ပြီးခဲ့တဲ့ စနေ နေ့ မှာကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းနဲ့ တန်းတက် အိုဆာဆူနာ အသင်းတို့ ၂ ဂိုးစီ သရေ ကျခဲ့ပါတယ်။နည်းပြ ကြီး ဗယ်ဘာဒီ ရဲ့ နာမည်ကြီး ဘာစီလိုနာ အသင်းအတွက် တော့ ပွဲစဉ် ၃ အပြီးမှာ ပဲ ရှုံးပွဲ တပွဲ နဲ့ သရေ ပွဲ တပွဲ ကြုံတွေ့ လိုက်ရတာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အိမ်ရှင် အိုဆာဆူနာ အသင်းက ပွဲ အစ ၇မိနစ် မှာရရှိတဲ့ ရော်ဘတ်တို တောရက်စ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ လူစားဝင်ကစားသမားလေး ဖာတီရဲ့ သွင်းဂိုးနဲ့ ဘာစီလိုနာ အသင်းက ပြန်ချေပနိုင်ခဲ့တာ ဖြစ်ပါတယ်။

သိပ်မကြာ ခင်မှာပဲ အာသာရဲ့ သွင်းဂိုးနဲ့ ဘာစီလိုနာတို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၈၁ မိနစ် မှာ ရရှိခဲ့တဲ့ ပင်နယ်တီ ကနေ ရော်ဘတ်တို တော်ရက်စ်က ပြန်လည်ချေပသွားခဲ့လို့ ဘာစီလိုနာ တို့ ၂မှတ် လျော့သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း အမှတ်ပေးဇယား ထိပ်ဆုံးက အေတီကို အသင်းနဲ့ ၅မှတ်ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

အိုဆာဆူနာ အသင်းနဲ့ ပွဲစဉ်မှာ ဘာစီလိုနာ အတွက် ပထမသွင်းဂိုး သွင်းယူပေးခဲ့တဲ့ ဖာတီ ဟာ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်ကစားသမား တဦးဖြစ်ပြီး ၊ လာလီဂါ သမိုင်းမှာ ဂိုးသွင်းယူနိုင်တဲ့ တတိယမြောက် အသက် အငယ်ဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ လတ်တလောမှာ ဒဏ်ရာပြသနာတွေကြောင့် ကစားသမား အစုံအလင် အသုံးပြုနိုင်ခြင်း မရှိသေးလို့ ဖာတီတို့ လို လူငယ်အချို့ ကို ပါ ခေါ်ယူထားခဲ့ရတာဖြစ်ပြီး ဒီဂီနီ သားလေးကို ဘက်တစ်နဲ့ ပွဲစဉ် မှာ ပထမဆုံး အဖြစ် အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။

အသက်ငယ်ငယ်ရွယ်ရွယ်မှာနာမည်ကြီး စီနီယာတွေကြားရောက်လာတဲ့ ဖာတီကို ရှိန်မနေအောင် ဘယ်လုပ်ဆောင်ပေးခဲ့တယ်ဆိုတာကို တိုက်စစ်မှူး ဆွာရက်ဇ် က ပြောပြသွားခဲ့ပါတယ်။Fox Sports Radio နဲ့အင်တာဗျူးမှာ ဆွာရက်ဇ်က-

” ဘက်တစ် နဲ့ ပွဲ မကစားမီမှာ လေ့ကျင့်ရေးကွင်းကို သူရောက်လာခဲ့တာဖြစ်ပြီး ကျွန်တော်တို့ အားလုံး သူ့ကို သတိပြု မိခဲ့ကြပါတယ်။သူ့ရဲ့ အသက်အရွယ် ကို သိလိုက်ရချိန် မှာတော့ အတော်လေးကို အံ့အားသင့်သွား ခဲ့ကြပါတယ်။

သူ သာအဝတ်လဲခန်း အတွင်းကို ဝင်ရောက် လာခဲ့ရင်အတွေ့အကြုံ ရင့်တဲ့ ကစားသမား တွေအနေနဲ့ အကူအညီပေးဖို့ လိုတယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်။သူ့ရဲ့ ကစားနေကျ ပုံစံအတိုင်း အပြောင်း အလဲလုပ်စရာ မလိုပဲ ကစားခွင့် ပေးဖို့ လိုပါတယ်။

လောကရဲ့ နိယာမ သဘောတရား အနေနဲ့ ကတော့ သူက ကျွန်တော်တို့ ကို အထူးစပယ်ရှယ် အနေအထားမျိုးနဲ့ ရှုမြင်ကောင်း ရှုမြင်နိုင်ပါတယ်။ဒါပေမယ့် လည်း သူသက်တောင့် သက်သာရှိနေဖို့ အတွက် ကျွန်တော်တို့က ကြိုးစားပြီးဟာသ စကားတွေပြောဆိုပေးခဲ့ကြပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာမှာ MSN တိုက်စစ်အဖြစ်ဆွာရက်ဇ် ၊ မက်ဆီတို့နဲ့အတူ ကျော်ကြားခဲ့တဲ့ နေမာဟာ အခုနွေမှာ ပြန်လာဖို့ အတော်လေး အသံတွေကျယ်လောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဥရောပရဲ့အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းသွားပြီးဖြစ်လို့ လည်း ပြန်လည်ဆုံဆည်းနိုင်ထားခြင်းမရှိခဲ့သေးတာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွာရက်ဇ်က – ” အသင်းကနေ သူထွက်ခွာဖို့ ဆုံးဖြတ်တုန်းက ဆိုရင် ကျွန်တော်တို့ အချိန်အတော်ကြာ ဆွေးနွေးဖြစ်ခဲ့ကြပါတတယ်။သူ့အတွက် ဘာစီလိုနာ အသင်းထက် ပိုကောင်းတဲ့ နေရာရှိလိမ့်မှာ မဟုတ် ဘူးဆိုတာကို လည်းကျွန်တော်တို့သူ့ကိုပြောပြခဲ့ကြပါတယ်။

ဒါပေမယ့် ဒါဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ ဒါကို လုပ်ဖို့ လည်း သူကရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။အခုချိန် မှာတော့ သူဟာ ဒီ အသင်းကို ပြန်လာနိုင်ဖို့ လုပ်လို့ရတွေအကုန်လုံးကို လုပ်ဆောင်ထားခဲ့ပြီ လည်းဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။