ဂျရတ် ရဲ့ ညီဝမ်းကွဲ ဘော်ဘီ ဒွန်ကမ် ရဲ့ အပြောင်းအရွှေ့ဟာ လီဗာပူး အသိုင်းအ၀ိုင်းကြားမှာ တော်တော်လေးကို ပြောစရာ ဖြစ်သွားခဲ့ပါတယ်။

အင်္ဂလန်ရဲ့ အထွန်းတောက်ဆုံး လူငယ် တိုက်စစ်မှုး တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ အပြင် ၊ ဂျရတ် ရဲ့ ပုံရိပ်ကြောင့်ပါ သူ့အပေါ်ကို လီဗာပူး ပရိသတ်တွေက အများကြီး မျှော်လင့်ထားခဲ့ကြတာပါ။ သို့သော် ကာယကံရှင် ကစားသမား ကိုယ်တိုင် ကတော့ စီနီယာ ပွဲထွက် ကစားခွင့် လိုချင်တယ် ဆိုတဲ့ အကြောင်းပြချက် နဲ့ အတူ ဖီအိုရင်တီးနား အသင်းဆီ ပြောင်းရွှေ့ သွားခဲ့ပါတယ်။

လီဗာပူး ဟာ သူ့ရဲ့ အပြောင်းအရွှေ့ ကနေ ယူရို 2 သန်း + နောက်ထပ် ပြန်လည် ရောင်းချမှု ရဲ့ 20% ရရှိခဲ့ပါတယ်။

စိတ်ဝင်စားဖို့ ကောင်းတာက ဖီအိုရင်တီးနား အသင်းဆီ ပြောင်းရွှေ့ သွားတဲ့ ဒွန်ကမ်ဟာ စီနီယာ ပွဲထွက် ကစားခွင့်အတွက် အဓိက ဖြစ်တယ်လို့ လီဗာပူး ပရိသတ်တွေ နားလည်ထားခဲ့ကြပေမယ့် ၊ တကမ်တမ်းမှာတော့ စီးရီးအေ ကလပ်ဟာ ဒွန်ကမ်ကို ပထမ အသင်းကြီး ကစားသမား စာရင်းမှာတောင် ထည့်သွင်းသွားခြင်း မရှိခဲ့ပါဘူး။

အဲဒီ အတွက် လီဗာပူး ပရိသတ်တွေလဲ တော်တော်လေး အံ့အားသင့်သွားကြသလို ၊ ကစားသမား အပေါ် လှောင်ပြောင်မှုတွေလဲ ရှိခဲ့ပါတယ်။

တကယ်တော့ ဒွန်ကမ်ဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ် ကစားသမား တစ်ယောက်ဆိုတာ အင်္ဂလန် တစ်နိုင်ငံလုံးက တစ်ညီတညွတ်ထဲ သတ်မှတ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အင်္ဂလန် အတွက် သက်တမ်းအလိုက် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ အားလုံးမှာ ဟတ်ထရစ် ကို အမြဲတမ်း ရယူပေးနိုင်ခဲ့တဲ့ ထူးခြားတဲ့ တိုက်စစ်မှုးလေး ဖြစ်ပါတယ်။

ငယ်စဉ်က ၀ီဂန် အသင်းမှာ ကစားခဲ့ပြီး ၊ အသက် 10 နှစ် အရွယ် ရောက်မှာတော့ မန်စီးတီး က သူ့ကို ၀န်ဆောင်မှု အပြည့်ပေးကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အီတီဟတ် စင်တာ ကို လေ့ကျင့်ခန်းတွေ လာရောက် လုပ်ဆောင်ဖို့ အတွက် ဖာရာရီ ကား နဲ့ အမြဲတမ်း အကြိုအပို့ လုပ်ပေးခံရတဲ့ ကစားသမားလေး ဖြစ်တဲ့ အပြင် ၊ တစ်နှစ် အတွက် အသုံးစာရိတ် ကို ပေါင် 12000 အထိ ထုတ်ပေးခံခဲ့ရသူလဲ ဖြစ်ပါတယ်။

သို့သော် အဲဒီလို အထောက်အပံ့တွေ နဲ့ ကစားခဲ့ရသည့်တိုင်အောင် ဒွန်ကမ်ဟာ လီဗာပူး ဒေသဖွားလေး ဖြစ်တာကြောင့် ၊ လီဗာပူး အတွက် ကစားပေးချင်တဲ့ ဆန္ဒတွေကို လုံးဝ စွန့်လွှတ်ခဲ့ခြင်း မရှိပါဘူး။

အထူးသဖြင့် မန်စီးတီးမှာ လူငယ် ကစားသမားတွေ အတွက် ပွဲထွက် ကစားခွင့်ရဖို့ က စိန်ခေါ်မှု တစ်ရပ်ဖြစ်နေတာကြောင့် ၊ လီဗာပူး အတွက် ကစားချင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို အခွင့်အရေးရတာနဲ့ အကောင်အထည်ဖော်ဖို့ အေးဂျင့် ဖြစ်သူက အသိပေးထားခဲ့သူပါ။

နောက်ဆုံးမှာတော့ မန်စီးတီး ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ လီဗာပူး ထံ ပေါင် 2 သိန်း နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ အသင်းကို ရောက်ရောက်ချင်းမှာပဲ

