3.25 ) အထိရှိနေပြီး လက်စတာ အသင်း ( 2.79 ) ရဲ့နောက် အကောင်းဆုံးလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း အထက်ပါအချက်အလက် တွေအရ ယူနိုက်တက် အသင်းဟာ သူတို့နဲ့ ကိုက်ညီတဲ့ ရပ်တည်မှု အဆင့်မျိုးမှာ ကျရောက်နေတယ်ဆိုတာကို သံသယတောင်ဝင် စရာမလိုတာဖြစ်ပါတယ်။သူတို့ဟာ ဒီရာသီမှာ ဂိုးကန်သွင်းမှု ၆၃ ကြိမ်အထိရှိထားပေမယ့် ၁၈ကြိမ်သာဂိုးပေါက် တည့်ထားခဲ့တာဖြစ်ပါတယ်။

ဒန်နီရယ်ဂျိန်းစ်လို ကစားသမားမျိုးက ဂိုးအများဆုံး အဖြစ်ရပ်တည်နေတာကို ကြည့်ခြင်းအားဖြင့် တိုက်စစ်မှူးတွေအနေနဲ့ အခုပိုပြီးထက်မြတ်ဖို့ လိုသေးတယ်ဆိုတာကို မြင်ရမှာဖြစ်ပါတယ်။ဒီဝေးလ်စ်သားလေးရဲ့ ယူနိုက်တက် ကစားသမားဘဝဟာ အဖွင့်လှပနေပေမယ့် သူ့ရဲ့ တိုက်စစ်ကစားဖော်တွေကတော့ ဂိုးသွင်းနိုင်မှု နှုန်းတွေကျဆင်းနေတာဖြစ်ပါတယ်။