ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ အမ်မရီချန်က သူ့ကို ယူဗင်တပ် အသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်း ကနေ အံ့အားသင့်ဖွယ် ချန်လှပ် ထားခဲ့တဲ့ အတွက် အတော် အံ့အားသင့်ပြီး ဒေါသထွက် နေတယ်လို့ ဆိုလိုက်ပါတယ်။ အမ်မရီချန်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရီးရဲယ်မက်ဒရစ် အသင်းကို ကိယက်မှာ ရှုံးနိမ့် ခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူး အသင်းအတွက် လူစားဝင် ကစား ခဲ့ရသူ ဖြစ်ပါတယ်။

အဆိုပါ နွေရာသီမှာ လီဗာပူး အသင်း ကနေ အလွတ် ထွက်ခွာ လာခဲ့ပြီးနောက် ချန်ဟာ အီတလီ ချန်ပီယံကို ပြောင်းရွေ့ လာခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ ယူဗင်တပ် ကစားသမား ဘ၀ ဒုတိယမြောက် ရာသီကို ဖြတ်သန်း နေပါတယ်။ ချန်ဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြ အယ်လီဂရီရဲ့ လက်အောက်မှာ ကလပ် အတွက် ၃၇ ပွဲ ပါဝင် ကစားပေး ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနွေရာသီမှာ အာရွန်ရမ်ဆေး ၊ အက်ဒရီယန် ရာဘီယော့ တို့ ရောက်ရှိ လာခဲ့ပြီးနောက် ဂျူဗင်တပ်မှာ ချန်ရဲ့ ပွဲကစားခွင့်ဟာ နည်းပါး သွားဖို့ များသွား ခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နာပိုလီကို ယူဗီ တို့ ၄ – ၃ နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ၀င်ရောက် ကစားခွင့် ရရှိ ခဲ့ပေမယ့်လည်း လာမည့် ၂ ပတ် အက်သလက်တီကို နဲ့ စတင် ကစား သွားရမယ့် ချန်ပီယံလိဂ် ရာသီ အဖွင့်ပွဲစဉ် ကိုတော့ ပါဝင် ကစားခွင့် ရတော့မှာ မဟုတ်ပါဘူး။

ဒ့ါအပြင် ချန်ဟာ သူ့ရဲ့ အသင်းဟောင်း လေဗာကူဆင် နဲ့ ပြန်လည် တွေ့ဆုံမယ့် ပွဲ ၊ လိုကိုမိုးတစ် မော်စကို နဲ့ ကစားရမယ့် အုပ်စုပွဲစဉ် တွေနဲ့လည်း လွဲချော် သွားမှာ ဖြစ်ပြီး ၎င်းနဲ့ အတူ မာရီယိုမန်ဇူးကစ် ကလည်း ချန်လှပ် ထားခြင်း ခံခဲ့ ရပါတယ်။

ချန်ဟာ လက်ရှိ အချိန်မှာ နယ်သာလန် ၊ မြောက်အိုင်ယာလန် တို့နဲ့ ကစား ရမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေ အတွက် ဟမ်းဘတ်မှာ ဂျာမနီ အသင်းနဲ့ အတူ လေ့ကျင့်လျက် ရှိနေပြီး ယူဗင်တပ် ကွင်းလယ်လူဟာ နည်းပြ မော်ရီဇီယို ဆာရီရဲ့ ဆုံးဖြတ်ချက် အပေါ် ဘယ်လောက် စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ထုတ်ဖော် သွားခဲ့ပါတယ်။

ယူဗင်တပ် ရဲ့ ချန်ပီယံလိဂ် လူစာရင်း ကနေ ချန်လှပ် ထားခြင်း ခံခဲ့ရမှု အပေါ် ချန်က “ကျွန်တော် အတော့် အံ့အားသင့် ခဲ့ပြီး ဒေါသလည်း ထွက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ကလပ် အသင်း ကျွန်တော့် အပေါ် ကတိပေး ခဲ့တာဟာ ဒီလိုမျိုး မဟုတ်ပါဘူး။ မနေ့က နည်းပြ မော်ရီဇီယို ဆာရီက ကျွန်တော့်ထံ ဖုန်းခေါ် ခဲ့ပြီး ချန်ပီယံလိဂ် လူစာရင်းမှာ ကျွန်တော် မပါကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော်တို့ စကား ပြောတာ တစ်မိနစ်တောင် မပြည့် ခဲ့ပါဘူး။ ကျွန်တော့်ကို ဘာအကြောင်းပြချက် မှလည်း မပေး ခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်ကို ဒေါသထွက် စေတဲ့ အပြင် အတော်ကို စိတ်ပျက် စေခဲ့ပါတယ်။

ကျွန်တော် နဲ့ ကျွန်တော့်ရဲ့ အကြံပေး ကိုယ်စားလှယ် တို့ဟာ အခြား ကလပ် တွေနဲ့ စကား ပြောခဲ့ ပါသေးတယ်။ ဒါပေမယ့် ယူဗင်တပ် နဲ့ စကား ပြောခဲ့ပြီးနောက် ကျွန်တော် ဒီမှာ ဆက်နေဖို့ပဲ ဆုံးဖြတ် ခဲ့ပါတယ်။ ကျွန်တော့် အတွက် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖို့ ကလည်း အကြောင်းရင်း တစ်ခု အနေနဲ့ ပါပါတယ်။

ဒီလိုဖြစ်မှန်သာ ကြိုသိ ခဲ့မယ် ဆိုရင် ကျွန်တော် ဒီမှာ ဆက်ရှိ နေမှာ မဟုတ်ပါဘူး။ အခု ကျွန်တော် ဒါကို နဂုံးချုပ်လိုက် ပါပြီ။ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာတော့ ကျွန်တော့် အနေနဲ့ ဒီကိစ္စကို ကလပ်နဲ့ကော ကျွန်တော့် အေးဂျင့်နဲ့ပါ ဆွေးနွေး သွားပါမယ်။” လို့ ဆိုလိုက်ပါတယ်။

အစောပိုင်းက ကလပ် အသင်းမှာ အနာဂတ် မရှိတော့ကြောင်း ပြောခံ ခဲ့ရတဲ့ ချန်ဟာ ပြီးခဲ့တဲ့ နွေရာသီက ယူဗင်တပ် အသင်း ကနေ ထွက်ခွာဖို့ အတွက် လှုပ်ရှား ခဲ့ပြီး ပဲရစ်စိန့်ဂျာမန်း အသင်းဟာ ရာဘီယော့ ရဲ့ နေရာမှာ ၎င်းနဲ့ ပြန်လည် အစားထိုးရန် ချိတ်ဆက် ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း အပြောင်းအရွေ့ ဈေးကွက် ပိတ်ပြီးချိန်မှာ ချန်ဟာ တူရင်မှာသာ ဆက်ရှိ နေခဲ့ပြီး အခုဆိုရင်တော့ ယူဗင်တပ်ရဲ့ ပြည်တွင်း ပြိုင်ပွဲတွေမှာ ၀င်ရောက် ကစားခွင့် ရဖို့ အတွက် တိုက်ပွဲ ၀င်ရတော့မှာ ဖြစ်တဲ့ အပြင် လာမည့် ဇန်န၀ါရီမှာ အသင်းပြောင်းရွေ့ဖို့ အတွက်လည်း ကြိုတင် စီစဉ် ထားရတော့မှာ ဖြစ်ပါတယ်။

SM