“ ဒီနေ့လို ဖြစ်လာဖို့ စောင့်ဆိုင်းခဲ့ရတဲ့ အချိန်တွေက အရမ်းကို ကြာလွန်းခဲ့တယ်ဗျာ။ ကျနော်ဟာ ငယ်ငယ်လေး ကတည်းက ဒီကလပ်ကို အားပေးရင်း ကြီးပြင်းလာခဲ့သူပါ ။ အခုတော့ အိမ်မက်တွေ တကယ်ဖြစ်ခွင့် ရပါပြီ” ဆိုပြီး ပြောဆိုလာခဲ့ပါတယ်။

လက်တွေ့မှာလဲ သူဟာ လီဗာပူး ယူ 18 အသင်းရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်လာခဲ့သလို ၊ အသင်းဟောင်း မန်စီးတီး ကို FA Cup ဗိုလ်လုပွဲမှာ နောက်ကောက်ချ ပြခဲ့တာကလဲ သူ့ရဲ့ စွမ်းဆောင်ရည်တွေက အဓိက ကျလာခဲ့ပါတယ်။

တစ်နှစ် အကြာမှာတော့ သူ့ရဲ့ အနေအထားတွေ ၊ ပတ်ဝန်းကျင် အယူအဆတွေ က အပြောင်းအလဲ ဖြစ်လာခဲ့ပါပြီ။ မိဘ ဖြစ်သူတွေ က ဒွန်ကမ်ကို အလျှင်အမြန် အောင်မြင်ချင်သလို ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ ချမ်းသာတဲ့ ဘောလုံး သမား ဖြစ်စေချင်တာက အခုလို အကွဲအပြဲတွေ ရဲ့ အခြေခံ အစလို့ ဆိုရမှာပါ။

မန်စီးတီး ကနေ ပြောင်းရွှေ့လာတဲ့ အထိ ဒွန်ကမ် ရဲ့ အေးဂျင့် အဖြစ် ရော့ဘ် ဆီဂယ် က တာဝန်ယူခဲ့တာ ဖြစ်ပြီး ၊ အဲဒီ နောက်ပိုင်းမှာတော့ ကစားသမားရဲ့ မိဘတွေ ဖြစ်ချင်တဲ့ အတိုင်း ဆီဂယ်က အာရုံစူးစိုက်မှု အပြည့်နဲ့ အကောင်အထည် ဖော်ပေးနိုင်စွမ်း မရှိတာကြောင့် လက်ရှိ အေးဂျင့် ရူဘီ နဲ့ လွှဲပြောင်း လက်တွဲခဲ့ပါတယ်။

ဆီဂယ်ဟာ ဘောလုံးသမားပေါင်း 250 ကျော် တာဝန်ယူထားတာကြောင့်လဲ ၊ ဒွန်ကမ့် အတွက် အချိန်ကို လုံလုံလောက်လောက် မပေးနိုင်တာက အခုလို အပြောင်းအလဲ ဖြစ်ဖို့ ဦးတည်သွားခဲ့တာပါ။

ရူဘီ အေးဂျင့် ဖြစ်လာချိန်မှာတော့ ဒွန်ကမ် ကို စီနီယာ ပွဲထွက် ကစားခွင့် ရမယ့် အသင်းတစ်သင်းထံ ပြောင်းခွင့်ရဖို့ ကြိုးစား အားထုတ်လာခဲ့ပါတယ်။

ကစားသမား နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်ကလဲ လီဗာပူးမှာ မာနေး ၊ ဖာမင်နို ၊ ဆာလတ် ၊ အိုရီဂီ ၊ ဘရူစတာ တို့ကို ကျော်ဖြတ်ကာ ပွဲထွက် ကစားခွင့် ရဖို့ အတွက် မလွယ်ကူနိုင်ဘူးလို့ တစ်ထစ်ချ မှတ်ယူခဲ့သလို ၊ ကလော့ပ်က ဒေသခံ ကစားသမား အာနိုးကို မြေတောင် မြှောက်ပေးထားတဲ့ ဥပမာကောင်း ရှိတာတောင် ၊ အတွေးအခေါ်တွေက လုံးဝ မတူခဲ့ပါဘူး။

အဲဒီလို အကြောင်းကြောင်းတွေကြောင့်ပဲ ဒွန်ကမ် နဲ့ လီဗာပူး တို့အကြားက ပြသနာတွေဟာ သတင်းစာမျက်နှာတွေ အထိ ပျံ့နှံ့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖီအိုရင်တီးနား အသင်းဆီ ပြောင်းရွှေ့ခဲ့သည့်တိုင်အောင် စီနီယာ ကစားသမား စာရင်းမှာ ထည့်သွင်းခံထားရခြင်း မရှိတဲ့ ဒွန်ကမ်အတွက်တော့ ထောက်ပြစရာ တစ်ခုက ပေါ်ပေါက်လာနေခဲ့ ပါပြီ။

သူ အားကျနေတဲ့ ဒေါ့မွန်က ဆန်ချို လို အသင်းပြောင်းပြီး ခြေစွမ်းပြ နိုင်မလား…….လီဗာပူး ကို ထွက်ခွာသွားတဲ့ လုပ်ရပ်က မှားယွင်းတာလား ဆိုတာတော့ အချိန်ကာလ တစ်ခု သက်သေပြသွားမှာပါ။

လူတိုင်းဟာ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကို ရပ်တည်စမြဲမို့ အကောင်းဆုံးတွေ ဖြစ်ပါစေလို့ ဆန္ဒပြုရင်း……………………….