ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ ရဲ့ ချန်ပီယံလိဂ် အုပ်စု မှာ နယ်သာလန် လိဂ် ချန်ပီယံ အေဂျက်ဇ် ၊ လာလီဂါ ကလပ် ဗလင်စီယာ ၊ ပြင်သစ် လီဂူးဝမ်း ကလပ် လိုင်လီ အသင်း နဲ့ အတူတူ အုပ်စု H မှာ ကျရောက်လို့ နေပါတယ် ။ ဒါဟာ ချယ်လ်ဆီး နဲ့ နည်းပြ ဖရန့် လမ်းပတ် တို့ အတွက် ခက်ခဲတယ် လို့လည်း မဆိုနိုင်သလို ၊ လွယ်ကူ နေတယ် လို့လည်း သတ်မှတ်လို့ မရတဲ့ အုပ်စု အနေအထား ဖြစ်ပါတယ် ။

သို့ပေမယ့် လည်း ချယ်လ်ဆီး အသင်း ဟာ အဝေးကွင်း ပွဲစဉ် တွေအတွက် အုပ်စုတွင်း ပြိုင်ဖက် တွေရဲ့ နိုင်ငံ တွေဆီ သွားရောက် ယှဉ်ပြိုင် ရာမှာ သိပ်ပြီး ဝေးလံခြင်း မရှိတာကြောင့် ခရီးပန်းဒဏ် တော့ အနည်းငယ် သက်သာ နိုင်ပါတယ် ။ လက်ရှိ အင်္ဂလန် ကလပ် တွေ ထဲမှာ ချန်ပီယံလိဂ် အဝေးကွင်း ခရီး အပန်းနိုင်ဆုံး ကတော့ မန်စီးတီး အသင်း ဖြစ်ပါတယ် ။

မန်စီးတီး ဟာ အုပ်စု တွင်းမှာ ချန်ပီယံလိဂ် အိမ်ဖြည့် အဆင့် လို့တောင် ပြောလို့ရတဲ့ ရှက်တာဒိုးနက်စ် ၊ ဒိုင်နမို ဇာဂရက် ၊ အတ္တလန်တာ အသင်း တွေနဲ့ တအုပ်စုတည်း ကျရောက် နေတယ် ဆိုပေမယ့် အဝေးကွင်း ယှဉ်ပြိုင် ရဖို့ အတွက် ဝေးလံ လွန်းတာကြောင့် ပြည်တွင်းလိဂ် ပွဲစဉ် တွေအတွက် ကစားသမား တွေ ခရီးပန်းဖို့ များနေပါတယ် ။

ချယ်လ်ဆီး အသင်း မှာတော့ ဒီ ပြဿနာ နည်းနိုင်တဲ့ အတွက်ကြောင့် ပြည်တွင်းလိဂ် ပွဲစဉ် တွေကို အေးအေးဆေးဆေး ကစားနိုင်မှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဟောင်း ဂျိုကိုးလ် ကလည်း ဒီ အချက်ကြောင့် လမ်းပတ် ဟာ လက်ရှိ ချန်ပီယံလိဂ် အုပ်စု မှာ ကစား ရတာ ကျေနပ်နိုင်မှာ ဖြစ်တယ် လို့ ထောက်ပြ သွားခဲ့ပါတယ် ။

ဂျိုကိုးလ် က ” အခု လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ အုပ်စု က ပြိုင်ဖက် အသင်း တွေရဲ့ အဆင့်အတန်း ကို ကြည့်ရင် ရင်ဆိုင်ရမှာ ခက်ခဲမှု ရှိပါတယ် ။ ဒါပေမယ့် ဖရန့် အနေနဲ့ ဒီ အုပ်စု ကို သဘောကျ နိုင်တဲ့ အချက် တချက် က အမ်စတာဒမ် နဲ့ လိုင်လီမြို့ တွေကို အဝေးကွင်း သွားကစားဖို့ က ခရီးသွားရတာ လွယ်ကူတယ် ဆိုတဲ့ အချက်ပါ ။ ခရီးရှည် သွားရမှာမျိုး မဟုတ်ပါဘူး ။ ”

” ဒါ့အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ အောင်မြင်ဖို့ ဆိုတာလည်း ဒီနှစ် ဘောလုံး ရာသီ အတွက် ချယ်လ်ဆီး အသင်းရဲ့ ပစ်မှတ် မဖြစ်နိုင်ပါဘူး ။ အရင်ဆုံး အုပ်စု တက်အောင် လုပ်မယ် ၊ ပြီးမှ ဘယ်လို တွေ ရှေ့ဆက်မလဲ ဆိုတာ စဉ်းစား ကြမယ့် သဘောပါ ။ ကျွန်တော် ကတော့ အခု အုပ်စု က ပြိုင်ဖက် အသင်း တွေကို အဝေးကွင်း ကစားရမယ့် အပေါ် ဖရန့် ဟာ သဘောကျကောင်း ကျနေနိုင်ပါတယ် ။ ”

” ခင်ဗျား တို့ဟာ ဒီလို တခြား တနိုင်ငံ ကို ၆နာရီ ၊ ၇နာရီ လောက် လေယာဉ်စီး သွားရမှာကို မလိုလား ကြပါဘူး ။ ဒီလို မသွားရတာနဲ့တင် ဖရန့် အဖို့ ကျေနပ် အားရစရာ ဖြစ်သင့်တဲ့ အချက် ထဲ ပါဝင်နေပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ စက်တင်ဘာ ၁၇ ရက် နေ့ညမှာ ဗလင်စီယာ နဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR