လီဗာပူး ဂန္တ၀င် ဂျွန်ဘန်းက ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလား ကို ဆွတ်ခူးကာ အမှတ်ပေးဖလား နဲ့ ကာလရှည် ဝေးကွာ နေမှုကို အဆုံးသတ် နိုင်လိမ့်မယ်လို့ ထောက်ခံ သွားပါတယ်။ လီဗာပူးဟာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် နောက်ပိုင်း အမှတ်ပေးဖလား နဲ့ ဝေးကွာ နေခဲ့ကာ ဒုတိယ နေရာသာ အများဆုံး ရခဲ့ပါတယ်။

ကလော့ ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်စီးတီး နဲ့ ရာသီကုန်ထိ အကြိတ်အနယ် ယှဉ်ပြိုင် နိုင်ခဲ့ပေမယ့်လည်း ပက်ဂွာဒီယိုလာ ရဲ့ အသင်းထက် ရမှတ် ၁ မှတ် လျော့နည်းကာ ဒုတိယနေရာနဲ့ ကျေနပ် ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လီဗာပူးဟာ ဇွန်လ ၁ ရက်နေ့က မက်ဒရစ် မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာတော့ တစ်နိုင်ငံတည်း ပြိုင်ဘက် တော့တင်ဟမ်ကို ၂ – ၀ နဲ့ အနိုင်ယူကာ ဥရောပချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင် ခဲ့ပါတယ်။

ဘန်းကတော့ ယာဂန်ကလော့ဟာ လီဗာပူး အသင်းကို ပထမဦးဆုံး ပရီးမီးယားလိဂ် ဖလား ရယူ ပေးနိုင် လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

ဘန်း က “ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်းဟာ ရာသီကုန်ချိန်ထိ အကောင်းဆုံး ကစား နိုင်ခဲ့ပေမယ့်လည်း ကျွန်တော့် ရင်ထဲမှာ မန်ချက်စတာစီးတီး အသင်းကပဲ ပရီးမီးယားလိဂ် ဖလား ရသွား လိမ့်မယ်လို့ ခံစားချက် ဖြစ်ပေါ် ခဲ့ပါတယ်။

\

ဒီနှစ်မှာတော့ လီဗာပူး အသင်း အမှတ်ပေးဖလား ချန်ပီယံ ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ ယာဂန်ကလော့ ရဲ့ လက်အောက်မှာ ဆုဖလားတွေ ရထား ခဲ့ပြီး ဖြစ်တာကြောင့် ခုချိန်မှာ ကြံ့ခိုင်တဲ့ စိတ်ဓာတ် ၊ မောင်းနှင်အား ၊ ပြည့်ဝတဲ့ ယုံကြည်မှု တွေ ရှိနေပါတယ်။

ဒီအသင်းကို ကလော့ ရိုက်သွင်း ပေးခဲ့တာကတော့ ဘာအကြောင်းချက်မှ မပေးဖို့ပါ။ အသင်း တစ်သင်း အနေနဲ့ ကစားသမားတွေ ဒဏ်ရာ ရတာပဲ ဖြစ်ဖြစ် အသင်းကို နောက်ကျမှ ပြန်လာတာပဲ ဖြစ်ဖြစ် အကြောင်းပြချက် ပေးခဲ့မယ် ဆိုရင် သူတို့တွေ ရမှတ်တွေ ဆုံးရှုံး ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ရမှတ် ဆုံးရှုံးဖို့ ဆိုတာ အမြဲ ဖြစ်နိုင်လို့ပါ။

ကလော့ ကတော့ ဘာအကြောင်းပြချက်မှ ပေးမှာ မဟုတ်ပါဘူး။ သူဟာ ဒါကို သူ့ရဲ့ အသင်းကို သာမက ပရိတ်သတ်တွေထံ ရိုက်သွင်း ပေးခဲ့ ပါတယ်။ ကစားသမားတွေဟာ သူတို့ နေရာမှာပဲ ကစားနေရ ကစားနေရ ခြေစွမ်း မပြနိုင်တဲ့ အခါ အကြောင်းပြချက် ပေးလို့ မရဘူး ဆိုတာ သိကြပါတယ်။ ဒါဟာ လီဗာပူး အသင်းရဲ့ အားသာချက် ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

အန်ဖီးမှာ ၁၀ နှစ်ကြာ ကစား ပေးခဲ့တဲ့ ဘန်းဟာ ပြီးခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ ဆာဒီယိုမာနေး နဲ့ မိုဟာမက်ဆာလား တို့ကြားက အဖြစ်အပျက်ကလည်း ဘာမှ မဟုတ်ဘူးလို့ ပယ်ချ သွားပါတယ်။ မာနေးဟာ သူ့ရဲ့ တွဲဖက် တိုက်စစ်မှုး ဆာလားရဲ့ ဘောလုံး ပေးပို့ခြင်းကို မခံ ရတာကြောင့် ဒေါသထွက် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘန်း က “အရေးကြီးဆုံး အရာကတော့ ဒီအဖြစ်အပျက် ကနေ ဘာခံစားချက်မှ မယူဆောင် လာဖို့ပါ။ လီဗာပူး အသင်းမှာ ဒီလို ဖြစ်မှာ မဟုတ်ပါဘူး။ မာနေးဟာ လူသား တစ်ဦးပါ။ ကလော့ကလည်း ဒါမျိုး ဖြစ်တက်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စ ကနေပြီး ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်မှာတော့ မဟုတ်ပါဘူး။

ဘယ်သူမှ ဒီလိုမျိုး ဖြစ်ချင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်ဟာ အသင်းတွင်း မညီမညွှတ် ဖြစ်အောင် လုပ်တဲ့သူ မဖြစ်ချင်လို့ပါ။ ဒါပေမယ့် ဒီကိစ္စဟာ ပြသနာ ဖြစ်လာမှာ မဟုတ်ပါဘူး။” လို့ ဆိုသွားပါတယ်။

လီဗာပူးဟာ ဘန်လေကို အဝေးကွင်းမှာ ၃ – ၀ နဲ့ နိုင်ခဲ့တာကြောင့် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်းနဲ့ ချီတက်နေပြီး အမှတ်ပေးဇယားထိပ်မှာ ဦးဆောင် နေကာ ဒုတိယ နေရာက မန်စီးတီး ကို ၂ မှတ် ဖြတ်ထားပါတယ်။

SM