ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ က ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ တန်းတက် ရှက်ဖီးလ် ယူနိုက်တက် အသင်း ကို ပထမပိုင်း မှာ ၂ဂိုးပြတ် နဲ့ အနိုင် ကစား ခဲ့ပြီးမှ ဒုတိယပိုင်း မှာ ခံစစ် က အမှားများစွာ နဲ့ အတူ ချေပဂိုး ၂ဂိုး ကို လွယ်လွယ်ကူကူ ပြန်ပေးပြီး အဖိုးတန် ရမှတ် ၂မှတ် ထပ်မံ ဆုံးရှုံး ခဲ့ရပါတယ် ။

လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း ကို ယခုနှစ် ဘောလုံး ရာသီ မှ စတင် ကိုင်တွယ် နေတာဖြစ်ပြီး တိုက်စစ် ဆန်ဆန် ရသပေးတဲ့ ကစားဟန် ကို ဦးတည်နိုင်ဖို့ ကြိုးစား နေပါတယ် ။ အထူးသဖြင့် လူငယ် ကစားသမား တွေကို ပိုပြီး နေရာ ပေးလာသလို ၊ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ မြန်နှုန်းမြင့် ကစားကွက် ကို အသုံးပြု လာတာကြောင့် ပထမပိုင်း မှာ ရေကုန်ရေခမ်း ကစားပြီးတဲ့ အခါ ဒုတိယပိုင်း မှာ ခြေကျ လာခဲ့တာကို တွေ့ခဲ့ရပါတယ် ။

ရှက်ဖီးလ် ယူနိုက်တက် နဲ့ ပွဲမှာ ဆိုရင် လမ်းပတ် အနေနဲ့ ၂ဂိုးပြတ် အနိုင် အတွက် ဒုတိယပိုင်း မှာ တိုက်စစ် အားသန်တဲ့ ကစားသမား တွေကို အရန်ခုံ က ခံစစ် ကစားသမား တွေနဲ့ လူစားလဲပြီး အနိုင် ရလဒ် ကို ထိန်းနိုင်ဖို့ ကောင်းခဲ့ပါတယ် ။ သို့ပေမယ့် လည်း လမ်းပတ် ဟာ ခံစစ် ကစားသမား တွေကို မထည့်သွင်း ခဲ့တဲ့ အပြင် လူငယ် ကွင်းလယ်လူ တဦး ကိုပါ မိတ်ဆက် ပေးခဲ့ပါတယ် ။

ထို အချက် ကို ချယ်လ်ဆီး ပရိသတ် တချို့ က သဘောမကျ ကြသလို ၊ အခု ထိ မပြင်နိုင် သေးတဲ့ ခံစစ် ယိုယွင်းမှုကြီး အပေါ်လည်း စိတ်ပျက် လာကြပါတယ် ။ လူငယ် အကယ်ဒမီ ကစားသမား တွေကို နေရာ ပေးတတ်လို့ လမ်းပတ် ရဲ့ အရဲစွန့်မှု တွေကို သဘောကျ နှစ်သက် နေကြပေမယ့် ကြာလာရင် အနိုင်ယူရမယ့် ပွဲတွေ မနိုင်ခဲ့ရင် ပရိသတ် တွေရဲ့ ငြိုငြင်မှု ကို ခံလာ ရနိုင်ပါတယ် ။

Sky Sports ရဲ့ ဘောလုံးပွဲ သုံးသပ် ခန့်မှန်းသူ ပေါလ်မာဆင် က လမ်းပတ် ရဲ့ အရည်အချင်း ကို သဘောကျ မိပေမယ့် တခါတလေ မှာလည်း သူ့ အနေနဲ့ ကိုယ်ပိုင်ဟန် ကနေ ခွဲထွက်ပြီး မော်ရင်ဟို စတိုင်လ် ခံစစ် ကစားဟန် နဲ့ ရမှတ် တွေ စုဆောင်း သွားဖို့ လိုအပ်တယ် လို့ အကြံပြု ပြောဆို ခဲ့ပါတယ် ။

မာဆင် က ” တပွဲပြီး တပွဲ အနိုင် ရဖို့ ဆိုတာ အသင်း ရဲ့ အကောင်းဆုံး ကစားသမား တဦး ကို ဆုံးရှုံး ထားရတဲ့ အချိန် ပိုပြီး ခက်ခဲ လာပါတယ် ။ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တဦး ဖြစ်တဲ့ အီဒင် ဟာဇတ် ကို ဆုံးရှုံး လိုက်ရတာက လမ်းပတ် အတွက် နိုင်ပွဲ တွေကို လွယ်လွယ်ကူကူ ရှာဖွေ လို့ မရနိုင်တော့ပါဘူး ။ ဖရန့် အတွက် နိုင်ပွဲ ဆိုတာ အရမ်း ရုန်းကန် ရမယ့် အနေအထား မှာ ရှိနေပါတယ် ။ ”

” အခု လောလောဆယ် အချိန် မှာတော့ သူ့ အတွက် ပရိသတ် တွေ စိတ်ရှည် ပေးဖို့ လိုကို လိုနေပါတယ် ။ ဒါပေမယ့် ခင်ဗျား ဟာ ပွဲစဉ်တိုင်း ကို ပရိသတ် တွေအပေါ် ဖျော်ဖြေမှု ပေးနိုင်တဲ့ ကစားဟန် ကို အသုံးပြု နေစရာ မလိုပါဘူး ။ မော်ရင်ဟို လို လုပ်လိုက်ပါ … ဖရန့် ။ တခါတလေ ဒီ အလုပ်နဲ့ ပတ်သက်ပြီး ခင်ဗျား တခြား တမျိုး တွေးနေမိပါလိမ့်မယ် ။ ‘ အို … ငါဟာ ပရိသတ် တွေ အတွက် လှပတဲ့ ကစားပုံ နဲ့ မဖျော်ဖြေ ပေးနိုင်ဘူး ဆိုရင် သူတို့တွေ အတွက် စိတ်ပျက်စရာ ဖြစ်နိုင်တယ် ။ ‘ လို့ တွေးနိုင်ပါတယ် ။ ”

” ဒါပေမယ့် ပွဲပြီး ရလဒ် အရ ဆိုရင်တော့ ခင်ဗျား အနေနဲ့ ဒီလို ပုံစံ တွေ ချပြ နေစရာ မလိုပါဘူး ။ ခင်ဗျား အနေနဲ့ လုပ်စရာ ရှိတာကို ပြတ်ပြတ်သားသား လုပ်ရမှာပါ ။ အနိုင် ရဖို့ လိုတဲ့ ပွဲတွေ ဆိုရင် တွေဝေ မနေပဲ ၃မှတ် အပြည့် ယူလိုက်ပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ နိုင်ငံ လက်ရွေးစင် အသင်း ပွဲစဉ် တွေ ပြီးတာနဲ့ ကစားရခက်တဲ့ ဝုလ်ဗ် အသင်း နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR