စတီဗင်ဂျာရတ်က မနေ့ညက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နောက်ကျ ပင်နယ်တီ မှာ ဒိုင်လူကြီးတွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ် ခဲ့တယ်လို့ ယုံကြည်နေပြီး အိုလီဂန်နာ ဆိုးရှား ရဲ့ အသင်းဟာ ဒီပင်နယ်တီ ကြောင့်ပဲ လီဂူးဝမ်း ချန်ပီယံ ပီအက်ဂျီ အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထုတ်ဖယ် နိုင်ခဲ့ ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့် ပထမအကျော့ အိမ်ကွင်းမှာ ၂ – ၀ နဲ့ ရှုံးနိမ့် ခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့တဲ့ ပထမဦးဆုံး အသင်း အဖြစ် မှတ်တမ်းဝင် သွား ခဲ့ပါတယ်။

ပီအက်ဂျီ ဟာ ပွဲချိန် ၈၃ မိနစ်မှာ နောက်တဆင့် ကို တက်ရောက် နိုင်ဖို့ အတွက် အကောင်းဆုံး အခွင့် အရေး ရရှိ ခဲ့ပေမယ့်လည်း ကီလီယန် အမ်ဘက်ပေ ရဲ့ ကန်သွင်းချက် ကို ဒေးဗစ်ဒီဂီယာ က ကာကွယ် ပေးနိုင် ခဲ့ပြီး အိုလီဂန်နာ ဆိုရှား ရဲ့ အသင်းကို ပြိုင်ပွဲအတွင်း ဆက်လက် ရှိနေ စေခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၉၄ မိနစ် မှာတော့ ဒီယေဂို ဒါးလုတ် ရဲ့ ကန်ချက် ပီအက်ဂျီ နောက်ခံလူ ကင်ပန်ဘီ ရဲ့ လက်မောင်းနဲ့ ထိကာ ကနဦး ထောင်ကန်ဘော ဖြစ်ခဲ့ ပေမယ့်လည်း ဗီဒီယို အကူဒိုင် ရဲ့ အချက်ပြမှုကို ကွင်းလယ်ဒိုင်က ဗီဒီယို ပြန်ကြည့်ကာ ယူနိုက်တက် ကို ပင်နယ်တီ ပေးခဲ့တာ ဖြစ်ပါတယ်။

မားကပ် ရပ်ဖို့ဒ်ဟာ ဒီပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲ ဖြစ်ခဲ့ပြီး ယူနိုက်တက် ကို အဝေးဂိုး ရလဒ်နဲ အတူ ကွာတား ဖိုင်နယ်ကို ပို့ဆောင် ပေးခဲ့ကာ နေမာ ကတော့ ဒီဆုံးဖြတ်ချက်ကို ကျက်သရေ မရှိဘူးလို့ အမည်တပ် ခဲ့တဲ့ အပြင် ဒိုင်လူကြီးတွေဟာ ဘောလုံး အကြောင်းကို နားမလည် တဲ့ သူတွေ အဖြစ် ပြစ်တင် ဝေဖန် ခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး ဂန္တ၀င် ကစားသမား ဖြစ်သူ စတီဗင် ဂျာရတ် က ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက် ကို ထောက်ခံ အားပေး သွားခဲ့ ပါတယ်။

ဂျာရတ် က “ကျွန်တော့် အမြင် ကတော့ VAR ဟာ အရာ တော်တော် များများကို မှန်ကန် တိကျ စေခဲ့ပြီး ဒါဟာ ဘောလုံး လောက အတွက် ကောင်းမွန်တဲ့ အ၇ာ ဖြစ်ပါတယ်။ ကိုယ်ဟာ မနေ့ညက ပီအက်ဂျီ လိုမျိုး ရှုံးနိမ့် ခဲ့တဲ့ ဘက်က ဆိုရင်တော့ ဒါဟာ သိပ်မကောင်းဘူးလို့ ပြောရ မှာပါ။

ဒါပေမယ့် မနေ့ညက ဒီကိစ္စ နဲ့ ပက်သက်ပြီး ဒိုင်လူကြီး တစ်ချို့ရဲ့ မှတ်ချက်တွေကို နားထောင် ရတာ စိတ်ဝင်စား စရာ ကောင်းခဲ့ ပါတယ်။ သူတို့ ပြောတာ ကတော့ ပင်နယ်တီ ဆုံးဖြတ်ချက် ဟာ မှန်ကန် ခဲ့ကာ ဒိုင်တွေ မှန်ကန် ခဲ့တယ်လို့ ပြောကြ ပါတယ်။ ပင်နယ်တီ ကို စစပေးချိန်မှာ ကျွန်တော် ကနဦး တွေးမိတာ ကတော့ ပီအက်ဂျီ နောက်ခံလူ အတွက် ဒါဟာ ပြင်းထန်ပြီး ပီအက်ဂျီ အပေါ် ပြင်းထန်တဲ့ ဆုံးဖြတ်ချက်လို့ တွေးမိ ခဲ့ပါသေးတယ်။

ဒါပေမယ့် စည်းမျဉ်း တွေကို ပြန်ကြည့် လိုက်တဲ့ အခါ မှာတော့ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဆိုတာ တွေ့ခဲ့ ရပါတယ်။ ဒါဟာ VAR က အရမ်းကို အရေးပါ နေတဲ့ အကြောင်းရင်း ပါပဲ။ ဘာလို့လဲ ဆိုတော့ ဒါသာ မရှိ ခဲ့ဘူး ဆိုရင် ဒီအဖြစ်အပျက်ကို လွဲချော်ကာ မန်ချက်စတာယူနိုက်တို့ ဒီပြိုင်ပွဲကနေ ထွက်ခွာ သွားရမှာ ဖြစ်ပါတယ်။ လီဗာပူး ရဲ့ အမြင်ဘက်က ကြည့်မယ် ဆိုရင်လည်း ဒါဟာ ကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါဟာ မမျှမတ ဖြစ်သွား နိုင်တဲ့ အခြေအနေ ပါပဲ။” လို့ ဆိုသွား ပါတယ်။

နေမာ ကတော့ ” ဂုဏ်သိက္ခာမရှိတဲ့ ဆုံးဖြတ်ချက်မျိုးပါပဲ။ ဘောလုံး အကြောင်း လုံးဝ နားမလည်တဲ့ လူလေးဦးဟာ တီဗီရှေ့မှာ ဒါကို အနှေးပြကွက် ကြည့်ပြီး ပေးခဲ့ပါတယ်။ သူ့ရဲ့ကျောဟာ ဟိုဘက်ကို လှည့်နေချိန်မှာ သူ့လက်က ဘာလုပ် နေရမှာလဲ?” ဆိုပြီး ပေါက်ကွဲ ခဲ့ပါတယ်။

SM