ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် မရရှိ နေတဲ့ အတွက် အရင်နှစ် တွေက ထက် ပိုပြီး ရုန်းကန် နေရတာကို မြင်တွေ့ ထားရပါတယ် ။ လက်ရှိ မှာ အဓိက တောင်ပံ ကစားသမား အီဒင် ဟာဇတ် ကို ရီးရဲလ် မက်ဒရစ် အသင်း ထံသို့ ရောင်းချ ခဲ့ရသလို လူငယ် တသိုက် နဲ့ ပရီးမီးယားလိဂ် ကို ထိုးဖောက် နေတဲ့ ချယ်လ်ဆီး တို့ ပိုပြီး အခက် ကြုံလို့ နေပါတယ် ။

နည်းပြ အပြောင်းအလဲ ဖြစ်ပေါ် ခဲ့တဲ့ ချယ်လ်ဆီး အသင်း ကို လက်ရှိ မှာ ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖရန့် လမ်းပတ် က ကိုင်တွယ် နေပြီး ပရီးမီးယားလိဂ် ၄ပွဲ ကစားထားရာမှာ တန်းတက် နောဝှစ်ခ်ျ အသင်း ကို ၂ – ၃ နဲ့ ကပ် အနိုင်ရတဲ့ တပွဲပဲ ရလဒ်ကောင်း ဖြစ်ခဲ့ပါတယ် ။ ထို့ အတွက်ကြောင့် လမ်းပတ် နဲ့ ချယ်လ်ဆီး တို့ ဒီနှစ် ဘောလုံး ရာသီ အကုန် ရပ်တည်မှုကောင်း တခု လိုချင်ရင်တော့ အခုထက် ပိုပြီး ကြိုးစား ရတော့မှာ ဖြစ်ပါတယ် ။

အဓိက ကစားသမား တချို့ နဲ့ လူငယ် ခြေတက် တချို့ ဒဏ်ရာ ကြောင့် ချယ်လ်ဆီး အတွက် မကစား ပေးနိုင်သေးတာက လမ်းပတ် အတွက် ထိုးနှက်ချက် ဖြစ်သလို ၊ ယခု အပတ် နိုင်ငံ လက်ရွေးစင် ပွဲစဉ် ကာလ မှာ ဒီ ကစားသမား တွေ ဒဏ်ရာ က အမှီ ပြန်လည် သက်သာလာဖို့ လိုအပ် နေပြီ ဖြစ်ပါတယ် ။ ထို့အပြင် ဆိုးရွားတဲ့ နောက်တန်း ကစားပုံ ၊ သက်လုံ ကျဆင်း လာတဲ့ ဒုတိယပိုင်း ကစားပုံ တို့ကို လမ်းပတ် အနေနဲ့ မဖြစ်မနေ ပြင်ဆင်ရမှာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ရော့စ် ဘာကလေ ကတော့ ပြီးခဲ့တဲ့ စနေနေ့ က ကစား သွားခဲ့တဲ့ ရှက်ဖီးလ် ယူနိုက်တက် နဲ့ သရေ ကျခဲ့တဲ့ ပွဲစဉ် အပြီး ၄င်းတို့ အားလုံး အဝတ်လဲခန်း ထဲမှာ ထိုပွဲ ကို ဘာကြောင့် အနိုင် မရခဲ့လဲ ဆိုတာ ဆွေးနွေး ခဲ့ကြသလို ၊ အခွင့်အရေး တွေလည်း လုံလုံလောက်လောက် မဖန်တီး နိုင်ခဲ့တာ က နောက်ထပ် သွင်းဂိုး တွေကို ရရှိဖို့ မဖြစ်နိုင် ခဲ့တာ လို့ ဆိုခဲ့ပါတယ် ။

ဘာကလေ က ” အဝတ်လဲခန်း ထဲမှာ အရည်အသွေး ကောင်းတွေ ပိုင်ဆိုင် ထားတဲ့ အသင်းသား တွေ အများကြီးပါပဲ ။ ကျွန်တော် တို့ အသင်း အတွက် ကစား ပေးနေတဲ့ ကစားသမား တွေဟာ အတော်လေး မယုံနိုင်စရာ ကောင်းလောက်အောင် ခြေစွမ်းတွေ ရှိနေပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲမှာ ကျွန်တော် တို့ဟာ ကိုယ့်နဲ့ ထိုက်တန် တဲ့ အဆင့်အတန်း ခြေစွမ်း တခုကို ရောက်ရှိအောင် မလုပ်ဆောင် နိုင်ခဲ့ပါဘူး ။ စွမ်းဆောင်ရည် မကောင်းခဲ့တဲ့ ပွဲစဉ်လို့ ပြောရမှာပါ ။ ”

” ခင်ဗျား အနေနဲ့ အခွင့်အရေး တွေကို ဖန်တီးပြီး ရလဒ်ကောင်း ရရှိဖို့ ကြိုးစား ရပါမယ် ။ ဒီနေ့ ပွဲမှာ ကျွန်တော် တို့ဟာ လုံလောက်တဲ့ အခွင့်အရေး တွေကို မဖန်တီး နိုင်ခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ အားလုံး သိကြပါတယ် ။ ပွဲပြီးပြီးချင်း ကျွန်တော် တို့ အားလုံး အဝတ်လဲခန်း ထဲမှာ ခေါင်းချင်ဆိုင် ဆွေးနွေး ခဲ့ကြပါတယ် ။ တမ်မီ ဟာ ဂိုး၂ဂိုး သွင်းနိုင် ခဲ့တယ် ဆိုပေမယ့် သူတယောက်တည်း ခြေစွမ်းပြမှု နဲ့ ကျွန်တော် တို့ အနိုင်မရနိုင်ပါဘူး ။ ”

” အခု အချိန် မှာ ဒီနေ့ ပွဲရဲ့ စွမ်းဆောင်မှုကြောင့် ကျွန်တော် တို့ရဲ့ အနာဂတ် အကြောင်း ခန့်မှန်း ပြောဆိုဖို့ ဆိုတာ ခင်ဗျား တို့ အတွက် လွယ်ကူ နိုင်ပါလိမ့်မယ် ။ ဒါပေမယ့် လီဗာပူး ကို ကျွန်တော် တို့ဟာ ၃ – ၀ နဲ့ အနိုင် ရခဲ့မယ် ဆိုရင် ခင်ဗျား တို့ရဲ့ တုန့်ပြန်မှု က ဘယ်လို ဖြစ်လာမှာလဲ ? ခင်ဗျား အနေနဲ့ အတိတ် က အကြောင်းအရာ တွေကို ကြည့်ပြီး အနာဂတ် မှာ ဘာဖြစ်လာနိုင်လဲ ဆိုတာကို နှိုင်းယှဉ် ပြလို့ မရပါဘူး ။ ဘာကြောင့်လဲ ဆိုတော့ အရာရာ ပြောင်းလဲ နေတတ်လို့ပါ ။ ”

” အခု လောလောဆယ် အနေအထား ဟာ ကျွန်တော် တို့ဟာ အသင်း တသင်းလုံး တဖြည်းဖြည်း တိုးတက်ဖို့ အရှိန် ယူနေရဆဲ ကာလ ဖြစ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည် က အခုထက် ပိုကောင်း လာပြီး ရာသီ အကုန်မှာ လူတွေရဲ့ အမြင် ကို အံ့အား သင့်အောင် လုပ်ဆောင် နိုင်စွမ်း ရှိနေပါသေးတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR