အာဆင်နယ် အသင်းရဲ့ ဂန္တဝင် နည်းပြဟောင်း အာဆင်ဝင်းဂါး က ယနေ့ခေတ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြု နေပြီ ဖြစ်တဲ့ VAR နည်းပညာ အကူအညီ ရယူကာ ရလဒ် ပြောင်းပစ် ချင်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲ အကြောင်းကို ရင်ဖွင့် ပြောကြား သွားခဲ့ပါတယ် ။

အဲ့ဒီပွဲကတော့ ၂၀၀၆ ခုနှစ် ၊ ပြင်သစ် နိုင်ငံ ပဲရစ်မြို့မှာ ကစားခဲ့တဲ့ အာဆင်နယ် အသင်း နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲပဲ ဖြစ်ပါတယ်။ အဆိုပါ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ် အသင်းဟာ ဘာစီလိုနာ အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့် သွားခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူး နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော် သွားခဲ့ရပါတယ်။

၂၀၀၆ ခုနှစ်၊ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အာဆင်နယ် အသင်း ဂိုးသမား ယန်းလေမန်းဟာ ပထမပိုင်းမှာ ကတည်းက တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ် ခံခဲ့ရပေမယ့် ဂန်းနားတို့ဟာ နောက်ခံလူ ဆိုးကမ်းဘဲလ် ရဲ့ ခေါင်းတိုက် သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ဘာစီလိုနာ အသင်းအတွက် တိုက်စစ်မှူး ဆမ်မြူရယ် အီတူး က ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပြီး လူစားဝင် နောက်ခံလူ ဘယ်လက်တီ က အနိုင်ဂိုး သွင်းယူ သွားတာကြောင့် အာဆင်နယ် အသင်းအနေနဲ့ ချန်ပီယံလိဂ် ချန်ပီယံဆုကြီးနဲ့ ဝေးကွာ သွားခဲ့ရပါတယ် ။

အာဆင်နယ် အသင်းကို ၂၂ နှစ်ကျော်ကြာ နည်းပြခဲ့တဲ့ နည်းပြကြီး အာဆင်ဝင်းဂါး က အဲ့ခေတ်တုန်းက VAR နည်းပညာ အကူအညီ ရှိနေခဲ့ရင် ဘာစီလိုနာ အသင်းကို ရှုံးနိမ့်မှာ မဟုတ်ကြောင်း ဆိုလိုက်ပြီး အာဆင်နယ် အသင်းရဲ့ သမိုင်းကြောင်းဟာလည်း ပြောင်းလဲ သွားနိုင်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အာဆင်း ဟာ အီတူး သွင်းယူခဲ့တဲ့ ဘာစီလိုနာ အသင်းရဲ့ ချေပဂိုးဟာ လူကျွံနေခဲ့ကြောင်းကို အရင်က အင်တာဗျူးတွေမှာလည်း အကြိမ်ကြိမ် ဖြေကြားခဲ့ဖူးပြီး ယခုအခါ ဘီအင်စပေါ့ နဲ့ အင်တာဗျူးမှာလည်း ထပ်မံ ပြောကြား လိုက်ပါတယ် ။

” VAR အသုံးပြု စေချင်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲ အကြောင်း ပြောပါဆို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပါပဲ ။ ဘာကြောင့်လဲဆိုတော့ သူတို့ သွင်းယူခဲ့တဲ့ ချေပဂိုးက လူကျွံ နေတာကြောင့်ပါ ။ အဲ့ဒီ ဂိုးကြောင့်ပဲ အာဆင်နယ် အသင်းရဲ့ သမိုင်းကြောင်းက အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားခဲ့ရပါတယ် ။ ” လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ၂၀၀၆ ခုနှစ် နောက်ပိုင်းကတည်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်း မရှိတော့ဘဲ အမြင့်ဆုံး အောင်မြင်မှု အနေနဲ့ ၂၀၀၈ ခုနှစ်တုန်းက ဆီမီး ဖိုင်နယ် အဆင့် အထိသာ တက်လှမ်း နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ၁၉၉၄ ခုနှစ်တုန်းက Cup Winners Cup ဗိုလ်လုပွဲမှာ စီရီးအေ ကလပ် ပါးမား အသင်းကို အနိုင်ရပြီး နောက်ပိုင်း ဥရောပ ဆုဖလား အောင်မြင်မှုတွေ နဲ့ ကွာဝေး နေတာလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပေမယ့်လည်းချဲလ်ဆီး အသင်းကို ရှုံးနိမ့်ကာ ဥ​ရောပ ဆုဖလား အောင်မြင်မှုနဲ့ ထပ်မံ အလှမ်း ဝေးသွားခဲ့ပါတယ်။

SPORTS MYANMAR