အာဆင်နယ် အသင်း ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲကနေ တစ်ဆင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ ကြိုးပမ်း ခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး ။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့်လေးအတွင်း ဝင်ဖို့ အရမ်း နီးစပ်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ ခြေချော်သွားခဲ့ပြီး အဆင့် ၅ နေရာမှာသာ ရာသီ ပိတ်သိမ်း ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ပြို င်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ တက်ရောက် နိုင်ခဲ့ပေမယ့် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး အသင်းကို ရှုံးနိမ့် သွားတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ သုံးနှစ်ဆက် လွဲချော် သွားခဲ့ရတာလည်း ဖြစ်ပါတယ် ။

ဒါကြောင့် အာဆင်နယ် အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား ခြောက်ဦး အထိ ခေါ်ယူ အင်အား ဖြည့်တင်း ခဲ့ပြီး လိုင်လီ အသင်း တောင်ပံ ကစားသမား နီကိုလပ်စ် ပီပီ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ရမ်ဆေး ထွက်သွားတဲ့ ကွင်းလယ် အတွက် ရီးရဲလ် မက်ဒရစ် ကွင်းလယ်ကြယ်ပွင့် ဆီဘယ်လော့ကိုလည်း တစ်ရာသီ အငှားနဲ့ ခေါ်ယူ ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီက အမှား များခဲ့တဲ့ နောက်တန်းကို ပြင်ဆင်ဖို့ အတွက် နည်းပြ အူနိုင်း အမ်မရီ ဟာ ချဲလ်ဆီး အသင်းဝါရင့် နောက်ခံလူ ဒေးဗစ်လူးဝဇ် နဲ့ ဆဲလ်တစ် ဘယ်နောက်ခံလူ တီယာနေး တို့ကို ခေါ်ယူ ခဲ့သလို အသင်းရဲ့ အနာဂတ်အတွက်လည်း ဆာလီဘာ ၊ မာတီနယ်လီ တို့လို အလားအလာကောင်းတွေရှိတဲ့ လူငယ် ကစားသမားတွေကို ခေါ်ယူထားပါတယ် ။

အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပရိသတ်တွေ စိတ်ကြိုက် ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိတဲ့ အီဝိုဘီ၊ကော့စီရယ်နီ၊အော့စ်ပင်နာ၊ဂျက်ကင်ဆန်၊လက်ခ်ျစတိုင်နာ၊အယ်နီနီ တို့ကို ရောင်းထုတ်/အငှားချ နိုင်ခဲ့ပါတယ်။ဒါ့အပြင် အသင်းမှာ ၇ နှစ်ကြာ ပေးဆပ် ကစားခဲ့တဲ့ မွန်ရီရဲလ်ဟာလည်း သူ့ရဲ့ အနာဂတ်အတွက် စပိန် လာလီဂါကလပ် ဆိုစီဒက်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဥရောပ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာတော့ အာဆင်နယ် အသင်းဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ မီခီတာရန်းကို ရိုးမား အသင်းထံ အငှားချ ခဲ့ပါတယ်။မီခီတာရန်းဟာ အာဆင်နယ် အသင်းမှာ တစ်ပတ် လစာ ပေါင် ၂ သိန်း ရရှိနေပြီး ရိုးမား အသင်းထံ အငှားချလိုက်နိုင်တာကြောင့် လစာငွေ ၁၈၀၀၀၀ အထိ သက်သာ သွားခဲ့ရပါတယ်။

ဂန်းနားတို့ရဲ့ ကစားသမား အထွက်စာရင်းဟာ ထူးဆန်းစွာနဲ့ပဲ ၂၀၁၉ ခုနှစ် အာဆင်နယ် အသင်းရဲ့ တရားဝင် ပြက္ခဒိန်လတွေထဲက ကစားသမားတွေရဲ့ပုံတွေအလိုက် ဖြစ်ပေါ် ခဲ့တာလည်း ဖြစ်ပါတယ်။၂၀၁၉ ခုနှစ် အာဆင်နယ် အသင်းရဲ့ပြက္ခဒိန်ဟာ အသင်းက ထွက်ခွာမယ့် ကစားသမား စာရင်းကို ကြိုတင် ခန့်မှန်းထားတာလားဆိုတာ ထင်မှတ်ရလောက်အောင် တိုက်ဆိုင် ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွက် အာဆင်နယ် အသင်းရဲ့ပြက္ခဒိန်တွင် ဇွန်လမှာ ရမ်ဆေး ပုံ၊ဇူလိုင်လမှာ ကော့စီရယ်နီ ပုံ၊ ဩဂုတ်လမှာ အီဝိုဘီပုံ၊စက်တင်ဘာလမှာ မီခီတာရန်းပုံကို အသုံးပြု ခဲ့တာ ဖြစ်ပြီး အဆိုပါ ကစားသမားတွေဟာ အဲ့ဒီလတွေမှာပဲ အသင်းကနေ ထွက်ခွာ သွားခဲ့ကြတာကတော့ တကယ့်ကို ထူးထူးခြားခြားပါပဲ။

အောက်တိုဘာလပုံကတော့ လန်ဒန်ဒါဘီမှာ အမှားများခဲ့တဲ့ ကွင်းလယ်လူ ဂရန်းနစ် ရှာကာရဲ့ ပုံ ဖြစ်ပြီး ဆက်လက် တိုက်ဆိုင်ဦးမှာလားဆိုတာ ဆက်လက် စောင့်ကြည့် ရမှာပါ ။ ရှာကာ ဟာ အခု လက်တစ်လောမှာ ပရိသတ်တွေ၊ကစားသမားဟောင်းတွေရဲ့ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

SPORTS MYANMAR