မန်စီးတီး ဟာ အသင်းရဲ့ အားထားရတဲ့ ခံစစ်မှုး ဖြစ်တဲ့ လာပေါ်တေး ကို ကာလ အတန်ကြာ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

ပြင်သစ် လက်ရွေးစင် နောက်တန်း ကစားသမားဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ဘရိုတ်တန် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ၊ အစောပိုင်း သတင်းတွေ အရ အတော်ပြင်းထန်ဖွယ် ရှိနေတယ်လို့ ထွက်ပေါ်ခဲ့ပေမယ့် ၊ နောက်ပိုင်းမှာတော့ ဒူး အရွတ်စုတ်ပြတ်သွားတာမျိုး မဟုတ်တာကြောင့် ၊ ဒုတိယ ရာသီဝက်မှာ အသင်းအတွက် ပြန်လည် ကစားပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

သူဟာ မနေ့က ခွဲစိတ်ကုသမှုတွေ ပြုလုပ်ဖို့ ဘာစီလိုနာ ကို ရောက်ရှိလာခဲ့ပြီးနောက် ၊ ကလပ် အသင်းက ဒီညနေပိုင်းမှာ သူ့ရဲ့ ဒဏ်ရာကို အောင်အောင်မြင်မြင်နဲ့ ခွဲစိတ် လိုက်ပြီ ဖြစ်ကြောင်း အခုလို တရားဝင် ကြေငြာချက် ထုတ်ပြန်လာခဲ့ ပါတယ်။

“ဘရို်တ်တန် နဲ့ ပွဲမှာ ရရှိတဲ့ လာပေါ်တေး ရဲ့ ဒဏ်ရာကို ခွဲစိတ် ပြီးခဲ့ပါပြီ။

သူ့ရဲ့ ဒဏ်ရာကို ဒေါက်တာ ရာမွန်က ဘာစီလိုနာ မှာ အောင်အောင်မြင်မြင် နဲ့ လုပ်ဆောင်သွားခဲ့တာပါ။ ပြန်လည် သက်သာလာဖို့ လုပ်ငန်းစဉ်တွေကိုလဲ အစီအစဉ်လိုက် လိုက်နာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကလပ်အသင်းကလဲ လာပေါ်တေး အနေနဲ့ အလျှင်အမြန် သက်သာပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြသွားခဲ့ပါတယ်။

အစောပိုင်း သတင်းတွေမှာတော့ အနည်းဆုံး 8 လ လောက်အထိ အနားယူရဖွယ် ရှိနေတယ်လို့ ဆိုခဲ့ပေမယ့် ၊ မန်စီးတီး နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကတော့ ဇန်န၀ါရီ ကာလ ရောက်ရင် ထူးခြားမှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောဆိုသွားပါတယ်။

သို့သော် အခုလို ကာလရှည် အနားယူရမှာ ဖြစ်တာကြောင့် ၊ ကစားသမား အနေနဲ့ ပုံမှန်အတိုင်း ပြန်ကစားရဖို့ အချိန်တော်တော် ယူရဖွယ် ရှိနေပါတယ်။

မန်စီးတီးအတွက်တော့ ကံမကောင်းဘူးလို့ ဆိုရမှာပါ …………….

ပြီးခဲ့တဲ့ ဘောလုံးရာသီက အဓိက ကွင်းလယ် ကစားသမား ဒီဘရိုင်းကို ဆုံးရှုံးခဲ့ရသလို ၊ ဒီရာသီ မှာလဲ အားထားရတဲ့ ခံစစ်မှုး ဖြစ်တဲ့ လာပေါ်တေး ကို ကာလအတန်ကြာ ဆုံးရှုံးရဦးမှာ ဖြစ်ပါတယ်။

ဒီထက် ပိုဆိုးတာက အသင်းပြောင်းသွားခဲ့တဲ့ ကွန်ပနီ ရဲ့ နေရာကို အစားထိုးဖို့ ခံစစ်မှုးသစ် ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာ ဖြစ်ကာ ၊ နည်းပြ ပက်က ခေါ်ယူချင်ခဲ့သည့်တိုင်အောင် ၊ ကလပ် အသင်းကဘက် ငွေကြေး လုံလောက်မှု မရှိဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချ သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီး အနေနဲ့ လာမယ့် ကာလတွေ အတွင်း နောက်တန်း အားနည်းတဲ့ ပြသနာ ကို အာရုံစိုက် ဖြေရှင်းရဖွယ် ရှိနေပါတယ်။ အတွင်း သတင်းတွေ အရတော့ ပက်ဟာ ရာသီသစ် မစတင်မီ ကတည်းက ရိုဒရီ ရောက်ရှိလာခဲ့တာကြောင့် ၊ ဖာနန်ဒင်ဟို ကို ခံစစ်မှုး နေရာမှာ ပြောင်းလဲ ကစားဖို့ ကြိုတင် လေ့ကျင့်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဖာနန်ဒင်ဟို ဟာ လာမယ့် ပွဲစဉ်တွေမှာ အသင်းရဲ့ ခံစစ်ပိုင်း ကို တစ်ထောင့် တစ်နေရာကနေ ပါဝင်ကစားပေးလာဖွယ် ရှိနေပါတယ်။ သို့သော် လက်ရှိ မန်စီးတီး နောက်တန်း ကစားသမား အများစုဟာ အမြင့်ဘော ရှင်းလင်းမှုတွေမှာ အားနည်းသူတွေဖြစ်ပြီး ၊ ယခင် ကတည်းက အမြင်ဘော အတွက် လာပေါ်တေးကို အားကိုးနေရတဲ့ အချက်က အသင်းအတွက် အဓိက စဉ်းစားစရာ ဖြစ်လာဖွယ် ရှိနေပါတယ်။

ပက် ဂွာဒီယိုလာ အနေနဲ့ အဲဒီ အပိုင်းကိုတော့ တစ်ဦးချင်း ဆိုင်ရာ ချဉ်းကပ်ပြီး ဖြေရှင်းမလား ၊ ကစားကွက်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီး ဖြေရှင်းမလား ဆိုတာတော့ လာမယ့် ပွဲစဉ်တွေမှာ စောင့်ကြည့်သွားရမှာပါ……..

SM