ပရီးမီးယားလိဂ်ရာသီသစ် စတင်တာ ပွဲစဉ် လေး ပြီးဆုံးသွားပြီဖြစ်ပြီး ဂိုးအများဆုံး သွင်းယူထားခဲ့သူကတော့ မန်စီးတီး အသင်းရဲ့ အဓိက တိုက်စစ် မှူး အဂွေရိုပဲ ဖြစ်ပါတယ်။ ဒီအာဂျင်တီးနား သားဟာ ယမန်နှစ်ရာသီ က ဂိုးအများဆုံး ကစားသမား ဆုနဲ့ ကပ်လွဲ ခဲ့ရပေမယ့် အခုချိန် မှာတော့ ၄ပွဲကစား၆ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးအများဆုံး ကစားသမားဆု ( ရွှေဖိနပ် ဆု ) ကို ဆွတ်ခူထားခဲ့ သူကတော့ ဆာလတ်၊ မာနေး နဲ့ အူဘာမီယန်တို့ပဲဖြစ်ပါတယ်။ဒီ အာဖရိက တိုက်စစ် ကစားသမား ၃ ဦးဟာ သွင်းဂိုး၂၂ ဂိုးစီ နဲ့ ဒီဆုကို ပူးတွဲ ရရှိထားခဲ့ကြတာလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ ခံစစ် ကစားသမားဟောင်း တဦးဖြစ်တဲ့ မာတင်ကီယွန်ကတော့ အခုရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ် ဆုရှင်ဟာ ဆာလတ် ဖြစ်လာနိုင်တယ်လို့ ထောက်ခံစကားဆိုသွားခဲ့ပါတယ်။အသက် ၂၇ နှစ် အရွယ် ဒီ အီဂျစ် သားဟာ ၂၀၁၇ ခုနှစ်မှာ လီဗာပူးကိုရောက်လာခဲ့တာဖြစ်ပြီး အခုထိ လိဂ်ဂိုး ၅၇ ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

သူဟာ အန်ဖီးလ်မြေကို ရောက်စရာသီမှာပဲ လိဂ်ပွဲ ၃၆ ပွဲကစား ၃၂ ဂိုးအထိသွင်းယူနိုင်ခဲ့ လို့ ရွှေဖိနပ် ဆု ဆွတ်ခူးထားနိုင်ခဲ့ပြီး ၊ ယမန်နှစ်ရာသီတုန်းကလည်း ပူးတွဲရရှိထားတာဖြစ်ပါတယ်။သူဟာ အခုရာသီမှာလည်း လိဂ် ဂိုး၃ ဂိုးသွင်းယူထားခဲ့ပြီးပြီဖြစ်ပါတယ်။

Daily mail သတင်းစာရဲ့သူရေးသားနေကျ ကော်လံမှာ မာတင်ကီယွန်က -” အကယ်၍ သာ လီဗာပူးအသင်းက ပရီးမီးယားလိ ဂ် ချန်ပီယံဆုကို ဆွတ်ခူးခဲ့ရင် ရွှေဖိနပ် ဆုရှင် က ဆာလတ် ဖြစ်သွားပါလိမ့်မယ်။သူဟာ ဒီရာသီမှာမာနေးကို လည်း ကျော်ဖြတ်သွားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ဆာလတ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင် ဂိုးမိုးခေါင်တဲ့ အခိုက်အတန့် တခုကို ရုန်းကန် ကျော်ဖြတ်ထားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဒီနှစ်မှာတော့ သူ့ရဲ့ ကစားပုံကနေ ဂိုးတွေ အများကြီးရယူနိုင်မယ့် အရိပ်အယောင်တွေ ကျွန်တော်ပိုပြီးတွေ့နေရပါတယ် ” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Daily Mail ရဲ့ နောက်ထပ် ကလောင်ရှင် တဦးဖြစ်ပြီး ဘလက်ဘန်း၊ ဆဲလ်တစ်အသင်းတွေရဲ့တိုက်စစ်မှူးဟောင်း တဦးဖြစ်တဲ့ ခရစ်ဆပ်တွန်ကတော့ စပါးတိုက်စစ် မှူး ဟယ်ရီကိန်းဟာ ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာလိမ့်မယ် လို့ ယုံကြည်နေပါတယ်။

အသက် ၂၆ နှစ်အရွယ် ဒီအင်္ဂလန် တိုက်စစ်မှူးဟာ ရွှေဖိနပ်ဆုကို ၂၀၁၅-၁၆ နဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီတွေမှာဆွတ်ခူးထားခဲ့ဖူးတာလည်းဖြစ်ပါတယ်။ယမန်နှစ်ရာသီ မှာ ဒဏ်ရာတွေကြောင့် လိဂ်ပွဲ ၂၈ ပွဲသာကစားခဲ့ရပေမယ့် သွင်းဂိုး ၁၇ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

သူဟာ ဒီရာသီ မှာလည်း ဂိုးသွင်းခြေစွမ်း ရရှိနေဆဲဖြစ်ပြီး အဖွင့် လေးပွဲကစားအပြီး ၃ဂိုးသွင်းယူပေးထားပါတယ်။ဒါကြောင့်လည်း ခရစ်ဆပ်တွန်က –

” ကြံ့ခိုင်မှု သာအမြဲ ရှိနေရင် စပါး အသင်းတိုက်စစ်ကို ဟယ်ရီကိန်းက ပဲ အမြဲတမ်းဦးဆောင်နေမှာဖြစ်ပါတယ်။အဂွေရိုအနေနဲ့ အတားအဆီးတွေကို ကျော်လွန်ထားခဲ့ပေမယ့် အချို့ပွဲတွေမှာ အနားပေးခံရဖို့ ရှိနေတာဖြစ်ပါတယ်။ကိန်းကတော့ ပင်နယ်တီတွေကိုလည်းဟကန်သွင်းခွင့်ရနေတာဖြစ်ပါတယ်။အာဆင်နယ်နဲ့ ပွဲမှာ ကျွန်တော်တို့ မြင်တွေ့ထားခဲ့ရသလိုပေါ့ဗျာ ” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်၎ အပြီးဂိုးအများဆုံးသွင်းယူထားသူအချို့ –

အဂွေရို ( ၆ ဂိုး )

စတာလင် ( ၅ဂိုး )

ပက်ကီ ( ၅ဂိုး )

အက်ရှ်လေဘန်းစ် ( ၄ဂိုး )

အေဘရာဟမ် ( ၄ ဂိုး )

SPORT MYANMAR