ဗာဂျယ်ဗန်ဒိုက်ဟာ မကြာသေးမီက ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နဲ့ တစ်နှစ်တာ အကောင်းဆုံး နောက်ခံလူဆု တွေကို သိမ်းပိုက် နိုင်ခဲ့ပေမယ့်လည်း CIES Football Observatory ရဲ့ လေ့လာတွေ့ရှိချက် အရ ကတော့ လီဗာပူး နောက်ခံလူဟာ ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူ ဖြစ်မနေ ပါဘူး။

ဗာဂျယ်ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဥရောပ ချန်ပီယံလိဂ် ဖလားကို ၆ ကြိမ်မြောက် ဆွတ်ခူး နိုင်ခဲ့တဲ့ လီဗာပူး အသင်းရဲ့ ဗဟိုခံစစ်မှာ အထူး ခြေစွမ်းပြ ကစားပေး ခဲ့တဲ့ အပြင် အန်ဖီး ကလပ်ကို ပရီးမီးယားလိဂ် မှာ ရမှတ် ၉၇ မှတ်ထိ ရယူ နိုင်အောင် ကူညီ ပေးခဲ့တဲ့ အပြင် လိဂ်ပြိုင်ပွဲရဲ့ ခံစစ် အကောင်းဆုံး အသင်း ဆိုတဲ့ မှတ်တမ်းပါ ရယူ ပေးခဲ့ပါတယ်။

ဒ့ါကြောင့် ဗန်ဒိုက်ဟာ မိုနာကိုမှ ပြုလုပ် ခဲ့တဲ့ ချန်ပီယံလိဂ် မဲခွဲပွဲမှာ လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနို ရော်နယ်ဒို တို့ကို ကျော်ကာ ဒီလို ဂုဏ်သိက္ခာ အရမ်း ကြီးမားတဲ့ ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း CIES Football Observatory ရဲ့ နောက်ဆုံး rankings ထုတ်ပြန်ချက် အရ အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ခြောက်လ အတွင်း ဥရောပရဲ့ ခြေစွမ်း အပြနိုင်ဆုံး ကစားသမားတော့ မဟုတ်ပါဘူး။

CIES ဟာ OptaPro က ထောက်ပံ့တဲ့ data အချက်အလက်တွေရဲ့ အကူအညီကို ယူကာ လုံလောက်တဲ့ ပွဲကစားခွင့် ရခဲ့တဲ့ ထိပ်တန်း ကစားသမားတွေရဲ့ တစ်ပွဲချင်း အလိုက် စွမ်းဆောင်ရည် ၊ တစ်ချင်းစီ အလိုက် ၊ အစုအဖွဲ့ အလိုက် စွမ်းဆောင်ရည် ၊ အသင်းအပေါ် အကျိုးပြုမှု တွေကို အခြေခံပြီး အမြင့်ဆုံး စံနှုန်း အဖြစ် ရမှတ် ၁၀၀ သတ်မှတ် ထားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ဆုရှင် ဗန်ဒိုက်ဟာ ရမှတ် ၉၀.၅ မှတ် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နယ်သာလန် ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ ၆ လအတွင်း ဥရောပရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား စာရင်းရဲ့ ထိပ်ဆုံး နေရာမှာတော့ မရပ်တည် နိုင်ခဲ့ဘဲ ဘိုင်ယန်မြူးနစ် နောက်ခံလူ နီကိုလပ်ဆူလာ ရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ ရပါတယ်။

ဆူလာဟာ CIES Football Observatory ရဲ့ ရမှတ် ၉၂.၁ မှတ် ကို ရယူ နိုင်ခဲ့ပြီး ဗန်ဒိုက်ကို ကျော်ကာ ဒီ rankings ရဲ့ ထိပ်ဆုံး နေရာမှာ ဦးဆောင် နေပြီး အင်္ဂလန်ရဲ့ ပြည်တွင်း ဖလား ၃ လုံး ချန်ပီယံ မန်ချက်စတာစီးတီး ရဲ့ နောက်ခံလူ အေမရစ် လာပေါ့ဒ် ကတော့ တတိယနေရာ မှာ ရှိနေပါတယ်။

ဂျာမနီ လက်ရွေးစင် နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်လီဂါ ဖလားကို ကာကွယ် နိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်း အတွက် ခြေစွမ်းပြ ခဲ့ကာ ပြိုင်ပွဲစုံ ပွဲပေါင်း ၄၂ ပွဲ ပါဝင် ကစား ပေးခဲ့ပါတယ်။ ဆူလာ နဲ့ ဗန်ဒိုက်တို့ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်မှာလည်း ထိပ်တိုက် တွေ့ဆုံ ခဲ့သေးပြီး လီဗာပူး အသင်းဟာ ဘိုင်ယန်ကို ရှုံးထွက် အဆင့်ကနေ လှည့်ပြန် စေခဲ့ပြီး ဗန်ဒိုက်ဟာ ဒုတိယအကျော့မှာ အသင်းအတွက် အရေးပါတဲ့ ဂိုးကို သွင်းယူ ပေးခဲ့ ပါသေးတယ်။

CIES Football Observatory ရဲ့ ပြီးခဲ့တဲ့ ၆လတာ စွမ်းဆောင်ရည် အရ ဆူလာဟာ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်နေ ပေမယ့်လည်း ဘိုင်ယန်နောက်ခံလူဟာ ယူအီးအက်ဖ်အေ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုအတွက် နောက်ဆုံး ၃ ဦးဆန်ကာတင် မှာလည်း မပါဝင် ခဲ့ဘဲ ဗန်ဒိုက်ရဲ့ အသင်းဖော် အလက်ဇန်းဒါးအာနိုး နဲ့ ယူဗင်တပ် စတား မက်သီးယပ်ဒီလစ် တို့ပဲ ပါဝင် ခဲ့ကြပါတယ်။

ဗန်ဒိုက်ရဲ့ အသင်းဖော် မာနေးဟာ အဆင့် ၁၁ နေရာမှာ ပါဝင် ခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်း ရဲ့ ကစားသမား ၄ ဦး ဖြစ်တဲ့ လာပေါ့ဒ် ၊ ဒေးဗစ်ဆေးလ်ဗား ၊ ဇင်ချန်ကို ၊ ဂွန်ဒိုဟန် တို့ ဖြစ်ကြပါတယ်။ ဘိုင်ယန်မြူးနစ် အသင်း ကလည်း မန်စီးတီး လိုပဲ Top 10 ထဲမှာ လေးဦး ပါဝင်ခဲ့ပြီး ဆူလာ ၊ သီယာဂို အယ်ကန်တာရာ ၊ ဂျိုရှုအာကင်မစ် နဲ့ လီဝန်ဒေါစကီး တို့ ဖြစ်ကြပါတယ်။ top 10 ကိုတော့ မန်စီးတီး ၊ ဘိုင်ယန်မြူးနစ် အသင်း တို့က ကစားသမားတွေ ကသာ လွှမ်းမိုး ထားခဲ့ပြီး လီယွန်နယ်မက်ဆီ နဲ့ ခရစ်စတီယာနို ရော်နယ်ဒို တို့ကတော့ Top 20 တောင် မ၀င် ခဲ့ပါဘူး။

ပြီးခဲ့တဲ့ မတ်လနောက်ပိုင်း CIES Football Observatory player rankings

11 (Tied). ဘက်​စ်​ကွက်​ (ဘာစီလိုနာ) – 87.6
11 (tied). မာ​နေး (လီ​ဗာပူး) – 87.6
10. လီဝန်​​ဒေါစကီး (ဘိုင်​ယန်) – 87.7
9. ဝမ်​ဒဲလ်​ (​လေ​ဗာကူဆင်​) – 87.9
8. ကင်​မစ်​ (ဘိုင်​ယန်) – 88.5
7. ဂွန်​ဒိုဟန်​ (မန်​စီးတီး) – 89.1
6. ဇင်​ချန်​ကို (မန်​စီးတီး) – 89.3
5. သီယာဂို (ဘိုင်​ယန်) – 89.4
4. ​ဒေး​ဗစ်​​ဆေးလ်​​ဗား (မန်​စီးတီး) – 89.6
3. လာ​ပေါ့ဒ်​ (မန်​စီးတီး) – 89.7
2. ​ဗာဂျယ်​ (လီ​ဗာပူး) – 90.1
1. ဆူလာ (ဘိုင်​ယန်) – 91.5

SM